သတင်း

ထိုင်း၌ ဖမ်းခံရသည့် DVB သတင်းထောက်များ ဆိုင်းငံ့ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သည့် အမှုများဖြင့် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် ၃ နှင့် တက်ကြွလှုပ်ရှားသူ ၂ ဦး စုစုပေါင်း ၅ ဦးကို တရားရုံးက ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့တွင် ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ် နှင့် ငွေဒဏ်များ ချမှတ်လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် တရားရုံးက ထိုင်းနိုင်ငံ၏ လူဝင်မှုကြီး ကြပ်ရေးဥပဒေ ပုဒ်မ ၁၁ နှင့် ပုဒ်မ ၈၁ တို့အရ ပြစ်မှုထင်ရှား သည်ဟု ဆိုကာ ၎င်းတို့ ၅ ဦးကို ဆိုင်းငံ့ ထောင်ဒဏ် ၁ နှစ် နှင့် ငွေဒဏ် ဘတ် ၄၀၀၀ (ကျပ် ၂ သိန်းကျော်)စီ အမိန့်ချမှတ်လိုက်ကြောင်း ၎င်းတို့၏ ရှေ့နေများ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် သတင်းဌာနများက ဖော်ပြကြသည်

ထို့အပြင် အလားတူ ပြစ်မှုများ ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၇ လ အထိ ချမှတ်ခံရမည်ဖြစ် ကြောင်း တရားရုံးက ပြောဆိုခဲ့ကြောင်း သိရသည်။

၎င်းတို့ကို အမိန့်ချခဲ့သော ဥပဒေပုဒ်မများသည် ထိုင်းနိုင်ငံအတွင်းသို့ တရားဝင် ဝင်ထွက်ရန်သတ်မှတ် ထားသော နေရာများ မှမဟုတ်ဘဲ တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး နိုင်ငံအတွင်း တရားမဝင် နေထိုင်မှု များကို ကျူးလွန်သည့် နိုင်ငံခြားသား များကို တရားစွဲဆိုသည့် ပုဒ်မများဖြစ်သည်။

လက်ရှိ ထိုင်းနိုင်ငံ ဥပဒေများအရ ယခုလို တရာရုံးက ပြစ်ဒဏ်ချမှတ်ခံထားရသူများသည် ၇၂ နာရီ အတွင်း ၎င်းတို့၏ နေရပ် မိခင်နိုင်ငံသို့ ပြန်ပို့ခံရနိုင်ကြောင်း ထိုင်းလူအခွင့်အရေးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ရှေ့နေ Nadthasiri Bergman က ပြော ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ ယင်းအတွက်ကြောင့် ၎င်းတို့ ၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည့်အရေးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများလည်း ရှိနေသည်။

တရားရုံးကအမိန့်ချမှတ်လိုက်ပြီ ဖြစ်သော်လည်း သတင်းထောက်များ၏ အမှုကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ များကလည်း ၎င်းတို့ကို အာမခံဖြင့် ပြန်လွှတ်ပေးထားရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း DVB သတင်းထောက်များကို မြန်မာပြည် ပြန်မပို့စေရေးအတွက် ကူညီ ဆောင်ရွက်လျက်လည်း ရှိသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Tanee Sangrat က ဖမ်းဆီးခံသတင်းထောက် များအမှုကို လူသား ချင်းစာနာထောက်ထားမှု ဆိုင်ရာများမှ အဖြေရှာဖွေမှုများကို ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မေလ ၁၁ ရက်နေ့ က ၎င်း၏ တွစ်တာစာမျက်နှာတွင် ပြောထားသည်။

ယခု သတင်းနှင့် ပတ်သက်ပြီး DVB သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် အမှုဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဦးအေးချမ်းနိုင် ထံသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် သတင်းသမားများကာကွယ် စောင့်ရှောက်ရေး ကော်မတီ (CPJ) နှင့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံခြားသတင်းထောက်များ အသင်း (FCCT) တို့ကလည်း ဖမ်းဆီးခံထားရသော သတင်းထောက် များကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် ထိုင်းအာဏာပိုင်များထံ တောင်းဆိုထားသည်။

DVB သတင်းထောက် ၃ ဦး နှင့် တက်ကြွလှုပ်ရှားသူ ၂ ဦးတို့သည် ထိုင်းနိုင်ငံ ဆန်ဆိုင်းခရိုင် ချင်းမိုင်မြို့ရှိ နေအိမ်တခုတွင် မေလ ၉ ရက်နေ့က တရားမဝင်နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနကို မြန်မာပြည်တွင်းတွင် အာဏာသိမ်းစစ်ကောင်စီက သတင်းတင်ဆက် ထုတ် လွှင့်ခွင့်ပိတ်ပင်ခံ ထားရသည့် သတင်းဌာနတခုဖြစ်ပြီး ၎င်းတို့၏ သတင်းထောက်မှုများဖြစ်သည့် ကိုကောင်းမြတ်လှိုင်၊ ကိုမင်းညို နှင့် သတင်းထောက်ဟောင်းဖြစ်သူ ကိုသူရစိုး တို့ကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီးခံပြီး တရားစွဲ ထောင်ချခံထားသည်။

မြန်မာပြည်တွင်းတွင် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ယနေ့အချိန်အထိ ပြည်တွင်းပြည်ပ သတင်း ထောက် ၈၀ ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၃၀ ခန့်သာ ပြန်လည် လွတ်မြောက်လာခဲ့ပြီး ကျန် ၅၀ ကျော်သည် ဖမ်းဆီးတရားစွဲဆိုခံနေကြရသည်။

You may also like these stories:

မြိတ်အခြေစိုက် သတင်းထောက် နှစ်ဦး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရ

DVB သတင်းထောက်များကို မြန်မာပြည်ပြန်မပို့ရန် ထိုင်းမီဒီယာအဖွဲ့အစည်းများ တောင်းဆို

DVB ပြည်သတင်းထောက် ကိုမင်းညို ထောင် ၃ နှစ်ချမှတ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading