သတင်း

ပြည်တွင်း စက်သုံးဆီ ပြတ်လပ်မည့် အခြေအနေ မရှိဟု စက်သုံးဆီကုမ္ပဏီများဆို

Want create site? Find Free WordPress Themes and plugins.

စက်သုံးဆီကုမ္ပဏီများတွင် ဆီလက်ကျန်နည်းနေပြီဖြစ်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အသိ ပေး အကြောင်းကြားမှုများ ပြုလုပ်နေသော်လည်း ပြည်တွင်း စက်သုံးဆီမှာ ပြတ်လပ်နိုင်သည့် အခြေအနေမရှိဟု ပြည်ပ မှ စက်သုံးဆီ တင်သွင်း နေသည့် ကုမ္ပဏီများက ဧရာဝတီသို့ ပြောသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဇွန်လ ၁ ရက် စာရင်းများကို ကြည့်ကာ ပုဂ္ဂလိက စက်သုံးဆီ သိုလှောင်ကန်များ၏ ဆီလက်ကျန်မှာ သိုလှောင်နိုင်မှု ပမာဏ၏ ၃၀ ရာခိုင်နှုန်းအောက် လျော့နည်း ကျဆင်းနေသည်ဟု စိုးရိမ်မှု ဖြစ်ကာ အသိပေး အကြောင်းကြားခြင်းသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) ၏ ရုံးအဖွဲ့မှူး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။

၎င်းက “သူတို့ ကောက်ချက်ချတာ လွဲသွားတာ ဖြစ်ပါတယ်။ သူတို့က သူတို့ ပေတံနဲ့ တိုင်းပြီး အစိုးရိမ် လွန်သွားတာပေါ့။ ဆီသွင်းတဲ့ကုမ္ပဏီတွေက အစီအစဉ်တွေ ရှိထားပြီးသားပါ။ စိုးရိမ်စရာ မရှိပါဘူး။ တန်ချိန် ၂ သောင်း သင်္ဘောတွေတောင် ဝင်ဖို့ ရှိပါတယ်” ဟု ပြောဆိုသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ MPTA သို့ ဇွန်လ ၂ ရက်က ပေးပို့သော ထိုစာမှာ လူမှုကွန်ရက် စာမျက်နှာ Facebook ပေါ်သို့ ပျံ့နှံ့လာပြီးနောက် ရန်ကုန်ဈေးကွက်တွင် စက်သုံးဆီသိုလှောင်ထားနိုင်ရန် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ တွင် ဆီပေပါများဖြင့်ပါ လာရောက် ဝယ်ယူမှုများအထိ ဖြစ်ခဲ့ကြောင်း သိရသည်။

ပုဂ္ဂလိက စက်သုံးဆီ သိုလှောင်ကန်များတွင် ဆီလက်ကျန်သည် ၃၀ ရာခိုင်နှုန်းအောက် ကျဆင်းနေပြီဆိုသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် ပြည်တွင်း စက်သုံးဆီကုမ္ပဏီများ၏ နေ့စဉ် စက်သုံးဆီလက်ကျန် မှတ်တမ်းမှ ဆီလက်ကျန် နည်းနေသည့် နေ့ရက်၏ မှတ်တမ်းကို ကိုးကားထားချက်တခုသာ ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့မှ သီလဝါဆိပ် ကမ်းရှိ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီမှ အထွေထွေမန်နေဂျာ တဦးကလည်း ဧရာဝတီသို့ ပြောသည်။

၎င်းက “ ကျနော်တို့က စက်သုံးဆီ လက်ကျန်ကို နေ့စဉ် မှတ်တမ်း လုပ်ပေးရတယ်။ တချို့ရက်တွေဆိုရင် ဆီလက်ကျန်က ၇၀ ရာခိုင်နှုန်းအထိ ရှိတဲ့ နေ့တွေလည်း ရှိတာပဲလေ။ ကျနော်တို့ ကုမ္ပဏီဆိုရင် ဒီရက်ပိုင်းမှာ ဆီသင်္ဘော နှစ်စင်းလောက် ဝင်လာ ဖို့ ရှိတယ်” ဟု ပြောသည်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပုဂ္ဂလိက ဘဏ်လုပ်ငန်း အများအပြား ပိတ်ထားသဖြင့် ပြည်ပမှ စက်သုံးဆီ တင်သွင်း ခြင်း အတွက် ငွေပေးချေမှု အခက်အခဲဖြစ်ပွားပြီး ဆီတင်သွင်းမှု လျော့ကျခဲ့သော်လည်း လက်ရှိအချိန်တွင် ဘဏ်မှ ငွေပေးချေမှုကို အခြေအနေတခုအထိ အဆင်ပြေနေပြီ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း (MPTA) သို့ ပေးပို့သော စာတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ ပြည်ပမှ စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများ၏ သိုလှောင်ကန် များ၌ စက်သုံးဆီ သိုလှောင်နိုင်မှု ပမာဏသည် သတ်မှတ်ထားသည့် ပမာဏအောက် လျော့နည်း ကျဆင်းလာပါက အမြန်ဆုံး ပြန်လည် ဖြည့်တင်းထားရှိရန်နှင့် ထပ်မံ လျော့နည်းလာလျှင် နိုင်ငံတော်၏ စွမ်းအင်လုံခြုံမှုရှိစေရန်အတွက် ဖြန့်ဖြူးမှုများ ကန့်သတ်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

