မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပမာဏ ၂ လတာအတွင်း အမေရိကန်ဒေါ်လာ ၄ သန်းကျော် (၄၃၈၃၀၅၇ ဒသမ ၇၉) ကုန်စည် ကူးသန်းရောင်းဝယ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်စည်များကို စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောမြို့ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှ တဆင့် တဖက်နိုင်ငံသို့ ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်း က ဧရာဝတီကို ပြောသည်။
၎င်းက “ကိုဗစ် စည်းကမ်းချက်နဲ့အညီ ကျနော်တို့ နယ်စပ်ကုန်သွယ်မှုကို ပြန်လည် ဖွင့်လှစ်ခဲ့တယ်။ ဧပြီနဲ့ မေ ၂ လအတွင်း မှာ ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၄ သန်းကျော် ရှိတယ်” ဟု အတည်ပြု ပြောဆိုသည်။
ယင်း နယ်စပ်ကုန်သွယ်မှု စခန်းများမှ ပို့ကုန်အနေဖြင့် ကုလားပဲ၊ ကွမ်းသီး၊ ကြက်သွန်နီ၊ သရက်သီး၊ ငါးနီတူခြောက်၊ ငါး မြစ်ချင်း၊ ကော်ဖီမစ်၊ အုန်းသီး၊ ဒညင်းသီး၊ ဇီးယိုထုပ်၊ ထွန်းရွှေဝါ၊ နနွင်းတက်၊ ကြိမ် စသည့် ကုန်ပစ္စည်းများ ပါဝင်သည်။
သွင်းကုန်အနေဖြင့် ထီး၊ တီရှပ်၊ ပလတ်စတစ်ရေစည်များ၊ သတ္တုရေအိုးများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများ၊ ဂျုံစေ့ စသည့် ကုန်စည်များဖြစ်ကာ ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၄၃၄၄၁၂၄ ဒသမ ၁၉ ဖိုးတင်ပို့နိုင်ပြီး သွင်းကုန် အနေဖြင့် အမေရိ ကန်ဒေါ်လာ ၃၈၉၃၃ ဒသမ ၆၀ ဖိုး တင်သွင်းနိုင်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးခင်မောင်ကြီးက မွတ်စလင် အရေးနှင့်ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအစိုးရကြား ဆက်ဆံရေး အဆင်မပြေသဖြင့် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းလည်ပတ်မှုမှာ တိကျခိုင်မာသည့် အနေ အထား မရှိဟု ပြောဆိုသည်။
၎င်းက “အခု ဘင်္ဂလားနဲ့ နယ်စပ်ကုန်သွယ်မှု နည်းနည်း တိုးလာတယ်ဆိုတာက လက်ရှိ ဖြစ်နေတဲ့ တရုပ်နယ်စပ်နဲ့ တခြား နယ်စပ်ဘက်တွေမှာ မတည်မငြိမ်ဖြစ်လို့ ကုန်စည်လမ်းကြောင်း ဒီဘက်ကို ဆင်းလာတဲ့သဘောလို့ ယူဆရတယ်။ ကျနော့် အနေနဲ့ ဒီနယ်စပ်ကုန်သွယ်မှုက ခိုင်မာမှု မရှိဘူးလို့ မြင်တယ်။ ဒီထက်ကောင်းအောင် လုပ်မယ်ဆိုရင်တော့ အစိုးရ မူဝါဒ တွေနဲ့ ပေါ်လစီတွေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်” ဟု ဆိုသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဟန်ပြလောက်သာရှိပြီး အဆင်ပြေ ချောမောသည့် သံခင်း တမန်ခင်း ဆက်ဆံရေးမျိုး မရှိသည့်အတွက် တဖက်နိုင်ငံမှ လိုအပ်နေသည့်အချိန်မှသာ ကုန်စည်ပို့ဆောင်မှု အဆင်ပြေပြီး မလိုအပ်သည့်အချိန်တွင် ဈေးနှိမ်ခံခဲ့ရကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
