သတင်း

မြစ်ကြီးနားတွင် ရှေ့နေတဦးကို စစ်ကောင်စီက တရားခွင်အတွင်း ဝင်ရောက်ဖမ်းဆီး

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုသည့် အမှုများကို ရှေ့နေလိုက်ပေးနေသည့် တရား လွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို စစ်ကောင်စီဘက်က တရားခွင်အတွင်း ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သတင်း ရရှိသည်။

ဦးသက်ထွန်းဦးသည် ဇွန် ၂ ရက် နေ့လယ် ၂ နာရီဝန်းကျင်က နိုင်ငံရေး ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ၎င်း၏ အမှုသည် များအတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးရန် မြစ်ကြီးနားမြို့ အကျဉ်းထောင်အတွင်းရှိ တရားခွင်၌ ရှိနေစဉ် ဝင်ရောက် ဖမ်း ဆီးခံရခြင်း ဖြစ်သည်။

ဦးသက်ထွန်းဦး၏ မိတ်ဆွေ၊ ရှေ့နေတဦးက “မနေ့က အကျဉ်းထောင် တရားခွင်မှာ ရောက်နေချိန် ပထမ အမျိုးသမီးတဦး ရဲ့ ရုံးချိန်းပေးပြီး နောက်ထပ် အမှု ထပ်မထုတ်ခင် ထိုင်နေချိန်မှာပဲ စခန်းမှူးရယ် အခြားရဲတွေရယ်က လာခေါ်သွားတာ။ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာပဲ။ အဲဒီနောက်ပိုင်း ဘာမှ မသိရပါဘူး” ဟု ပြောသည်။

လက်ရှိတွင် ဦးသက်ထွန်းဦးကို မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းအတွင်း ချုပ်နှောင်ထားပြီး ၎င်းကို မိသားစုဝင်များ၊ ရှေ့နေ များဖြင့် တွေ့ဆုံခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

ဆက်လက်ပြီး အဆိုပါ ရှေ့နေက “ဒီနေ့ ရမန်ယူမယ်လို့လည်း ကြားတယ်။ တဆင့်ခံ ကြားရတာပါ။ ဘာနဲ့ တရားစွဲတယ် ဆို တာ အခုထိ ရုံးမထုတ်လာသေးလို့ ကျနော်တို့ အတိအကျ ပြောပြလို့ မရဖြစ်နေပါတယ်။ တချို့ ကလည်း ၅၀၅ နဲ့ စွဲမယ်လို့ ပြောသံကြားရတယ်။ လက်ရှိကတော့ ဖမ်းခံထားရတဲ့ အခြေအနေပါ။ ဆရာ သက်ထွန်းဦး အနေနဲ့လည်း ဘာပြစ်မှုမှ ကျူး လွန်ထားတာ မတွေ့ရဘူး။ သူက ၅၀၅ နဲ့ စွဲခံထားရတဲ့ ပြည်သူတွေကို အမှုလိုက်ပါ ဆောင်ရွက်ပေးနေတာပဲ ရှိတာပါ။ ဖမ်းခံရ တာကလည်း အမှုလိုက်နေရင်း တရားခွင်မှာ ဖမ်းခံရတာပါ” ဟု ပြောသည်။

မြစ်ကြီးနားတွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြမည့် သပိတ်စစ်ကြောင်းများကို ဖြိုခွဲရန်စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်များကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ -CJ)

ဦးသက်ထွန်းဦးသည် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့အတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးခံရကာ တရားရင်ဆိုင်နေရသူများ၊ မြို့တွင်း လူထုဆန္ဒပြမှုများကို သတင်းယူရင်း ဖမ်းဆီးခံရသည့် သတင်းထောက် များ၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတဦး ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီး ဖေဖော်ဝါရီလမှ ယနေ့ထိ ဦးသက်ထွန်းဦးက ရှေ့နေပါဝါ ယူကာ အမှုလိုက်ပါဆောင်ရွက်နေ သည့် အမှုသည်ဦးရေမှာ ၁၂၀ ကျော် ရှိကာ အမှုသည်အားလုံးကို ဝန်ဆောင်ခမယူဘဲ အခမဲ့ အမှုလိုက်ပေးနေသူတဦး ဖြစ် သည်။

