မန္တလေးတိုင်း၊ မြင်းခြံမြို့အထက (၃) ကျောင်းတွင် တပ်စွဲထားသည့် စစ်သား ၂ ဦး လမ်းသို့ ထွက်လာစဉ် သေနတ်ဖြင့် ပစ်ခံရသဖြင့် ၁ ဦး သေဆုံးပြီး ၁ ဦးမှာ ထွက်ပြေးသွားကြောင်း မြို့ခံသတင်းရင်းမြစ်များထံက သိရသည်။
ဇွန် ၃ရက် မနက် ၉ နာရီဝန်းကျင်တွင် အဆိုပါ ကျောင်းထဲမှ စစ်သား ၂ ဦး အရပ်ဝတ်ဖြင့် ထွက်ရှိလာပြီး မြို့သစ် ၁၈ လမ်း ထိပ်သို့ အရောက်၌ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံ တဦးက “သေသွားတဲ့လူက ရာထူးကြီးထဲကနဲ့ တူတယ်။ ခါးကြားမှာ အတိုပါတယ်။ တယောက်ကတော့ အရှည်ပါ တာ။ ပစ်တော့ သိတဲ့အတိုင်းပဲ ကြောက်လန့်ပြီးတော့ ပြေးတာ။ အပြင်ထွက် ကင်းပတ်တဲ့ အချိန်မျိုးမှာ ပစ်ခံရတာ” ဟု ပြော သည်။
သေဆုံးသွားသော စစ်သားမှာ နောက်ကျောကို ကျည်ထိမှန်ပြီး ပစ်ခတ်ခံရသည့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့ ထွက်လာတာ ယူနီဖောင်း မပါဘူးပေါ့။ ရိုရိုး အရပ်ဝတ်နဲ့ပဲ ထွက်လာတယ်။ ပစ်ခတ်သူက ဘယ်သူဆိုတာတော့ မသိရ ဘူးပေါ့။ ၁ ယောက်ထိပြီး ၁ ယောက်ကတော့ ထွက်ပြေးသွားတယ်။ ဘယ်ဘက်နောက်ကျောကို ထိပြီး သေတာ” ဟု ဒေသခံ နောက်တဦးကလည်း ဆိုသည်။
မြင်းခြံမြို့ပေါ်တွင် မေလမှ စတင်ကာ ဗုံးပေါက်ကွဲမှုများ ခပ်စိတ်စိတ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ များက သတင်းပေး ဒလန်ဟု ယူဆသူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရှိမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ပြင် ဒေသခံ ပြည်သူများ ကိုလည်း စစ်ကောင်စီက ဖမ်းဆီးမှုများ ရှိနေသည်။
ယမန်နေ့ ညပိုင်းကလည်း မြင်းခြံ အမှတ် ၁၈ ရပ်ကွက်အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ရုံး အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့် လာသော ပြည်သူ ၃ ဦး အနက် ၂ ဦး ထိခိုက်ဒဏ်ရာ ရှိထားမှု ရှိကြောင်း သိရသည်။
You may also like these story:
ပြည်ကြီးတံခွန် ပစ်ခတ်မှုတွင် စစ်သား ၁ ဦးသေဆုံးပြီး ရဲ ၁ ဦးဒဏ်ရာရ