ထိုစာအရ မြတ်မေတ္တာမွန် ကုမ္ပဏီက ဓာတ်ဆီနှင့် ဒီဇယ်ဆီ သိုလှောင်နိုင်မှုပမာဏထက် ၂၃ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်း သာရှိပြီး Max Energy ၏ သိုလှောင်ကန်တွင်လည်း ၂၅ ရာခိုင်နှုန်းနှင့် ၁၃ ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြထားပြီး Denko ကုမ္ပဏီတွင်လည်း သိုလှောင်နိုင်မှု ပမာဏတွင် ဓာတ်ဆီသည် လက်ကျန် ပြတ်လပ်နေပြီး ဒီဇယ်ဆီသည် ၃၁ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။

ယင်းပြင် Regency Energy ကုမ္ပဏီတွင်လည်း ဓာတ်ဆီနှင့် ဒီဇယ်ဆီ လက်ကျန်သည် ၅၈ ရာခိုင်နှုန်း နှင့် ၄၄ ရာခိုင် နှုန်းရှိပြီး Apex ကုမ္ပဏီသည်လည်း ၂၄ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းသာရှိကာ ပိတောက်ရွှေဝါကုမ္ပဏီတွင် ၅၂ ရာခိုင် နှုန်းနှင့် ၁၀ ရာခိုင် နှုန်းသာ စက်သုံးဆီ လက်ကျန်ရှိတော့ကြောင်း သိရသည်။

ပြည်တွင်း၌ လုပ်ငန်း လုပ်ဆောင်မှု ရပ်ဆိုင်းထားသော Puma ကုမ္ပဏီတွင် ဓာတ်ဆီနှင့် ဒီဇယ်ဆီ လက်ကျန် ပမာဏသည် ၁၂ ရာခိုင်နှုန်းနှင့် ၈၉ ရာခိုင်နှုန်းသာရှိပြီး လေယာဉ်ဆီ လက်ကျန်သည် ၅၇ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

“အခုအချိန်က မိုးတွင်း ရောက်ပြီဆိုတော့ ပုံမှန်ကာလဆိုရင်တောင် ကုမ္ပဏီတွေက လျှော့သွင်းကြတာ။ လက်ရှိ ကုမ္ပဏီ တွေ က တင်သွင်းအခြေအနေအရရော ပြည်တွင်းက ဝယ်လိုအား အခြေအနေအရရော စက်သုံးဆီက ပြတ်လပ်ဖို့ မရှိ နိုင်ပါဘူး” ဟု ပြည်ပမှ စက်သုံးဆီ တင်သွင်းရောင်းချနေသော ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုသည် ယခုအချိန်တွင် ပုံမှန်ကာလကဲ့သို့ ပုံမှန်အခြေအနေမျိုး မဟုတ်သော်လည်း ကုမ္ပဏီများ တွင် ဆီလက်ကျန် ပြတ်လပ်သွားသည်အထိ ဖြစ်နိုင်ရန် မလွယ်ကူကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများသည် အာဏာသိမ်းမှုကြောင့် မြန်မာကျပ် ငွေကျဆင်းပြီး အမေရိကန်ဒေါ်လာ လဲလှယ် နှုန်း မြင့်တက်ခြင်းကြောင့် ယခင်ထက် ၁၅ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်လျက်ရှိပြီး ဇွန်လ ၃ ရက် (ရန်ကုန်) ဈေးနှုန်းများအရ အောက်တိန်း 92 တလီတာလျှင် ကျပ် ၉၈၅ ၊ အောက်တိန်း 95 တလီတာလျှင် ကျပ် ၁၀၇၀၊ ဒီဇယ် 500PPM တလီတာ လျှင် ကျပ် ၉၈၅ နှင့် ပရီမီယံ ဒီဇယ် တလီတာလျှင် ကျပ် ၉၉၅ အထိ ရှိသည်။

You may also like these stories:

စင်ကာပူအခြေစိုက် တရုတ်အစိုးရပိုင်ကုမ္ပဏီ မြန်မာကို လေယာဉ်ဆီ ရောင်းခဲ့

တရုတ်သို့ နယ်စပ်မှ ရေထွက်ကုန်နှင့် ဆန် တင်ပို့မှု ရပ်ဆိုင်းနေ

ဓာတ်ငွေ့ပိုက်လိုင်း အကျိုးအမြတ် MOGE ကို ထုတ်မပေးရန် Total နှင့် Chevron သဘောတူ

Did you find apk for android? You can find new Free Android Games and apps.
Loading