ဦးသက်ထွန်းဦးသည် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးလည်း ဖြစ်သည်။

ထို့ပြင် စစ်တပ်က အာဏာသိမ်းလိုက်ချိန်တွင် ဖမ်းဆီးခံရသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၏ အမှုကိုလည်း လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေတဦးလည်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်ခြင်းကြောင့် ဖမ်းဆီး တရားစွဲဆိုခံရသူများ၏ အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများမှာ စစ်ကောင်စီဘက်မှ ဖိအားပေးခံရခြင်း၊ ရှေ့နေ မလိုက်ဝံ့အောင် ခြိမ်းခြောက်ခံ ရခြင်းနှင့် တရားခွင်မှ အခြေအနေများကို သတင်းမီဒီယာများတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိခြင်းများနှင့် ရင်ဆိုင် နေကြရသည်။

ကချင်ပြည်နယ်တွင်း နိုင်ငံရေး ပုဒ်မများကို အမှုလိုက်ပေးနေသည့် ရှေ့နေတဦးကလည်း “ကျနော်တို့မှာ ခြိမ်းခြောက်ခံရတာ တွေ ရှိပါတယ်။ နိုင်ငံရေးပုဒ်မနဲ့ တရားစွဲဆိုခံထားရသူတွေကို အမှုလိုက်ပေးရင် လက်ရှိနိုင်ငံတော် အာဏာကို ယူထားတဲ့ စစ် ကောင်စီကိုပေါ့၊ သူတို့ကို ဆန့်ကျင်တဲ့သူတွေ ဘက်က ဘက်လိုက်တာလား၊သူတို့ကို အားပေးတာလားဆိုပြီး တဖက်ကနေ ပြောတာမျိုးတွေ ကြုံရတာ ရှိပါတယ်။ တကယ်တော့ ဥပဒေကြောင်းအရ မဆိုင်ပါဘူး” ဟု ပြောသည်။

မြစ်ကြီးနားတွင် စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြမည့် သပိတ်စစ်ကြောင်းများကို ဖြိုခွဲရန်စောင့်ဆိုင်းနေသည့် စစ်ကောင်စီတပ်များကို မတ်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ -CJ)

ထို့ပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခြင်းကြောင့် ဖမ်းဆီးခံရသည့် အမှုအများစုသည်လည်း ဥပဒေအရဆိုလျှင် အမှု သည်နှင့် ရှေ့နေက တွေ့ဆုံခွင့် ရှိရမည် ဖြစ်သော်လည်း လွတ်လွတ်လပ်လပ် တွေ့ဆုံ၍ မရခြင်း၊ အမှုသည်နှင့် တွေ့ဆုံရာ တွင်လည်း စစ်ကောင်စီဘက်မှ ထောက်လှမ်ရေးများက စောင့်ကြည့်နေခြင်းများ၊ တရားခွင်အတွင်း နှစ်ဖက်ထွက်ဆိုခဲ့သည့် အခြေအနေများကိုလည်း သတင်းမီဒီယာများတွင် လွတ်လပ်စွာ ပြန်လည် ပြောဆို၍ မရခြင်းများနှင့် ရင်ဆိုင်နေရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်များကိုပါ ရယူလိုက်သည့်အပြင် တရားစီရင်ရေးကိုပါ စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်အောက်သို့ ထည့်သွင်းလိုက်ကြောင်း ကြေ ညာထားသည်။

