စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ရရာလက်နက်ဖြင့် ပြန်လည် ခုခံနေသည့် မင်းတပ်ဒေသကို စစ်ကောင်စီ လက်နက်ကိုင် တပ်များက ယမန်နေ့(ဇွန်လ ၆ ရက်)က စတင်ကာ မြေပြင်ထိုးစစ်အပြင် လေကြောင်းက တိုက်လေယာဉ်ပါ အသုံးပြု၍ ဖိ တိုက်လာကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များထံမှ သိရသည်။
ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၆ နာရီခွဲအထိ အနည်းဆုံး နေရာ ၄ ခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ကာကွယ်တပ် များဘက်မှ ၃ ဦး သေဆုံးပြီး ဒဏ်ရာ ရရှိသူ ၂၀ ကျော် ရှိကြောင်း တိုက်ပွဲဖြစ်စဉ်များကို သိရှိသူ မင်းတပ်ဒေသခံတဦးက ပြောသည်။
“မနေ့က တနေကုန်နီးပါး ပစ်ကြတာ။ တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ သူတို့က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ မင်း တပ် ၂၇၄ ခြေလျင် တပ်ရင်းကနေ အမြောက်တွေနဲ့ ပစ်တယ်။ ကျောက်ထုဘက်ကနေလည်း ပစ်တယ်။ ပြီးရင် တိုက်လေ ယာဉ်ကနေ ၂ ခါ ဗုံးကြဲတယ်။ ဒီနေ့လည်း မနက်အစောကတည်းက ပစ်နေပြီ”ဟု ယင်းမင်းတပ်ဒေသခံက ပြောသည်။
စစ်ကောင်စီဘက် စစ်မျက်နှာ ၄ ခု ဖွင့်၍ တိုက်ခဲ့ပြီး မင်းတပ်မြို့ အပြင်ဘက်ရှိ စစ်ရှောင်စခန်းများ ရှိသည့် နေရာများသို့ ဦးတည် တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း၊ လုပ်ရှဲကျေးရွာ၊ ရက်ရောကျေးရွာ၊ ရှစ်ကျေးရွာနှင့် ရှဲမာကျေးရွာတို့ အနီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအောက်ချင်းက ယခုတခေါက် တိုက်ပွဲများသည် ဇွန်လ ၂ ရက်နေ့မှ စတင်ခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက်စလုံးတွင် အထိအခိုက် အကျအဆုံးများ ရှိကြောင်း၊ စစ်ရှောင်ပြည်သူများ နေထိုင် သည့် ဘက်သို့ ထိုးစစ်ဆင်လာသဖြင့် ဒေသခံ PDF များက ကာကွယ်ပေးရခြင်း ဖြစ်ကြောင်း ပြောသည်။
“မြန်မာနိုင်ငံရဲ့ ၁ ရာခိုင်နှုန်းလောက်တောင် မရှိတဲ့ နေရာလေးကို ဒီလောက်ကြီးတဲ့ စစ်တပ်ကြီးတွေ လွှတ်ပြီး အပြင်း အထန် ထိုးစစ်ဆင်နေတယ်ဆိုတာ ကျနော်တို့ကို လူမျိုးတုန်း သတ်ဖြတ်မှုပေါ့။ ကျနော်တို့မှာ ပြေးစရာ မြေလည်း မရှိ တော့ဘူး။ တောထဲတောင်ထဲမှာ နေနေရတယ်”ဟု ဆလိုင်းအောက်ချင်းက ပြောသည်။
လက်ရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်ကလည်း သေဆုံးသူ အနည်းဆုံး ၅၀ ခန့် ရှိကြောင်း CDF က ပြောဆိုပြီး ဒေသခံ တချို့က ၈၀ ဦးအထိ သေကြောင်း ပြောဆိုသော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဆလိုင်းအောက်ချင်းကဆက်၍“ဒီနေ့လည်း မနက် ၄ နာရီ ကတည်းက ထိုးစစ်ပြန်ဆင်လာတဲ့အတွက် ခုခံ ကာကွယ်နေရ တယ်။ စစ်ဘေးရှောင်တွေကို ကာ ကွယ်ပေးနေတယ်။ အခုလို စစ်ရှောင်စခန်းတွေကိုပါ တိုက်လာတော့ အထုတ်ပြန်ဆွဲပြီး နောက်တနေရာ ထပ်ပြေးရမယ့် ပုံစံ ဖြစ်နေတယ်”ဟု ပြောသည်။
