မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စာသင်ကျောင်းများသည် ပဋိပက္ခအကြား ထိခိုက်အလွယ်ဆုံး ပစ်မှတ်များ ဖြစ်လာသည်။ စာသင်ကျောင်းမီးရှို့ခံရမှုများ ၊ စာသင်ကျောင်းဝင်းအတွင်းနှင့် ကျောင်းဝင်းအနီးဗုံးပေါက်ကွဲမှုများမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် နေ့တဓူဝ ကြားနေမြင်နေရသည်။
ထိုကဲ့သို့ ပညာသင်ကြား၊ သင်ယူရာနေရာကို ဦးတည်တိုက်ခိုက်နေမှုများမှာ ဇွန်လ ၁ ရက် စစ်ကောင်စီဘက်က ကျောင်းများ အတင်းအကြပ်ပြန်ဖွင့်ချိန်တိုင်အောင် ရပ်တန့်မသွားဘဲ ဆက်လက်မြင့်တက်နေကြောင်း မြန်မာနိုင်ငံနေရာအနှံ့အပြားမှ သတင်းများအရသိရသည်။
ကုလသမဂ္ဂကလေးများအဖွဲ့ (UNICEF) ၏ မေလ ၂ ရက်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်မှ မေလ ၃၁ ရက်အကြား စာသင်ကျောင်းများနှင့် ကျောင်း၏ဝန်ထမ်းများအား တိုက်ခိုက်မှု အနည်းဆုံး ၅၄ ခုရှိသည့်အပြင် မြန်မာစစ်တပ်က ဝင်ရောက်တပ်စွဲထားသည့် ပညာရေးဝန်ဆောင်မှုပေးသောနေရာများတွင် မတော်တဆဖြစ်မှု ၁၄၁ ခုရှိကြောင်း သိရသည်။
လူတိုင်းလွတ်လပ်စွာ ပညာသင်ယူနိုင်ခွင့်ဆိုသည်မှာ အခြေခံလူ့အခွင့်အရေးတရပ်ဖြစ်ပြီး ယင်းအခွင့်အရေးကို ပိတ်ပင်နေသော အဆိုပါတိုက်ခိုက်မှုများကို မည်သူက မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည် ဆိုသည်မှာ မေးခွန်းထုတ်စရာရှိနေသည်။
စစ်ကောင်စီဘက်က ပညာရေးဆိုင်ရာ အဆောက်အဦများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ လက်မခံကြောင်း ဆိုထားပြီး မသမာသူ အကြမ်းဖက်သမားများက ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းသူ ၊ ကျောင်းသားများကို ကာကွယ်နေရကြောင်း နိုင်ငံပိုင် သတင်းစာမှ တဆင့် နေ့စဉ်ဝါဒဖြန့်နေသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးတာဝန်ယူခဲ့ဖူးသည့် ဦးရဲထွဋ်ကမူ စာသင်ကျောင်း မီးရှို့ ၊ ဗုံးခွဲမှုများ ၊ ကျောင်းတက်သည့် ဆရာ၊ ဆရာမများကို အသက်အန္တရာယ်ခြိမ်းခြောက်သည့် လုပ်ရပ်များအား လုပ်ဆောင်သူ၊ ဝမ်းသာအားရထောက်ခံနေသူများမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းနေသည်ဆိုသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ဖြစ်ကြောင်း ပြောဆိုထားသည်။
၎င်းတို့၏ လုပ်ရပ်များသည် ပညာသင်ချင်သူများကို ဟန့်တားနေသော အာဖဂန်နစ္စတန်မှ “တာလီဘန်” များ၏ လုပ်ရပ်နှင့် တူကြောင်း ဦးရဲထွဋ်က မေလ ၁၇ ရက်တွင် သူ၏ Blog ၌ ရေးသားထားသည်။
ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) များကမူ စာသင်ကျောင်းနှင့် အရပ်သားများအား ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများကို ၎င်းတို့ မကျူးလွန်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သာ ကျူးလွန်နေခြင်းဖြစ်ကြောင်း အသီးသီးကြေညာချက်ထုတ်ထားသည်။
ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း စာသင်ကျောင်းများတွင် တပ်စွဲခြင်း ၊ စစ်ရေးအခြေစိုက်စခန်းအသုံးပြုခြင်းနှင့် ပစ်မှတ်ထားတိုက်ခိုက်ဖောက်ခွဲနေခြင်းများကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဖြစ်စေ ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ဇွန်လ ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
စစ်ကောင်စီသည် အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြသည့် ဆရာ ၊ ဆရာမများကို ဖေဖော်ဝါရီလ အကုန်ပိုင်းလောက်မှစတင်ကာ ကျည်အစစ်သုံးပစ်ခတ် နှိမ်နင်း သတ်ဖြတ်ခဲ့သည်။
ဖေဖော်ဝါရီလ ၂၈ ရက် Milk Tea Alliance နေ့တွင် ကြည်မြင့်တိုင်မြို့နယ်၊ ရန်ကုန်တိုင်း ပညာရေးမှူးရုံးရှေ့၌ ဆန္ဒထုတ်ဖော်သည့် ဆရာ၊ ဆရာမများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ပစ်ခတ်ခဲ့ရာ အလယ်တန်းပြ ဆရာမ ဒေါ်တင်နွဲ့ရီ သည် လက်မောင်းသေနတ်ကျည်ထိပြီးနောက် ကွယ်လွန်သွားသည်။
၎င်းသည် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပထမဆုံးကျဆုံးသည့် ပညာရေးဝန်ထမ်းဟု ပညာရေးဝန်ထမ်းများက ညွှန်းဆိုကြသည်။
ကိန်းဂဏန်းအတိအကျ မသိရသေးသော်လည်း စစ်ကောင်စီသည် လက်ရှိအချိန်အထိ CDM လုပ်နေသည့် ဆရာ၊ ဆရာမများကို ဖမ်းဆီးထောင်ချခြင်း ၊ ဆန္ဒထုတ်ဖော်ပါက ပစ်ခတ်ခြင်း များရှိနေကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (MTF) အဖွဲ့ဝင် CDM ဆောင်ရွက်နေသည့် ဆရာတဦးကမူ ဗုံးဖောက်ခွဲမှုများကိုမည်သူ လုပ်မှန်းမသိသော်လည်း CDM ဆရာ၊ ဆရာမများကို ဖမ်းဆီး တရားစွဲနေသူမှာ စစ်ကောင်စီတပ်ဖွဲ့များသာ ဖြစ်ကြောင်း ပြောသည်။ တရားစွဲခံရ ၊ဖမ်းဆီးထောင်ချခံရသည့် ဆရာ၊ ဆရာမ အရေအတွက်မှာ ရာဂဏာန်းဝန်းကျင်ရှိကြောင်း MTF ထံမှသိရသည်။
မြန်မာနိုင်ငံတွင် CDMဆောင်ရွက်ထားသည့် ဆရာ၊ ဆရာမ အင်အား တသိန်းခွဲကျော်ရှိပြီး အဆိုပါဆရာ၊ ဆရာမများသည် မိမိနေအိမ်တွင် မိမိမနေရဲဘဲ ထွက်ပြေးနေရကြောင်း ၎င်းက ပြောပြသည်။
“အခုက ဆရာတွေ မရှိတော့ဘူးဗျ။ ပတ်ပြေးနေရတာ။ အထိုင်ကို မနေရဲဘူး” ဟု(MTF) အဖွဲ့ဝင် ဆရာတဦးက ဆိုသည်။