အာဏာသိမ်းပြီးနောက်တွင် တရားစီရင်ရေး စနစ်သည်လည်း စစ်တပ်လက်အောက်သို့ ရောက်သွားသဖြင့် လွတ်လပ်သည့် တရားစီရင်ရေး မဏ္ဍိုင် မရှိတော့ကြောင်း ဝေဖန်ကန့်ကွက်ခံရပြီး အချို့သော ဝါရင့် တရားလွှတ်တော်ရှေ့နေများသည် စစ် တပ်အာဏာသိမ်းထားသည့် ကာလတလျှောက်လုံးတွင် တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝပြုလုပ်တော့မည် မဟုတ် ကြောင်း ဆုံးဖြတ်ထားသူများလည်း ရှိသည်။

ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေပြုသူများအဖွဲ့သည်လည်း စစ်တပ်က နိုင်ငံတွင်း တည်ဆဲဥပဒေများကို ချိုးဖောက်ကာ အာဏာသိမ်းခြင်း၊ နိုင်ငံတော်သမ္မတကို တရားစွဲဆိုခြင်း၊ ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေခွင့်ပြုချက် မရှိဘဲ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာတို့ကို ရယူထားခြင်းတို့ကြောင့် ပြည်ထောင်စု တရားလွှတ်တော်ရုံးတွင် ပူးပေါင်း ပါဝင်တော့မည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က ထုတ်ပြန်ကြေညာထားသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်ထဲတွင် တနိုင်ငံလုံးမှ ရာနှင့်ချီသည့် တရားလွှတ်တော်ရှေ့နေများ၊ အထက်တန်း ရှေ့နေ များ၊ ဥပဒေအကြံပေးများသည်လည်း ပါဝင်သည်။

ရန်ကုန်တိုင်းအတွင်း စစ်တပ်နှင့်ရဲက တရားလိုပြုလုပ်ကာ လူငယ်များကို ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် အမှု အချို့ ကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေတဦးကလည်း “တဖက်က အင်အားကြီးတဲ့သူနဲ့ ရင်ဆိုင် နေရ တာဆိုတော့ ဖိအားတွေကတော့ ရှိပါတယ်။ ကျမကိုဆိုရင် ဘယ်ကမှန်းမသိတဲ့ သူတယောက်က ဖုန်းနဲ့ သတ်ပစ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက်တာမျိုး၊ ရှေ့လကပဲ ကြုံရတယ်။ မိသားစုတွေကတော့ စိုးရိမ်တာပေါ့။ ဒါပေမယ့် ဥပဒေကြောင်းအရတော့ ကျမက အမှုသည်တွေအတွက် ဥပဒေအတိုင်းပဲ ဆက်ပြီး လုပ်ဆောင်မှာပါ” ဟု ပြောသည်။

ပြည်နယ်နှင့်တိုင်း အသီးသီးမှ ရှေ့နေများသည်လည်း စစ်ကောင်စီဘက်မှ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တရားစွဲဆိုခြင်း များနှင့် ရင်ဆိုင်နေရသော်လည်း နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံရသူများ၏ အမှုများကို အခကြေးငွေ တစုံတရာ မယူဘဲ အမှု လိုက်ပါ ဆောင်ရွက်လျက် ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၏ ရှေ့နေ ဦးသိန်းလှိုင်ထွန်း ကို လည်း မေ ၂၄ ရက်က နေပြည်တော်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာ မျိုးအောင်တို့ကို မေ ၂၄ ရက်က ရုံးထုတ်စစ်ဆေးပြီး ရုံးချိန်းအပြီး တရားခွင်မှ အထွက်တွင် ရှေ့နေ ဦးသိန်းလှိုင်ထွန်းကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းလှိုင်ထွန်းကို ဖမ်းဆီးရခြင်းမှာ ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ၅၀၅-က ဖြင့် အမှုဖွင့်ထားခြင်းကြောင့် ဖြစ်သည် ဟု သိရှိရသော်လည်း မည်သည့် လုပ်ရပ်ကြောင့် အမှုဖွင့်သည်ကို မသိရှိရသေးပါ။

You may also like these stories:

မြိတ်အခြေစိုက် သတင်းထောက် နှစ်ဦး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရ

ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို

ထိုင်း၌ ဖမ်းခံရသည့် DVB သတင်းထောက်များ ဆိုင်းငံ့ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading