ရခိုင်ပြည်နယ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့် လှစ် သင်ကြားခဲ့ရာ ကျောင်းတက်သူ ကျောင်းသားဦးရေ ၃၅၈၉၃၁ ဦး ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုညွန် ကြားရေးမှူး ဒေါက်တာ ထွန်းထွန်းသိန်းက ပြောသည်။
ဒေါက်တာ ထွန်းထွန်းသိန်းက“မနေ့က ကျောင်းစဖွင့်တဲ့အခါ တက်ရောက်လာတဲ့ ကျောင်းသား/သူ အရေအတွက်ကတော့ ၃၅၈၉၃၁ ရှိပါတယ်။ ရာခိုင်နှုန်းပြည့်နီးပါး ကျောင်းတက်တယ်လို့ ပြောလို့ရတာပေါ့။ ဒီနေ့လည်း ကျောင်းလာတက်တာ ရှိ တယ်။ ဒီနေ့အရေအတွက်ကတော့ စာရင်းပြုစုတာ မပြီးသေးဘူး”ဟု ပြောသည်။
ထိုသို့ ကျောင်းဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ညွန်ကြားထားသည့် ကိုဗစ် စည်းမျဉ်း၊ စည်းကမ်းချက်နှင့်အညီ ပြင်ဆင်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ အလယ်တန်းပြ ဆရာမတဦးက ကျောင်းသားများ ကျောင်းတက်ကြသော်လည်း ကိုဗစ် စည်း မျဉ်း၊ စည်းကမ်းများကို လိုက်နာမှု အားနည်းကြောင်း၊ ကျောင်းများတွင် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုအပ်သည့် ပစ္စည်းများလည်း အပြည့်ရှိကြောင်း ပြောသည်။
“ကျောင်းသားတွေရော ဆရာ၊ ဆရာမတွေပါ အရမ်းပူတော့ Mask တွေ မတပ်ကြဘူး။ စည်းကမ်းတော့ ထုတ်တာပေါ့နော်။ ဒါပေမယ့် ဒီကလူတွေက ကိုဗစ်ကို ကြောက်လည်း မကြောက်ဘူး။ ဂရုလည်း မစိုက်ဘူး”ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းမှုကြောင့် စစ်ကောင်စီ လက်ထက်တွင် ဖွင့်လှစ်သင်ကြားမည့် ပညာရေးကို အလိုမရှိသည့်အတွက် အခြား တိုင်းနှင့် ပြည်နယ်များတွင် မိဘများက မိမိတို့၏ သားသမီးများကို ကျောင်းမအပ်ဘဲ သပိတ်မှောက်ထားကြသည်။
ထိုသို့ ကျောင်းမတက်ဘဲ သပိတ်မှောက်ထားချိန် ရခိုင်ပြည်နယ်၌ ရာနှုန်းပြည့်နီးပါး ကျောင်းတက် ပညာသင်ကြားနေသည့် အတွက် လူမှုကွန်ရက်တွင် ဝေဖန်မှုများလည်း ဖြစ်ပေါ်နေသည်။
စစ်တွေမြို့ အမှတ်၂ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းလာအပ်သည့် ကျောင်းသားမိဘတဦးဖြစ်သူ ဒေါ် ဌေးဌေးစံက ၎င်းတို့ ရခိုင်ပြည်နယ်တွင် စစ်ပွဲများ၊ ကိုဗစ်ကာလ ကပ်ရောဂါများကြောင့် ကလေးများမှာ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရကြောင်း ပြောသည်။
၎င်းက“အခု ပြည်မမှာ မတည်မငြိမ် ဖြစ်တယ်။ အဲဒီအတွက်လည်း ကျမတို့ ကိုယ်ချင်းစာတယ်။ သူတို့ရဲ့ ခံစားချက်ကို လည်း အပြစ်မမြင်သင့်သလို ကျမတို့ကလေးတွေ ကျောင်းတက်တာကိုလည်း အပြစ်မပြောသင့်ဘူး”ဟု မနေ့က ရခိုင် ပြည်နယ် အခြေစိုက် သတင်းမီဒီယာများသို့ ပြောဆိုခဲ့သည်။
ထိုသို့ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းများ ဖွင့်လှစ်၍ ကျောင်းတက်ခွင့် ရရှိသော်လည်း ကိုဗစ်ကပ်ရောဂါနှင့် ဒေသ တွင်း မတည်ငြိမ်မှုများက အချိန်မရွေး ထပ်မံ ပေါက်ကွဲနိုင်သဖြင့် စာသင်နှစ် အပြည့် ကျောင်းတက်ခွင့် မရဘဲ ကျောင်းပျက် သွားမည်ကို စိုးရိမ်ကြောင်း ကျောင်သား မိဘများက ပြောသည်။
ရခိုင်ပြည်နယ်တွင် မတည်ငြိမ်မှုများကြောင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ၃ နှစ် တိုင်တိုင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားခွင့် ဆုံးရှုံခဲ့ကြောင်း၊ ကျောင်းနှစ်ရှည် ပိတ်ထားပြီး ပညာရေးနှင့် ဝေးကွာသွားသဖြင့် အခြေခံပညာ အထက် တန်းအဆင့်ရောက် ကျောင်းသား၊ ကျောင်းသူတချို့ မှာ အိမ်ထောင်ကျသွားသည့် ဖြစ်စဉ်များလည်း ရှိနေသည်ဟု သိရ သည်။
သို့သော် ပဲခူးတိုင်း၊ ပြည်မြို့ မှ ကျောင်းသားမိဘတဦးကမူ စစ်ကောင်စီမှ ဖွင့်လှစ်သည့် ကျောင်းများကို အယုံအကြည် မရှိ သဖြင့် ကလေးများကို ကျောင်းထားမည် မဟုတ်ကြောင်း ပြောသည်။
“ဘာကြောင့်လဲဆိုရင် လူတွေကို အကြောင်းမဲ့ သတ်ဖြတ်တယ်။ ဆရာ၊ ဆရာမတွေကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ဖမ်းတယ်။ ဒီ လို အနေအထားမျိုးမှာ တနိုင်ငံလုံးက ကျောင်းသားမိဘတွေနဲ့အတူ ရပ်တည်ပြီး ကျနော်တို့ ကလေးတွေကို တနှစ်အောက် ရင်လည်း အောက်ပါစေဆိုပြီး ကျောင်းမထားဖို့ ဆုံးဖြတ်ထားတယ်”ဟု ပြောသည်။
စစ်ကောင်စီ လက်ထက်တွင် ပညာရေး တိုးတက်အောင် ပြုလုပ်ရန် မဖြစ်နိုင်ဟုဆိုကာ CDM ပြုလုပ်သည့် ပညာရေး ဝန် ထမ်းများကိုလည်း စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် CDM လှုပ်ရှားမှုကို တနိုင်ငံလုံးတွင် ပြုလုပ်ကြပြီး ကျောင်းမတက်ဘဲ သပိတ်မှောက်ထားကြသော်လည်း ရခိုင်ပြည်နယ်တွင်မူ CDM ပြုလုပ်သည့် ကျောင်းဆရာ၊ ဆရာမ မရှိသလောက် နည်းပါး ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် CDM လှုပ်ရှားမှုတွင် ပါဝင်သူ တောင်ကုတ်မြို့နယ်မှ ဆရာ၊ ဆရားမ ၄ ဦး၊ ဂွမြို့နယ်မှ ဆရာ၊ ဆရာမ ၂ ဦး စုစုပေါင်း ၆ ဦးသာ ရှိကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက ပြောသည်။
ရခိုင်ပြည်နယ်တွင် မည်သည့် CDM လှုပ်ရှားမှုမျိုးကိုမဆို အားမပေးကြောင်း ရခိုင်လူထုအပေါ်တွင် သြဇာရှိသည့် ရက္ခိုင့် စစ်တပ်(AA) အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း ပြောဆိုခဲ့ဖူးသည်။
ရခိုင်ပြည်နယ်တွင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၃၀၉ ကျောင်း ရှိပြီး စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA)တို့ကြား ဖြစ် ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရွာပျက်ပြီး လူမရှိတော့သည့်အတွက် စာသင်ကျောင်းပေါင်း ၁၂၈ ကျောင်းမှာ ဖွစ်လှစ်နိုင် ခြင်း မရှိတော့ကြောင်း သိရသည်။
You may also like these stories:
ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