အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အထူးသံတမန်နှစ်ဦးနှင့် စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့တွင် ASEAN-တရုတ် နိုင်ငံခြားရေး ဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေးနေစဉ် ဒေသတွင်းသံတမန်ရေးအားထုတ်မှုကို အယုံအကြည် မရှိကြောင်း မြန်မာစစ်အာဏာသိမ်းမှု ဆန့်ကျင်သူများက ပြောသည်။
ASEAN သည် မြန်မာနိုင်ငံအကျပ်အတည်းမှ ထွက်ပေါက်ရှာရန် အဓိကကျသည့် နိုင်ငံတကာ သံတမန်ရေးအားထုတ်မှုကို ဦးဆောင်နေသည်။ တရုတ်နိုင်ငံကလည်း ASEAN ၏ သံတမန်ရေး ကြိုးပမ်းချက်ကို ထောက်ခံကြောင်းပြောသည်။
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို စစ်တပ်ကဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်နေသည်။
“ASEAN ရဲ့အားထုတ်မှုကို ကျနော်တို့အယုံအကြည်မရှိဘူး” ဟု စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးပြောသည်။ NUG သည် နိုင်ငံတော်သစ္စာဖေါက်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားပြီး NUG အဖွဲ့ဝင်များကိုလည်း အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသည်။
“သူတို့မှာ အယုံအကြည်ရှိအောင် ခိုင်မာတဲ့ အစီအစဉ်ရှိမယ် မထင်ဘူး” ဟု ASEAN နှင့် ပတ်သက်ပြီး သောကြာနေ့ အင်တာနက်သတင်းစာရှင်းလင်းပွဲတွင် ဦးမိုးဇော်ဦးက ပြောကြားခြင်းဖြစ်သည်။ သို့သော် ထိုသတင်းစာရှင်းလင်းပွဲကျင်းပစဉ် စစ်ကောင်စီက မြန်မာနိုင်ငံတဝန်း အင်တာနက်များ ဖြတ်တောက်လိုက်သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သောကြာနေ့တွင် ASEAN အတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်နှင့် ASEAN ဥက္ကဌ ဘရူနိုင်းနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူစွတ် တို့နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လူသားချင်းစာနာမှု ပြဿနာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ န်ိုင်ငံတည်ငြိမ်သောအခါ ရွေးကောက်ပွဲကျင်းပရေးနှင့် စစ်အာဏာသိမ်းမှုဖြစ်စေသည့် လွန်ခဲ့သောနှစ် ရွေးကောက်ပွဲမသမာမှုများကို ဆွေးနွေးသည်ဟု စစ်တပ်ပိုင် မီဒီယာများက ဖေါ်ပြသည်။
သို့သော် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် ASEAN အထူးသံတမန်များက စစ်ကောင်စီကို တောင်းဆိုခဲ့ပြီး ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုအပြီးဖြစ်ပေါ်နေသော ဖရိုဖရဲအခြေအနေများ အဆုံးသတ်ရေး ဒေသတွင်း ဘုံသဘောတူညီချက်များ အကောင်အထည်ဖေါ်ရေးကို ဆွေးနွေးခဲ့ကြောင်း ASEAN က ထုတ်ပြန်ကြေညာသည်။
၎င်းတို့သည် “အမျိုးသမီးများ၊ ကလေးများနှင့် နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်” တောင်းဆိုခဲ့ကြောင်းလည်း ထိုကြေညာချက်က ဆိုသည်။ ထိုတောင်းဆိုမှုသည် ဘုံသဘောတူညီချက်တွင် ပါဝင်ခြင်း မရှိသော်လည်း ASEAN အဖွဲ့ဝင်အများအပြားက ထောက်ခံသော တောင်းဆိုချက်ဖြစ်သည်။
အထူးသံတမန်များ၏ ခရီးစဉ်မှာ ဧပြီလနှောင်းပိုင်းက ASEAN ခေါင်းဆောင်များ ဂျကာတာတွင်တွေ့ဆုံစဉ် သဘောတူညီခဲ့သည့် အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်၏ အစိတ်အပိုင်းဖြစ်သည်။ ထိုအစည်းအဝေးကို မင်းအောင်လှိုင်လည်းတက်ရောက်ခဲ့ပြီး ASEAN အဖွဲ့ဝင်များက အောင်မြင်သော အစည်းအဝေးအဖြစ်သတ်မှတ်ခဲ့သည်။
သို့သော် မြန်မာစစ်ကောင်စီသည် ဧပြီလက သဘောတူခဲ့သည့် အချက် ၅ ချက်ကို ဂရုစိုက်သည့် လက္ခဏာမပြသလောက်ပင်ဖြစ်သည်။ ထိုသဘောတူညီချက်များသည် အကြမ်းဖက်မှုအဆုံးသတ်ရေး၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးနှင့် ဒေသတွင်း အထူးသံတမန် တဦးခန့်အပ်ရေးတို့ပါဝင်သည်။