ယမန်နေ့က ညပိုင်းအထိ ထိုးစစ်ဆင် တိုက်ခိုက်လာသော်လည်း CDF ဘက်က ခုခံ ကာကွယ်နိုင်သဖြင့် ရှေ့ဆက် မတိုး နိုင်ကြောင်း၊ ထို့ကြောင့် အင်အား ထပ်ဖြည့်လာပြီး ယနေ့တွင် ဆက်လက် တိုက်ခိုက်လာကြောင်း သိရသည်။
“သူတို့ဘက်က ဓါတု အဆိပ်လက်နက်တွေ သုံးတယ်။ အဲဒီလက်နက်ကို ရှုရိုက်မိတဲ့သူတွေ လုံးဝ ပျော့ခွေသွားတာမျိုး ကြုံရတယ်။ လက်နက်ကြီး တောက်လျှောက်ပစ်တဲ့အတွက် အဲဒီအပိုင်းအစတွေ ထိခိုက်မိတာ တော်တော်များတယ်။ လက်နက်ကြီးကြောင့် ကျနော်တို့ဘက်က တော်တော်လေးကို အထိနာတယ်”ဟု မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအောက်ချင်းက ပြောသည်။
ယခုတိုက်ပွဲများသည် မင်းတပ်မြို့ ၏ အရှေ့ဘက်နှင့် မြောက်ဘက်ခြမ်းတွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားရာအနီးရှိ ဒေသခံတဦးက“သူတို့ဘက်က တက်လာတော့ ဒီဘက်ကလည်း စောင့်ပြီး တိုက်တာပေါ့။ ဒါပေ မယ့် စစ်ဘေးရှောင်တွေကတော့ ဒုက္ခများလာတယ်။ ရွာတရွာကို ပြေးတယ်။ အဲဒီရွာမှာ စစ်ပြန်ဖြစ်ရင် နောက်တရွာကို ထပ်ပြေးတယ်။ စစ်ကောင်စီကလည်း စစ်ရှောင်စခန်းတွေကို ဦးတည်တိုက်နေတယ်”ဟု ပြောသည်။
၎င်းက ဆက်၍“သူတို့အတွက် စားနပ်ရိက္ခာသယ်တဲ့ လမ်းကြောင်းတွေကို ပိတ်ချင်တဲ့ အနေအထားရှိတယ်။ အဲဒီနေရာ တွေကိုပဲတိုက်တာ။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတင်တဲ့ လမ်းကြောင်းတွေကို ဦးစားပေးပြီးတော့ တိုက်တယ်။ အဓိ ကကတော့ ပြည်သူတွေကို ပစ်မှတ်ထားလာတယ်”ဟု ပြောသည်။
စစ်ရှောင်သူများသည် မင်းတပ်မြို့ ပေါ်ရှိ စစ်ရှောင်စခန်း ဖွင့်လှစ်ထားသည့် ဘာသာရေးကျောင်းများသို့ မသွားကြဘဲ တော ထဲသို့ ပြေးသူသာ ပိုများလာသဖြင့် စစ်ရှောင် ဦးရေမှာ ၁ သောင်းခွဲကျော် ရှိလာပြီ ဖြစ်ကြောင်း၊ ယခုလို တိုက်ပွဲများကြောင့်
ရေရှည်တွင် စစ်ရှောင်သူဦးရေနှင့် စားနပ်ရိက္ခာ လောက်ငှရန် မဖြစ်နိုင်တော့ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း မင်းတပ်မြို့ တောင်ဘက် ၆ မိုင်အကွာရှိ ဘူကွန်းရွာသို့ တပ်ဆွဲရန် ရောက်ရှိလာ သည့် စစ်ကောင်စီတပ်နှင့် ဒေသ ကာ ကွယ်ရေးတပ်ဖွဲ့ များကြား ရွာအောက်ဘက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် စလုံးတွင် ထိခိုက် သေဆုံးမှုများ ရှိခဲ့သည်။
မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ဆန္ဒပြရင်း အဖမ်းခံရသူ လူငယ် ၇ ဦးကို ပြန်မလွှတ်ပေးသည့် ကိစ္စမှ အ ကြောင်းပြု၍ ဒေသခံများက ရဲစခန်းသို့ သွားရောက် တောင်းဆိုခဲ့ရာမှ ညှိနှိုင်းမှု မပြေလည်ဘဲ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။