ဧရာဝတီ၊ ကျုံပျော်မြို့နယ် လှေဆွဲရွာတွင် ယနေ့ ၈ နာရီခွဲခန့်က စစ်ကောင်စီ လက်နက်ကိုင်တပ်များ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦး ကျည်ဆန် ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
လှေဆွဲရွာတွင် နေထိုင်သူ ဦးကျေးဆိုသူနှင့် လူငယ်တဦးကို စစ်ကောင်စီ လက်နက်ကိုင်တပ်များက လာရောက် ဖမ်းဆီး စဉ် ဒေသခံများက လက်မခံဘဲ ပြန်လည် ခုခံချိန်တွင် အထက်ပါအတိုင်း လှေဆွဲရွာခံ ၃ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ဦးကျေးသည် ရန်ကုန်သို့ ငှက်ပျောသီးများ တင်ပို့နေသူတဦး ဖြစ်ပြီး ၎င်းတင်ပို့လိုက်သည့် ငှက်ပျောကားတစီးတွင် လက် နက်ပါလာသည်ဆိုသော အကြောင်းပြချက်ဖြင့် လာရောက် ဖမ်းဆီးခြင်း ဖြစ်သည်။
ကောင်စီတပ်များသည် ဆိုင်ကယ် ၆ စီး၊ ကားတစီးဖြင့် လှေဆွဲရွာထဲသို့ ဝင်ရောက်နေစဉ် အနီးနားရှိ ဒေသခံများက Gas သေနတ်များဖြင့် ရွာကို ဝိုင်းထားခဲ့ကြောင်း၊ ရွာကို ဝိုင်းနေစဉ် စစ်ကောင်စီတပ်မှ လက်နက်ကိုင်တချို့က တွေ့ မြင်ခဲ့ပြီး ကျည်အစစ်၊ အသံဗုံးတို့ဖြင့် စတင်ပစ်ခတ်ခြင်း ဖြစ်ကြောင်း ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။
“ကျနော်တို့ ကလေး ၂ ယောက်လောက်ကို တွေ့ သွားတော့ သူတို့ဘက်က စပစ်တယ်။ အသံဗုံးတွေလည်း ပါတယ်။ ကျည်အစစ်တွေလည်း ပါတယ်။ ကျနော်တို့ ရှေ့မှာက ငှက်ပျောပင်တွေ ရှိတော့ ငှက်ပျောပင်တွေဆို ပြတ်ထွက်ကုန်တာ။ အခေါက်တွေ ပွင့်ထွက်ကုန်တယ်”ဟု ကျုံပျော် ဒေသခံတဦးက ပြောသည်။
၎င်းက ဆက်၍ “အခုကျဆုံးတာက ကျနော်တို့ ခေါင်းဆောင်ပဲ ပြောပါတော့။ သူ့သားတယောက်လည်း ပါတယ်။ ကိုကုလား တို့ သားအဖပေါ့။သူတို့သားအဖမှာ သားဖြစ်သူက တခါဆန္ဒပြလို့ အဖမ်းခံရဖူးသေးတယ်။ နာမည်တွေတော့ မပြောချင်ဘူး။ နောက်ထပ်ကျတဲ့သူက အကြီးကောင်လို့ ခေါ်တယ်။ အားလုံး ၃ ယောက် ကျသွားတယ်။ လှေဆွဲရွာခံတွေပါ”ဟု ပြော သည်။
၎င်းတို့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ပုံစံဖြင့် ဖွဲ့ စည်းထားသည့် အဖွဲ့ မျိုး မရှိဘဲ ကျေးရွာတရွာလျှင် လူငယ် ၅ ဦးခန့်ဖြင့် ကျေးရွာ လုံခြုံရေးအတွက် စုဖွဲ့ ထားခြင်းမျိုးသာ ရှိကြောင်း၊ ယခု အပစ်ခံရသူများမှာလည်း PDF အဖွဲ့ဝင်များ မဟုတ်ကြောင်း ဒေသခံများက ပြောသည်။
“သူတို့က ကျုံပျော်မြို့ထဲကို ပြန်တက်မှာ။ ကျနော်တို့က ရွာပြင်မှာ နေရာယူထားတဲ့အချိန် သူတို့ ကင်းအဖွဲ့က ကျနော်တို့ကို သွားတွေ့ တာ။ အဲဒီမှာ အပြန်အလှန် ပစ်ကြတာ။ ကျနော်တို့မှာ Gas သေနတ်လောက်ပဲ ရှိတယ်။ အခု နောက်ဆုံး အခြေ အနေက အခု ကား ၃ စီး ထပ်ရောက်လာတယ်။ အကုန်လုံး ကား ၄ စီး ဖြစ်သွားပြီ”ဟု လှေဆွဲရွာခံတဦးက ပြောသည်။
ယခု လှေဆွဲကျေးရွာ တည်ရှိသည့် ဇရစ်ရိုး ကျေးရွာ အုပ်စုတခုလုံးကို ပစ်မိန့်ပေးလိုက်သည်ဟု ကြားသိရကြောင်း၊ လှေဆွဲ ကျေးရွာသည် ကျုံပျော်မြို့ နှင့် ၃ မိုင်ခန့်သာ ကာဝေးပြီး အနီးနားရှိ ကျေးရွာများ ဖြစ်သော တူးမြောင်း၊ ပျဉ်းကတိုးကုန်း၊ ထန်းတောကုန်းသာ၊ ဖီးစကာ၊ ဒေါင်းအိုင်၊ တောက်တဲ့ရိုး၊ ကန္ဒား စလော်ရုံး၊ ကန္ဒားညောင်ဝိုင်းကျေးရွာမျာမှ ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
ယနေ့ နေ့လယ်ပိုင်းကလည်း စစ်ကူလာသည့် ကားတစီး လှေဆွဲရွာသို့ မရောက်မီ ကန္ဒား ညောင်းဝိုင်း ရွာနားတွင် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း၊ သို့သော် ထိခိုက်ကျဆုံးသူ မရှိသေးကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများသည် ပုံစံမျိုးစုံဖြင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကို မြန် မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ခုခံ တိုက်ခိုက်လျက်ရှိရာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်သည် ပထမဆုံးအကြိမ်အဖြစ် ရရာလက်နက်ဖြင့် ခုခံတော်လှန်သည့်နေရာတွင် ပါဝင်လာခြင်းလည်း ဖြစ်သည်။
You may also like these stories:
မိုးဗြဲ ရဲစခန်းကို PDF က ဝင်တိုက်၊ စစ်ကောင်စီဘက်မှ လက်နက်ကိုင် ၂၀ ဦး သေဆုံး
ပြည်တွင်းစစ်နှင့် ပြောက်ကျားစစ်ဆင်ရေး
ကနီ – မင်းကင်း လမ်းပေါ်တွင် တိုက်ပွဲ ဖြစ်၊ စစ်ကားများ မိုင်းဆွဲခံရ