ထိုသို့ ASEAN အနေဖြင့် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနေချိန်တွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ချုံချင့်မြို့တွင် ASEAN-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို ဆက်တိုက်ဆိုသလို ပြုလုပ်သည်။ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်ကိုလည်း ထိုအစည်းအဝေး တက်ရောက်ရန် ဖိတ်သည်။
ဖရိုဖရဲဖြစ်နေသော နိုင်ငံ
အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း သပိတ်မှောက်မှုများ၊ ဆန့်ကျင်ဆန္ဒပြပွဲများဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံသည် ဖရိုဖရဲအခြေအနေရောက်ကာ စီးပွားရေး ရပ်ဆိုင်းသွားပြီး စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် အသစ်ဖွဲ့စည်းလိုက်သည့် ပြည်သူ့စစ်များအကြား တိုက်ပွဲများကြောင် လူပေါင်းသောင်းချီနေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
စစ်ကောင်စီတပ်များက လူအနည်းဆုံး ၈၄၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ၄၅၀၀ ကျော်ကို ဖမ်းထားကြောင်း တက်ကြွလှုပ်ရှားသည့်အဖွဲ့တခုကပြောသည်။ စစ်ကောင်စီက ထိုကိန်းဂဏန်းကို ငြင်းသည်။
မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အာဏာသိမ်းထားသော စစ်တပ်က နှစ်နှစ်အတွင်း ဒီမိုကရေစီစနစ်သို့ ပြန်သွားမည်ဟု ကတိပေးထားသည်။
သို့သော် အရေးအကြီးဆုံးအမှုများတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးမည့်သူ မရှိဘဲ ကိုယ်တိုင်လျှောက်လှဲမည်ဟု ဖေါ်ပြထားသောကြောင့် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေက သောကြာနေ့တွင် ပြောသည်။ ထိုသို့ အရေးပါသောအမှုများအနက်တခုတွင် သြစတြေးလျ စီးပွားရေးအကြံပေး ရှောင်တာနဲလ်လည်း ပါဝင်နေသည်။
“သူတို့မှာ ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးမယ့်သူ မရှိမှာနဲ့ ပွင်းလင်းမြင်သာမှု မရှိမှာကို ကျနော်တို့ စိုးရိမ်တယ်” ဟု ဦးခင်မောင်ဇော်က Reuters သို့ ပြောသည်။
ဒီမိုကရေစီလိုလားသော အုပ်စုများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာရပါတီထောက်ခံသူများဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၎င်းတို့သည် ပဋိပက္ခများကို အဆုံးသတ်ပြီး ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲမည်ဖြစ်ကြောင်း၊ သို့သော် စစ်အာဏာသိမ်းခေါင်းဆောင်များကို ဦးစွာနှိမ်နင်းရမည်ဖြစ်ကြောင်း သောကြာနေ့တွင်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တနိုင်ငံလုံးတွင် ဖွဲ့စည်းထားကြောင်းနှင့် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း NUG ဒုတိယကာကွယ်ရေးဝန်ကြီ ဒေါ်ခင်မမမျိုးပြောသည်။
“ NUG အစိုးရဟာ အချိန်တချိန်ကို ရောက်ရင် စစ်ပွဲတခု စတင်မယ်။ အချိန်ကျလာတဲ့အခါ စစ်ကောင်စီကို ချေမှုန်းဖို့ အတူတူတိုက်မယ်” ဟုလည်း သူပြောသည်။
“လတ်တလော ခေါင်းဆောင်ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ ဘုံရန်သူ အကြမ်းဖက်စစ်ကောင်စီကို ချေမှုန်းဖို့က အရေးကြီးတယ်” ဟုလည်း သူပြောသည်။
စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ရရာလက်နက်ဖြင့် ပြန်လည် ခုခံနေသည့် မင်းတပ်ဒေသကို စစ်ကောင်စီ လက်နက်ကိုင် တပ်များက ဇွန်လ ၆ ရက်က စတင်ကာ မြေပြင်ထိုးစစ်အပြင် လေကြောင်းက တိုက်လေယာဉ်ပါ အသုံးပြု၍ ဖိတိုက်လာကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များထံမှ သိရသည်။
ဇွန်လ ၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာဖြစ်စဉ်တွင်လည်း စစ်ကောင်စီ လက်နက်ကိုင်တပ် များ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား။ ။ Aljazeera, Reuters
You may also like these stories:
အကျဉ်းသား လွှတ်ရန်နှင့် သဘောတူညီချက် လိုက်နာရန် မြန်မာကို အာဆီယံ တိုက်တွန်း
တူမီးဖြင့် ခုခံသည့် မင်းတပ်ကို စစ်ကောင်စီတပ်က လေယာဉ်ပါ သုံး၍ ဖိတိုက်နေ
ကျုံပျော်မြို့နယ် လှေဆွဲရွာ ဖြစ်စဉ် သေဆုံးသူ အရပ်သား ၄ ဦးအထိ ရှိလာ
အလောင်း မကောက်နိုင်တော့သည်အထိ စစ်တပ် အခြေအနေဆိုး