စစ်ကောင်စီကို ဆန့်ကျင်သူဟု ယူဆရသူအချို့ ကလည်း Non CDM ဆရာမများကို အန္တရာယ်ပြုသည်လည်းရှိသည်။
ဇွန်လ ၃ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ဝဲဒေါင့်အုပ်စု၊ ရေလဲကြီးကျေးရွာတွင် လက်ထောက်မူလတန်းပြ ဆရာမ ၁ ဦး ကို ဒေသခံရွာသားတဦးက လက်ကို ဓားနှင့် ထိုးခဲ့သည်။
အဆိုပါဖြစ်ရပ်အတွင်း Non CDM ဆရာမသည် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ဒဏ်ရာအနာတရ ဖြစ်သွားခဲ့သည်။
မကွေးတိုင်း ဂန့်ဂေါမြို့နယ်တွင်မူ ပြီးခဲ့သည့် မေလ ၃၁ ရက်က ဂန့်ဂေါမြို့တွင် လစာထုတ်ပြီး ပြန်လာသည့် CDM တွင်မပါဝင်သော အလယ်တန်းပြ ဆရာမဒေါ်ခင်မျိုးတင့်အပါအဝင် အခြားလူ ၄ ဦးကို လူအုပ်စုတစုက သတ်ဖြတ်ပစ်ခဲ့သည်လည်း ရှိသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌ ကိုညီဇော်ကမူ မြန်မာနိုင်ငံတွင် ပညာရေးအဆောက်အဦများသာ မလုံမခြုံဖြစ်နေသည်မဟုတ်ဘဲ စစ်အာဏာသိမ်းမှုကြောင့် မြန်မာတနိုင်ငံလုံး နီးပါး ကျီးလန့်စာစားဖြစ်နေရကြောင်း ဧရာဝတီသို့ပြောသည်။
“တတိုင်းပြည်လုံးဟာ ကျောင်းမှာစာသင်သင်၊ အိမ်မှာနေနေ၊ လမ်းထိပ်ဈေးထွက်ဝယ်ဝယ် ဘယ်လို အခြေအနေမှာ ဖြစ်ဖြစ် လုံခြုံမှုမရှိပါဘူး။ စစ်တပ်ဟာ ဒီလို အခြေအနေထိဖြစ်အောင် လူသတ်အကြမ်းဖက် ဖိနှိပ်နေတာဖြစ်တယ်။ စစ်တပ်က ဖွင့်တဲ့ ကျောင်းကို လာတက်တဲ့ ကျောင်းသားကိုတောင် ဖမ်းချင်တိုင်းဖမ်းနေတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
ကျောင်းနှင့် တက္ကသိုလ်များ အနီးတွင် ထိခိုက်မှုများ ရှိနေရသည့် အရင်းခံအကြောင်းတရားမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့နှင့် မအပ်စပ်သည့် ပညာရေးအဆောက်အဦများအတွင်း အဓမ္မ ဝင်ရောက် တပ်စွဲထားသောကြောင့် ဖြစ်ကြောင်း ကိုညီဇော်က ရှင်းပြသည်။
“ကျနော်လည်း မူအရတော့ ကျောင်းနယ်မြေတွေမှာ ဘယ်လိုအကြမ်းဖက်မှုမျိုးဖြစ်စေ လက်မခံပါဘူး။ ဒါပေမယ့် အလေးအနက်ပြောလိုတာ ဘယ်ဘက်က အကြမ်းဖက်မှုဖန်တီးသည်ဖြစ်စေ တရားခံက စစ်တပ်ပဲဖြစ်တယ်။ အကြမ်းဖက်မှုမဖြစ်စေချင်ရင် စစ်တပ်ကို ကျောင်းထဲက မောင်းထုတ်နိုင်မှရမယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီက စာသင်ကျောင်းများတွင် တပ်စွဲထားပြီး ကျောင်းကားများတွင်လည်း သေနတ်တကားကားဖြင့် လိုက်ပါနေသည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီလက်ထက် ကျောင်းတက်ရေး မတက်ရေ
ကိုဗစ်ကာလ ရခိုင်တွင် ကျောင်းတက်သူ ကျောင်းသား/သူ ၃ သိန်းကျော် ရှိ