ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မိုးပညာဒါန ပရဟိတ သင်တန်းကျောင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်ဝင်းနိုင်၊ နာယက အဖွဲ့ဝင်များနှင့် သင်တန်းသားများ အပါအဝင် စုစုပေါင်း ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။
ယင်းသင်တန်းကျောင်းမှ ကျောင်းအဖွဲ့ဝင် တဦးက “သူတို့က သံတွဲမြို့ကို သင်တန်းအတွက် စက်ပစ္စည်းဝယ်ဖို့ သွားတာ။ ဘယ်လို အဖမ်းခံရတယ် ဆိုတာတော့ တိတိကျကျ မသိဘူး။ သူ့မိန်းမက သူ့အမျိုးသား ပြန်ရောက်မလာလို့ ဖုန်းခေါ်တာ မရဘူး။ သူ ဝင်ထွက်နေကျ သူ့မိတ် ဆွေ အိမ်တွေကို ဖုန်းဆက်မေးတော့လည်း မရောက်ဘူးဆိုမှ စုံစမ်းကြည့်တော့ မျက်မြင် တယောက်က စစ်သားတွေ ဖမ်းခေါ် သွားတယ် ဆိုတာသိရတာ” ဟု ဧရာဝတီသို့ ပြောသည်။
မိသားစုဝင်များက ထိုသို့ ကိုအောင်ဝင်းလှိုင် အပါအဝင် ဒေသခံ ၇ ဦးကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားကို မသိရှိ သလို မည်သို့ အရေးယူ ဆောင်ရွက်ထားသည်ကိုလည်း မသိရှိကြောင်း ပြောသည်။
အဆိုပါ မိုးပညာဒါန သင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင် ကျော်အကွာ မိုးတောင်ရွာတွင် တည်ရှိပြီး ၂၀၂၁ ခုနှစ် ဧပြီလ အတွင်းက စတင် တည်ထောင်ကာ ယခုလ ဇွန်လ ၂ ရက်တွင် သင်တန်း စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ သင်တန်းတွင် ကွန်ပြုတာ၊ အခြေခံ အင်္ဂလိပ်စကားပြော၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေး ပညာများကို သင်ကြား ပို့ချပေးကြောင်းလည်း သိရသည်။
ဖမ်းဆီးခံထားရသူ တဦး၏ ဇနီးက မျက်မြင်တွေ့ရသည့် ကျေးရွာသားများ၏ ပြောပြချက်အရ ၎င်း၏ အမျိုးသား အပါအဝင် သင်တန်းကျောင်းမှ ဒေသခံ ၇ ဦးကို တောင်ကုတ်အခြေစိုက် ခမရ ၃၄၆ တပ်ရင်းမှ ဖမ်းဆီး သွားကို သိရှိကြောင်း ပြောသည်။
၎င်းက “ကျမ အမျိုးသားကို ဖုန်းဆက် မရတော့ ကျမ စိုးရိမ်ပြီး သူ့အသိမိတ်ဆွေတွေကို ဖုန်းဆက်မေးပါတယ်။ နောက်ပိုင်းမှ မျက်မြင်တွေက သူတို့ ကားကို ခမရ ၃၄၆ စစ်တပ်က ဝိုင်းပြီးတော့ ဖမ်းသွားတာကို မြင်လိုက်တယ်လို့ ပြော ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖမ်းဆီးခံရမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် နယ်ထိန်း ရဲအရာရှိတို့က ယမန်နေ့ ဇွန်လ ၆ ရက်က ကိုအောင်ဝင်းနိုင်၏ ဇနီးအား ရဲစခန်းသို့ ခေါ်ယူမေးမြန်းမှုများကို ပြုလုပ်ခဲ့ကြောင်း ဖမ်းဆီးခံထားရသူတဦး၏ မိသားစုဝင်က ပြောသည်။
၎င်းက “မနေ့က မြို့နယ်မှူးနဲ့ နယ်ထိန်းအရာရှိတို့ ခေါ်ပြီး မေးပါတယ်။ အမျိုးသား ဘယ်အချိန်ထွက်သွားတာလဲ၊ ဘယ်သူဖမ်းတာလဲ၊ စစ်တပ်က ဖမ်းတယ်ဆိုတာ အတိအကျ ဘယ်လို ပြောနိုင်တာလဲ ဆိုတာ မေးပါတယ်။ သူတို့ကို ဖမ်းတာ လူတွေ အများကြီး မြင်လိုက်တယ်။ ကားလမ်းမ အနီးက လူတွေ အတိအကျ ပြောတယ်ဆိုတာ ပြောလိုက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တောင်ကုတ်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တဦးကတော့ ၎င်းတို့အား စစ်တပ်မှ ဖမ်းဆီးခဲ့ထားဟု သတင်းများ ထွက်ပေါ်နေ သော်လည်း လက်ရှိအချိန်အထိတော့ ရဲစခန်းသို့ တရားဝင် လွှဲပြောင်းလာခြင်း မရှိသေးကြောင်း ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း အား ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။
လက်ရှိအချိန်တွင် မိသားစုဝင်များ၏ စုံစမ်းချက်များအရ ၎င်းတို့ ၇ ဦးကို တောင်ကုတ် အခြေစိုက် စကခ ( ၅ ) တပ်မဌာနချုပ် တွင် ချုပ်နှောင် စစ်ဆေးမှုများကို လုပ်ဆောင်နေသည်ကို သိရှိရပြီး ချုပ်နှောင် စစ်ဆေးစဉ် တစုံတရာ ဖြစ်မည်ကိုလည်း မိသားစုဝင်များက စိုးရိမ်နေရကြောင်း ပြောသည်။
You may also like these stories:
AA နှင့် ပတ်သက်၍ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုထားမှုများ ရုပ်သိမ်းလွှာတင်ထား
မြန်မာ – ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ၂ လတာအတွင်း ကန်ဒေါ်လာ ၄ သန်းကျော် ရှိ