တနသာင်္ရီတိုင်း၊ မြိတ်မြို့ အခြေစိုက် သတင်းထောက်နှစ်ဦး ဖြစ်သည့် ကိုဇော်ဇော်နှင့် ကိုအောင်ကျော်တို့ နှစ်ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် မြိုတ် အကျဉ်းထောင်ထဲရှိ သီးသန့် တရားရုံးတခုက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ဖမ်းဆီး တရားစွဲဆိုခြင်းကို ခံထားရသည့် မြိတ်အခြေစိုက် မဇ္ဈိမ အလွတ်တန်း သတင်းထောက် ကိုဇော် ဇော်နှင့် DVB သတင်းထောက် ကိုအောင်ကျော်တို့ကို ယနေ့ ဇွန်လ ၂ ရက်နေ့ ညနေပိုင်းတွင် အထက်ပါအတိုင်း အမိန့် ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကိုအောင်ကျော်၏ ဇနီးဖြစ်သူ မနေခြည်က “ကျမ အမျိုးသားနဲ့ ကိုဇော်ဇော်တို့ နှစ်ယောက်စလုံးကို ထောင်ဒဏ် ၂ နှစ်စီ ချလိုက်ပါတယ်။ ပုဒ်မ ၅၀၅ (က)နဲ့ပါ။ ကိုအောင်ကျော်က အယူခံ မဝင်တော့ဘူးလို့ ပြောပါတယ်”ဟု ပြောသည်။
အယူခံမဝင်ရခြင်းမှာ စစ်ကောင်စီက သတင်းသမားများကို အဓမ္မဖမ်းဆီး ထောင်ချခြင်းသည် တရား ဥပဒေ စိုးမိုးမှု မရှိ ကြောင်း၊ တရားဥပဒေ စိုးမိုးမှု မရှိသဖြင့် တရားဥပဒေကို မယုံကြည်သောကြောင့် အယူခံ မဝင်တော့ရန် ကိုအောင်ကျော် က ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း မနေခြည်က ပြောပြသည်။
ကိုဇော်ဇော်၏ ဇနီးဖြစ်သူကလည်း ကိုဇော်ဇော်ကို ထောင်ဒဏ် ၂ နှစ် အပြစ်ပေးလိုက်ကြောင်း၊ ကျန်းမာရေး ကောင်းမွန် သည်ဟု ကြားသိရကြောင်း ဆိုသည်။
“စိတ်မပူနဲ့ ကျန်းမာရေး ကောင်းတယ်လို့ မှာတယ်။ ထောင်ဝင်စာတွေ့ ရင် သူ့ကလေး ဓါတ်ပုံလေး ယူလာပေးဖို့ ပြော တယ်။ အယူခံ ဝင်လား၊ မဝင်လားတော့ မပြောလိုက်ရဘူး”ဟု ကိုဇော်ဇော်၏ ဇနီးဖြစ်သူက ပြောသည်။
မြိတ်အခြေစိုက် သတင်းထောက်များ ဖြစ်သည့် ၎င်းတို့ ၂ ဦး အနက် DVB သတင်းထောက် ကိုအောင်ကျော်မှာ မတ်လ ၁ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး မဇ္စျိမ အလွတ်တန်း သတင်းထောက် ကိုဇော်ဇော်မှာ ဧပြီလ ၇ ရက်နေ့တွင် အဖမ်းခံခဲ့ရသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ ည ၁၀ နာရီခွဲခန့် အချိန်တွင် DVB သတင်းထောက် ကိုအောင်ကျော်၏ နေအိမ်သို့ စစ် ကောင်စီ လက်နက်ကိုင်တပ်များ ရောက်ရှိလာပြီး အိမ်ထဲသို့ တံခါးများ ချိုးဖျက်ဝင်ရောက်ကား အကြမ်းနည်း သုံး၍ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လာရောက် ဖမ်းဆီးစဉ် ကိုအောင်ကျော်က ၎င်း၏ သတင်းဌာန ဖြစ်သော DVB သတင်းစာ မျက်နှာ Page မှ တိုက်ရိုက် ထုတ်လွှင့်ခဲ့သဖြင့် ၎င်း၏ အိမ်ရှေ့မှ နေ၍ ခဲများဖြင့် ပစ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ ရသည်။
ကိုအောင်ကျော်သည် မတ်လ ၁ ရက်က မြိတ်မြို့ အောင်မင်္ဂလာ ရပ်ကွက်နှင့် အင်းလေးမြိုင်ရပ်ကွက်များမှ နေအိမ်များကို စစ်တပ်နှင့် ရဲတို့က ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်သည့်အပေါ် ဖျက်ဆီးခံခဲ့ရသူ ကာယကံရှင်များနှင့် တိုက်ရိုက်မေးမြန်း သည့် ပုံစံ သတင်း တင်ဆက်ခဲ့ရာ စစ်တပ်မှာ လူမှုကွန်ရက်တွင် အပြောဆိုခံခဲ့ရပြီး အရှက်ရခဲ့သည်။
ကိုအောင်ကျော်သည် သတင်းထောက်တဦး ပြုလုပ်ရမည့် အလုပ်တခုကို ပုံမှန်အတိုင်း ဆောင်ရွက်ခဲ့သော်လည်း ယင်း လုပ်ရပ်အပေါ်တွင် အရှက်ရခဲ့သည့် စစ်ကောင်စီတပ်များသည် အငြိုးထားကာ ညပိုင်းတွင် ကိုအောင်ကျော်၏ နေအိမ်သို့ ရောက်ရှိလာပြီး အထက်ပါအတိုင်း ပြုမူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကိုအောင်ကျော်တွင် ဇနီးဖြစ်သူ မနေခြည်နှင့် ၂ နှစ်အရွယ် သမီးတယောက် ရှိသည်။
မဇ္ဈိမ အလွတ်တန်း သတင်းထောက် ကိုဇော်ဇော်ကိုမူ ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့က ၎င်း၏ အိမ်တွင် မိသားစုနှင့်အတူ နေ အိမ်၌ ရှိနေစဉ် စစ်ကောင်စီ လက်နက်ကိုင်တပ်များက အိမ်စီးကား ၃ စီးဖြင့် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ ကိုဇော်ဇော်တွင် ဇနီးဖြစ်သူနှင့် ငါးနှစ်အရွယ် သားတစ်ဦး ရှိသည်။
၎င်းတို့ နှစ်ယောက်စလုံး အကြောင်းအမျိုးမျိုးဖြင့် ရှေ့နေငှားခွင့် မရခဲ့ကြပေ။ ရုံးချိန်း ၅ ခု ခန့်အပြီးတွင် ယခုလို အမိန့် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ထောင်ထဲတွင် စစ်ဆေးသည့် အမှုဖြစ်သဖြင့် ကာယကံရှင်များနှင့် မိသားစုဝင်များ မှာလည်း ပုံမှန် တွေ့ ဆုံခွင့်မျိုးလည်း မရခဲ့ပေ။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမားများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီး အရေးယူလျက် ရှိပြီး အဖမ်းခံထားရသည့် သတင်းသမား စုစုပေါင်း ၅၁ ဦးအထိ ရှိနေပြီ ဖြစ်သည်။
“သတင်းကိစ္စကြောင့် သတင်းထောက်တွေ ထောင်မကျတာ ကြာပြီ။ ၂၀၁၇ က ရိုက်တာ ဖြစ်စဉ်က နောက်ဆုံးပဲ။ အခုက အုပ်စုလိုက် ပြန်အဖမ်းခံနေရတယ်။ ရှေ့မှာလည်း ထပ်ကျဦးမယ်ဆိုတော့ ဒီဟာက သတင်းသမားတွေ သတင်းအလုပ်ကို မလုပ်ရဲအောင် ပြစ်ဒဏ်ပေးတယ်လို့ပဲ ကျနော် နားလည်တယ်။ နိုင်ငံရေးအရ အပြစ်ပေးတဲ့ သဘောပဲ”ဟု သတင်းသမား များ လူမှုကူညီရေး ကော်မတီမှ ဦးမြင့်ကျော်က ပြောသည်။
စစ်ကောင်စီ လက်ထက်တွင် သတင်းသမားများ ထောင်ဒဏ် ချမှတ်ခံရသည်မှာ မြိတ်သတင်းထောက်များသည် ဒုတိယ အကြိမ် ဖြစ်ပြီး ပထမဆုံး အကြိမ်အဖြစ် ပြည်မြို့ မှ DVB သတင်းထောက် ကိုမင်းညိုမှာ ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။