ကိုဗစ်ရောဂါ ကူးစက်မှု မြင့်မားခဲ့သည့်အတွက် အဆိုပါ နယ်စပ်ကုန်သွယ်မှုကို ၂၀၂၀ နှစ်လယ်ပိုင်းတွင် ပိတ်ထားခဲ့သော် လည်း စစ်ကောင်စီ လက်ထက် ဧပြီလ ၁၃ ရက်နေ့၌ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပြန်လည်ဖွင့်လှစ်မှုနှင့်အတူ ဘင်္ဂလားဒေ့ရှ်သို့ ကုန်စည်ပို့ဆောင်ပြီး ပြန်လာသည့် သင်္ဘောသားများ၌ ကိုဗစ်ကူးစက် ခံရမှုများရှိကာ အဆိုပါ ၂ လတာအတွင်း သင်္ဘောဝန်ထမ်း ၁၆ ဦးထိ ကိုဗစ် ကူးစက်ခံရကြောင်း သိရသည်။
ပြည်နယ်စီမံအုပ်ချုပ်မှုကောင်စီဝင် ဦးသန်းထွန်းက “ကုန်စည်ပို့ပြီး ပြန်လာတဲ့လူတွေကို ကျနော်တို့က ကုန်းပေါ် လုံးဝ အတက်မခံဘူး။ လှေပေါ်မှာဘဲ ဆေးစစ်တယ်။ ပိုးတွေတဲ့ လူတွေကိုတော့ ဆေးရုံံမှာ လိုအပ်တဲ့ ဆေးကုသမှု ခံယူစေ တယ်။ ကျန်တဲ့လူတွေကို လှေပေါ်မှာပဲ ၁၀ ရက် Quarantine (အသွားအလာကန့်သတ်ခြင်း) ဝင်ခိုင်းထားတယ်။ အဲဒီလို ထားတဲ့ အခါမှာလည်း စည်းကမ်းမဖောက်အောင် ရဲလုံခြုံရေးနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းပါ စောင့်ကြပ်ထားတယ်” ဟု ရှင်းပြသည်။
စစ်တွေမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်း တခုမှ ဦးစိုးနိုင်က တဖက်နိုင်ငံသို့ သွားရောက်သည့် သင်္ဘောဝန်ထမ်းများကို ထိုသို့ စစ်ဆေးပြီး ရောဂါမပြန့်ပွားအောင် တားဆီးထားသည် ဆိုသော်လည်း ယင်းဆောင်ရွက်ချက်မှာ ပြီးပြည့်စုံသည့် ကာကွယ် တားဆီးမှု မဟုတ်ဟု ဆိုသည်။
“အခု ရောဂါကူးစက်မှု မပြန့်ပွားရေးအတွက် ဆေးစစ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့ စစ်နိုင်တာက တရားဝင် လမ်းကြောင်းက ပြန်လာသူတွေကိုပဲ စစ်နိုင်တာ။ ပင်လယ်ပြင်ဆိုတာ အကျယ်ကြီး နေရာတိုင်းက စက်လှေတွေနဲ့ သွား တဲ့ လူတွေလည်း ရှိနိုင်တယ်။ ကုန်းလမ်းက ဖြတ်ကျော်ပြီး ဝင်ထွက်နေတာလည်း ရှိတယ်။ ဒါတွေကိုလည်း စစ်နိုင်ဖို့ လိုတယ်” ဟု ထောက်ပြသည်။
အဆိုပါ စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းများသည် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်မှု မရှိသည့် ကိစ္စများ အပါ အဝင် ကိုဗစ်ရောဂါနှင့် မွတ်စလင်အရေး ကိစ္စများကြောင့် ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသည့် ကုန်သွယ်ရေး စခန်းများ ဖြစ် သည်။
ထို့အတွက် ကုန်သွယ်မှု ပမာဏ တိုးတက်မှု၊ လျော့ကျမှု အခြေအနေများကို ကိန်းဂဏန်း အတိအကျ နှိုင်းယှဉ်ရန် အခက် အခဲ ရှိသလို လက်ရှိ မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများမှာလည်း ပြည်တွင်းနိုင်ငံရေး မတည်ငြိမ် မှုကြောင့် တရုပ်နယ်စပ် အပါအဝင် တခြားနယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် အနောက်ဘက် ကုန်သွယ်မှု လမ်းကြောင်း ကို ပြောင်းလဲရောက်ရှိလာသည့် အခြေအနေသာ ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
You may also like these stories:
မြန်မာနိုင်ငံ ဖရိုဖရဲ အခြေအနေက တရုတ်အတွက် အိပ်မက်ဆိုး ဖြစ်သည်
စစ်အာဏာသိမ်းမှုက နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသာ အမြတ်ထွက်သည်
အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ မှာ ကြုံလာနေတဲ့ စီးပွားရေးပြိုကွဲခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် အငတ်ဘေး