စီစဉ်နေတာ ကြာနေပြီ ဖြစ်သော အာဆီယံ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့၏ မြန်မာနိုင်ငံခရီးစဉ်သည် ယခုအပတ်အတွင်း ဖြစ်မည်ဟု သိရသည်။
ယခု အာဆီယံ၏ မြန်မာခရီးစဉ်တွင် ဥက္ကဋ္ဌကိုယ်စား ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတို အီရဝန် ယူဆော့ဖ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဒါတို လင်မ်ဂျော့ဟွိုင်တို့ ပါဝင်မည် ဖြစ်သည်။
သို့သော် ခရီးစဉ်မှာ နေပြည်တော်၏ နောက်ဆုံးမိနစ် ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ရွှေ့ဆိုင်းနိုင်သည် သို့မဟုတ် ပျက်သွားနိုင်ကြောင်း သံတမန်သတင်းရင်းမြစ် ၄ ခုကို ကိုးကား၍ Reuters သတင်းဌာနက ရေးသည်။
ခရီးစဉ်တွင် ဖမ်းဆီးထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိ မရှိ မသိရပါ။
“အကယ်၍ စစ်တပ်နှင့်သာ အာဆီယံ တွေ့ပါက အန္တရာယ် ရှိသည်။ နောက်တကြိမ် ထပ်ပြီး စစ်အုပ်စု၏ ဝါဒဖြန့်ချိရေး လက်တွင်းကျသွားကာ ၎င်းတို့ကို သတိပေးရမည့်အချိန်၌ တရားဝင်ကြောင်း သွားထောက်ခံပေးသလို ဖြစ်မည်” ဟု ASEAN Parliamentarians for Human Rights (APHR) ဥက္ကဋ္ဌလည်း ဖြစ် မလေးရှား လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ Charles Santiago က ပြောသည်။
အကယ်၍ ခရီးစဉ် အတည်ဖြစ်လျှင် ဇွန်လ ၄ ရက်မှ ၅ ရက် မြန်မာခရီးစဉ်အတွင်း အာဆီယံကိုယ်စားလှယ်များသည် နေပြည်တော်တွင် အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အခြား အဆင့်မြင့် အရာရှိကြီးများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
ယခုခရီးစဉ်သည် အာဆီယံခေါင်းဆောင်များ၏ ဂျကာတာ သဘောတူညီချက် ထုတ်ပြန်အပြီး ၅ ပတ်ကျော်ကြာလာသည်အထိ အကောင်အထည် မပေါ်လာနိုင်သေးပါ။
အာဆီယံ ခေါင်းဆောင်များ၏ ဂျကာတာ တောင်းဆိုချက် ၅ ချက်မှာ (၁) မြန်မာနိုင်ငံမှ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေး (၂) ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေတခုကို ရှာဖွေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးကြား အပြုသဘော ဆောင် ဆွေးနွေးရေး (၃) အာဆီယံဥက္ကဋ္ဌ၏ သံတမန်တဦးက အထွေထွေအတွင်းရေးမှူး၏ အကူအညီဖြင့် ဖျန်ဖြေပေးရေး ( ၄) အာဆီယံ၏ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre)မှ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး (၅) သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်တွေ့ဆုံရန် အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ရေးတို့ ဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့က “ငြိမ်းချမ်းစွာ အဖြေရှာရေး” အာဆီယံ၏ ကြားဝင်ကြိုးပမ်းမှုများကို ကြိုဆိုကြောင်း ပြောကြားခဲ့ကြသည်။
အာဆီယံအဖွဲ့သည် မြန်မာပြည်ခရီးစဉ် ပြီးဆုံးသည်နှင့် ရုံးစိုက်ရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာသို့ မပြန်ဘဲ တရုတ်နိုင်ငံ ချုံချင့်မြို့သို့ ဇွန်လ ၆ ရက်မှ ၈ ရက်ထိ ခရီးဆက်မည်ဟုလည်း သိရသည်။
You may also like these stories:
အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် မြန်မာပြည်ခရီး စီစဉ်နေ
အာဆီယံ တောင်းဆိုချက်က လေးစား အထင်ကြီးစရာ လုံးဝ မရှိ
မြန်မာ့အရေး အာဆီယံထိပ်သီး အစည်းအဝေး သဘောတူညီချက်အပေါ် အမြင်များ
ဆွေးနွေးမှုများ မစတင်မီ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် NUG တောင်းဆို