အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ရိုဟင်ဂျာမူဝါဒ သဘောထား ထုတ်ပြန်ချက်မှာ ရခိုင်လူမျိုးများ၏ သဘောဆန္ဒ မပါဝင်သဖြင့် ရခိုင်လူမျိုးများကို ကိုယ်စား မပြုသည့် မူဝါဒ ဖြစ်သည်ဟု ရခိုင်အသိုင်းအဝိုင်းက တုံ့ပြန် ပြောဆိုလိုက်သည်။
NUG သည် ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကို ဖြေရှင်းရန် ရိုဟင်ဂျာ မူဝါဒ သဘောထားတခုကို ဇွန် ၃ ရက်က လူထုရှေ့ ထုတ်ပြန် ကြေညာခဲ့ပြီး ရိုဟင်ဂျာများအတွက် အနာဂတ်တွင် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ လက်ရှိ တည်ဆဲနိုင်ငံသားဆိုင်ရာ ဥပဒေများနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြဋ္ဌာန်းခြင်း လုပ်ငန်းစဉ်များကို ပယ်ဖျက်ကြောင်းလည်း ကြေညာထားသည်။
NUG ၏ လုပ်ဆောင်ချက်ကို ရခိုင်တမျိုးသားလုံး ညီညွတ်ရေး ကော်မတီက ရခိုင်လူထု သဘောထား မပါဝင်ကြောင်း ထုတ် ပြန်သည့်အပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကလည်း စာတစောင်ထုတ်ပြန်ကာ လက်မခံနိုင်ကြောင်း ပြောဆိုနေ ကြခြင်း ဖြစ်သည်။
ALP ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “ဒီနေ့ ဘင်္ဂါလီကုလားတွေရဲ့ကိစ္စက ကျနော်တို့ နိုင်ငံရဲ့ထိ လွယ်ရှ လွယ်ကိစ္စဆိုတာ အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။ NUG က အစိုးရတရပ် ဖွဲ့တာလည်း မကြာသေးဘူး။ နုနုနယ်နယ်အစိုးရ တရပ်က ဒီကိစ္စကို ရခိုင်တော်လှန်ရေး အဖွဲ့တွေ ရခိုင် Stakeholders တွေ ရခိုင့် CSO တွေ ရခိုင်နိုင်ငံရေးပါတီတွေ သဘော ထား ဘာတခုမှ မပါဘဲ သူ့သဘောနဲ့သူ ဒါတွေ လုပ်လာတာက အကောင်းဘက်ကို ဦးတည်မနေဘူးလို့ ကျနော်တို့ ပါတီက ခံ ယူတယ်” ဟု ပြောသည်။
ALP သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့နှင့်အတူ တနိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးကာ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လျက် ရှိနေ သည့် အဖွဲ့ ဖြစ်သည်။
ALP က NUG ၏ ရိုဟင်ဂျာမူဝါဒ သဘောထားအပေါ်တွင် လက်မခံနိုင်ကြောင်း ပြောဆိုသည့်အပြင် ရခိုင်ပြည်၏ ပြဿနာကို ဖြေရှင်းရာတွင် ပြည်နယ်၏ မူလပိုင်ရှင်များ ဖြစ်သည့် ရခိုင်ပြည်သူများကသာ အဓိက ကျကြောင်း၊ ရခိုင်အသိုင်းအဝိုင်းနှင့် ညှိနှိုင်း ဆွေးနွေးခြင်း၊ ရခိုင်တို့၏ သဘောဆန္ဒ မပါဘဲ လုပ်ဆောင်သည့် မည်သည့်လုပ်ရပ်ကိုမှ လက်ခံမည် မဟုတ်ကြောင်း ကိုလည်း ဇွန် ၅ ရက်က စာတစောင် ထုတ်ကာ ပြောဆိုထားသည်။
တည်ငြိမ်စ ပြုနေသည့် ရခိုင်ပြည်နယ်အရေးကို NUG က ပိုရှုပ်ထွေးအောင် လုပ်သည်ဟု ရှုမြင်သည့်အပြင် ရခိုင်ပြည်နယ် အရေးသည် ပါတီတခု၊ အစိုးတရပ်၏ လိုအင်ဆန္ဒအတွက် အသုံးချစရာ မဖြစ်သင့်ပါ ဟုလည်း ALP က ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
ဒုဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က “ဒီပြဿနာ ချုပ်ငြိမ်းဖို့ဆိုရင် ရခိုင်ပြည်ထဲမှာရှိနေတဲ့ သက်ဆိုင်ရာ ရခိုင်ပညာရှင်တွေ ရခိုင် နိုင်ငံရေး အဖွဲ့အစည်းတွေရော ရခိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရော အားလုံး သူတို့ မွတ်စလင် အသိုင်းအဝိုင်းက လူတွေရော ညှိညှိနှိုင်းနှိုင်းနဲ့ ဆွေးနွေးပြီး သွားမယ်ဆိုရင် ပြေလည်နိုင်တယ်လို့ ခံယူတယ်။ မဟုတ်ဘဲ တဖက်လှည့်နဲ့ လုပ်လာ ရင်တော့ ပိုပြီး ဆိုးသွားပါလိမ့်မယ်” ဟုလည်း ဆိုသည်။
ရခိုင်တမျိုးသားလုံး ညီညွတ်ရေး ကော်မတီကလည်း NUG ၏ ရိုဟင်ဂျာ မူဝါဒသဘောထား ထုတ်ပြန်ချက်သည် ရခိုင် ပြည်သူ များနှင့် သက်ဆိုင်ခြင်း မရှိသည့် ကြေညာချက်သာ ဖြစ်ပြီး ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်လုပ် သည့် လုပ်ရပ်ဟု ဇွန် ၆ ရက်က စာတစောင် ထုတ်ပြန်ကာ ပြောဆိုထားသည်။
ရခိုင်လူမျိုးများအနေဖြင့် လူမျိုး တမျိုးက မိမိကြိုက်နှစ်သက်သည့် အမည်နာမကို လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိသည့်အပေါ် လက်ခံသော်လည်း ထိုလူမျိုးတမျိုး၏ အမည်နာမ ရွေးချယ်မှုက ဌာနေ တိုင်းရင်းသားများ၏ ဖြစ်တည်မှု၊ သမိုင်းအမှန်ကို ဖျောက်ဖျက်လိုသည့် ရည်ရွယ်ချက်၊ ရခိုင်ဒေသ၏ နယ်မြေ၊ နိုင်ငံရေး၊ လူမှုစီးပွား အကျိုးဆိုင်ရာများ၊ ရခိုင်နှင့် မျိုးနွယ်စုငယ် များ၏ အနာဂတ်ကို တိုက်ရိုက် ခြိမ်းခြောက်နေသည်ဟူ၍လည်း စာထဲတွင် ရေးသားထားသည်။
NUG ၏ ရိုဟင်ဂျာမူဝါဒ သဘောထား ထုတ်ပြန်ချက်မှာ နိုင်ငံတကာထောက်ခံမှုနှင့် အကူအညီကို ရလိုခြင်းကြောင့် လုပ် ဆောင်သည့် နိုင်ငံရေး ကစားကွက် ဟုလည်း ရခိုင်တမျိုးသားလုံး ညီညွတ်ရေး ကော်မတီက ဆိုထားသည်။
ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီသည် ရခိုင်ပြည်နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ နိုင်ငံရေး သမားများ ပါဝင်သည့် ကော်မတီတရပ်ဖြစ်သည်။
ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီက ထုတ်ပြန်ချက် ထုတ်ထားသော်လည်း ဧရာဝတီက သီးခြားဆက်သွယ် မေးမြန်း ရာတွင် ထိလွယ်ရှလွယ် ကိစ္စရပ်ဖြစ်သဖြင့် အခြားမှတ်ချက်များ ထပ်မံပေးရန် မပြုလုပ်လိုသေးကြောင်း ပြောဆိုသည်။
ရခိုင်ပြည်နယ်တွင်း မွတ်စလင်အသိုင်းအဝိုင်းအရေးသည် မြန်မာအစိုးရ အဆက်ဆက်က ဖြေရှင်းနိုင်ခြင်း မရှိသေးသည့် ပြဿနာ ဖြစ်ကာ ရခိုင်ပြည်နယ်၏ မူလနေထိုင်သည့် ရခိုင်လူမျိုးများအနေဖြင့်လည်း စိုးရိမ်မှုများ ရှိနေသည့် ပြဿနာ ဖြစ်သည်။
အကြောင်းရင်းမှာ ရခိုင်လူမျိုးများက သမိုင်းမှတ်တမ်း အထောက်အထားများအရ ရခိုင်ပြည်တွင်းနေ မွတ်စလင် အသိုင်း အဝိုင်းကို ဘင်္ဂါလီလူမျိုးဟု သတ်မှတ်ခေါ်ဆိုသော်လည်း ကာယကံရှင်များက ၎င်းတို့မှာ ဘင်္ဂါလီ မဟုတ်ဘဲ ရခိုင်ပြည်၏ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာများ ဖြစ်သည်ဟု ငြင်းခုံနေသည့် ပြဿနာ ဖြစ်သည်။
ရခိုင်နိုင်ငံရေးသမား အများစုနှင့် ရခိုင်လူမျိုးများသည် မွတ်စလင် အသိုင်းအဝိုင်းကို စစ်တပ်က ဖိနှိပ်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူ့ အခွင့်အရေး ချိုးဖောက်ခြင်းများကို စာနာပြီး လူသားတိုင်းသည် လူ့အခွင့်အရေးနှင့်အညီ ရပိုင်ခွင့်များ ရသင့်သည်ကို ထောက် ခံသော်လည်း ရိုဟင်ဂျာဟူသည့် အမည်နာမဖြင့် ဌာနေတိုင်းရင်းသား လူမျိုးစုတစုအဖြစ် ရလိုသည့် အခြေအနေကို လက်မခံကြခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်၏ မူလပိုင်ရှင်၊ ဌာနေလူမျိုးသည် ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စုငယ်များသာ ဖြစ်ကာ ရိုဟင်ဂျာဟူသည့် မျိုးနွယ်စု မရှိကြောင်း၊ ခေတ်အဆက်ဆက်တွင် ဌာနေတိုင်းရင်းသားအဖြစ် အမှန်တကယ် မရှိသည့် သမိုင်းတခုကို ဖန်တီးကာ အနာဂတ်တွင် နယ်မြေနှင့်နိုင်ငံရေးရပိုင်ခွင့်များအတွက် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေသည့် လုပ်ရပ်ဟု ရခိုင် အသိုင်းအဝိုင်းဘက်မှ ရှုမြင်သည်။
ရခိုင်ပြည်နယ်တွင်း နေထိုင်သည့် မွတ်စလင် အသိုင်းအဝိုင်းကို ရခိုင်၏ ဌာနေတိုင်းရင်းသား၊ ရိုဟင်ဂျာအဖြစ် သတ်မှတ်ပေး လိုက်ပါက လူဦးရေအင်အားကြီးသည့် မွတ်စလင် အသိုင်းအဝိုင်းက နိုင်ငံရေး၊ လူမျိုးရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုများတွင် လက်ဝါးကြီးအုပ်မှုနှင့် ရင်ဆိုင်ရမည်ကိုလည်း ရခိုင်လူမျိုးများဘက်မှ စိုးရိမ်မှုများ ရှိနေသည်။
ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာများ အသင်း၏ ဥက္ကဋ္ဌ ဦးထွန်းခင်က “ကျနော်ထင်တာ ရခိုင်ညီအစ်ကိုတွေက နားလည်မှု နည်းနည်း လွဲသလားလို့။ ကျနော်တို့အနေနဲ့ ရခိုင်ညီအစ်ကိုတွေနဲ့ ပူးပေါင်းပြီး ဆွေးနွေးချင်တယ်။ NUG နဲ့လည်း ဆွေးနွေးချင်တယ်။ NUG အနေနဲ့လည်း ရခိုင်၊ ရိုဟင်ဂျာ ပူးပေါင်းပြီး ဆွေးနွေးရင် အဆင်ပြေသွားမှာပါ။ သူတို့အနေနဲ့ အထင်မြင် လွဲမှားမှု နားလည်မှု လွဲလားပေါ့။ အချိန်တန်ရင် နားလည်လာမယ်လို့ ကျနော်ထင်ပါတယ်”ဟု ပြောသည်။
ဦးထွန်းခင်က ရိုဟင်ဂျာသည် ရခိုင်ပြည်နယ်၏ ဌာနေတိုင်းရင်းသား လူမျိုးစု တစုဖြစ်ကာ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီး နောက် ၁၉၆၀ ခုနှစ် ဝန်းကျင်တွင် မြန်မာ့အသံလွှင့်ဌာနက ရိုဟင်ဂျာ ဘာသာစကားဖြင့် အသံလွှင့်အစီအစဉ်ပင် ထည့်သွင်းခဲ့ ကြောင်း၊ ရိုဟင်ဂျာသည် ဌာနေတိုင်းရင်းသား ဖြစ်သည်ကို သမိုင်းသက်သေများ ရှိကြောင်း ပြောဆိုသည်။
ထို့ပြင် ဦးထွန်းခင်က ၎င်းတို့မှာ ဘင်္ဂါလီများ မဟုတ်ဘဲ ရိုဟင်ဂျာသည် ရခိုင်ပြည်နယ်၏ ဌာနေတိုင်းရင်းသား ဖြစ်ကြောင်း၊ ဘင်္ဂါလီများနှင့် ယဉ်ကျေးမှု၊ ဘာသာစကားများလည်း ကွဲပြားပါသည်ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကျနော် ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောလိုတာက ရိုဟင်ဂျာလူမျိုးစု၊ ရိုဟင်ဂျာ Identity နဲ့ ပတ် သက်ပြီး လူမျိုးစု တစုက သူတို့ပေးမှပဲ ကျနော်တို့ ရမယ်၊ ကျနော်တို့ကို ဒီလိုအခွင့်အရေး၊ ဒီလို Identity ကို သူတို့နဲ့ မဆွေး နွေးဘဲ ပေးလို့ လက်ခံလို့ မရဘူးဆိုတာကတော့ အခုလို ၂၁ ရာစု တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ဘယ်လိုမှ လက်ခံလို့ မရပါ ဘူး” ဟု ဆိုသည်။
ရခိုင်အသိုင်းအဝိုင်းကြား လှုပ်ခတ်မှု ဖြစ်သွားသည့် NUG ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင်း လူထု အပေါ် သြဇာသက်ရောက်မှု ကြီးသည့် ရက္ခိုင်စစ်တပ် (AA) ၏ သဘောထားကို မေးမြန်းရန် ဆက်သွယ်သော်လည်း AA ဘက်က တစုံတရာ မှတ်ချက်ပြုပြောဆိုခြင်း မရှိပါ။
၂၀၁၉ ခုနှစ်က ဧရာဝတီနှင့် သီးသန့် အမေးအဖြေကဏ္ဍတွင် ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီ (သို့မဟုတ်) ရိုဟင်ဂျာ အမည် နာမ အပေါ် ငြင်းခုံမှုများနှင့် ပတ်သက်၍ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို မေးမြန်းရာတွင် ၎င်းက အနာဂတ်တွင် ရခိုင် ပြည်ကို တည်ငြိမ်တိုးတက်စေရန် ဆောင်ရွက်မည်ဆိုပါက မွတ်စလင်အသိုင်းအဝိုင်းနှင့် ပြေလည်ရန် လိုအပ်သည်ဟု ဖြေဆိုခဲ့သည်။
ဗိုလ်ချုပ် ထွန်းမြတ်နိုင်က လူသား တဦးချင်းစီ၏ အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို လေးစားရမည်မှာ အရေးကြီးသည့် အခြေ ခံမူ ဖြစ်သော်လည်း လူမျိုးစုပိုင်းဆိုင်ရာကိစ္စတွင် လူ့အသိုင်းအဝိုင်း တခုနှင့်တခုကြား အပြန်အလှန် နားလည်မှု တည်ဆောက် ရမည်ဖြစ်ကာ အတူယှဉ်တွဲနေထိုင်သည့် ရခိုင်လူမျိုးများ၏ စိုးရိမ်မှုကို လျစ်လျူရှုပါက ပြဿနာများမှာ ဖြေရှင်း၍ ရမည် မဟုတ်ကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြောဆိုထားသည်။
ရခိုင်လူမျိုးများအနေဖြင့် ဘင်္ဂါလီဟု ခေါ်ဆိုသည်မှာလည်း ချိုးနှိမ်လိုခြင်း မရှိကြောင်း၊ ဘင်္ဂါလီဆိုသည်မှာ စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းကြောင်း အစဉ်အလာမြင့်မားသည် လူမျိုးဖြစ်ကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “ပြဿနာတခု ဖြစ်လာဆိုရင်တော့ ကိုယ်မလိုချင်တဲ့ အနေအထားတွေ ရှိနေလို့ပဲလေ။ အဲဒီ ပြဿနာ ဖြေရှင်းတဲ့အချိန်မှာလည်း ကိုယ့်စိတ်တိုင်းကျ ပြီးချင်မှ ပြီးမှာပေါ့။ သူတို့ဘက်ကလည်း သူလိုချင်တဲ့ အတိုင်း ဖြစ် ချင်မှ ဖြစ်မှာပေါ့။ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အနေအထားတခုမှာတော့ ကျနော်တို့ ရအောင် ဖြေရှင်းရတော့မှာပဲ။ ဒါမျိုး မဖြေရှင်းရင် သူတို့လည်း မအေးချမ်းသလို ကျနော်တို့လည်း အေးချမ်းမှာ မဟုတ်ဘူး” ဟု ပြောဆိုထားသည်။
AA သည်လည်း ၎င်း၏ တရားဝင်ထုတ်ပြန်ချက်များ၊ အသုံးအနှုန်းများတွင် ရခိုင်ပြည်နယ်တွင်း မွတ်စလင် အသိုင်းအဝိုင်းကို ရိုဟင်ဂျာဟူ၍ သုံးနှုန်းခြင်း မရှိပါ။
AA သည် မွတ်စလင်ခေါင်းဆောင်များနှင့်လည်း တရားဝင်တွေ့ဆုံခြင်း၊ ဆွေးနွေးခြင်း မရှိသည့်အပြင် ရခိုင်ပြည်နယ်တွင်း၌ လည်း လက်နက်ကိုင်ကာ စစ်တပ်ကို တိုက်ခိုက်နေသည့် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA နှင့်လည်း ပြဿနာတစုံတရာ ဖြစ်ပွားမှု မရှိပါ။
စစ်တပ်က AA ကို ARSA နှင့် ပတ်သက်သည်ဟု အကြိမ်ကြိမ် စွပ်စွဲမှုများ ရှိသော်လည်း AA က လုံးဝ မပတ်သက်ကြောင်း ငြင်းဆိုထားသည်။
ရခိုင်ပြည်နယ်တွင်း ရခိုင်နှင့် မွတ်စလင် ပဋိပက္ခသည် ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ကာ နှစ်ဖက် အသိုင်းအဝိုင်းကြားတွင် အပြန် အလှန် အကြမ်းဖက်ခြင်းများ ဖြစ်ပွားသည်အထိ ရှိခဲ့သည်။
ထိုပဋိပက္ခများဖြစ်ပြီးနောက်တွင် သောင်းနှင့်ချီသည့် မွတ်စလင်များသည် အိုးမဲ့အိမ်မဲ့ဖြင့် ဒုက္ခသည်စခန်းများတွင် ပိတ် လှောင်ခံထားရကာ လူသားတဦး၏ အခြေခံရပိုင်ခွင့်များ ဖြစ်သည့် ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ လွတ်လပ်စွာ သွားလာ ခွင့်များ ဆုံးရှုံးသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။
မြန်မာနိုင်ငံတွင်း ၎င်းတို့ကို ဘင်္ဂါလီလူမျိုးများဟု ခေါ်ဆိုပြီး ရခိုင်ပြည်နယ်တွင်းမှ အခြားပြည်နယ်နှင့် တိုင်းသို့ အထောက် အထား တစုံတရာ မပါရှိဘဲ ဝင်လာပါက တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်းများလည်း အာ ဏာပိုင်များက ပြုလုပ်လျက် ရှိသည်။
သို့သော် ဘူးသီးတောင်၊ မောင်တောနှင့် အခြားမြို့နယ်အသီးသီးတွင် နေထိုင်သည့် မွတ်စလင်များ၊ နိုင်ငံသားကတ် ကိုင် ဆောင်ထားသူများသည် ရခိုင်ပြည်နယ်တွင်း စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ပညာသင်ကြားခွင့်နှင့် ဆေးကုသခွင့်များကို ရရှိသည်။
၂၀၁၇ ခုနှစ်တွင် ARSA က မြို့ပေါ်ရှိ စစ်တပ်၏ တပ်စခန်းများကို ဝင်တိုက်ခိုက်ခြင်း၊ ရခိုင်မျိုးနွယ်စုငယ်များကို တောတွင်း ဖမ်းဆီးသတ်ဖြတ်ခြင်းများ ဖြစ်လာပြီးနောက် ပဋိပက္ခအရှိန်သည် မြင့်တက်လာပြီး စစ်တပ်က ARSA ကို နယ်မြေရှင်းလင်းရေးပြုလုပ်ကာ နှိမ်နင်းရန် ဆောင်ရွက်ခဲ့သည်။
ထိုအချိန်တွင် ရခိုင်လူမျိုးများနှင့် မွတ်ဆလင်အသိုင်းအဝိုင်းကြား မိမိကိုယ်ကို ကာကွယ်ရန် အချို့မြို့နယ်များ၊ ကျေးရွာများ တွင် အပြန်အလှန် တိုက်ခိုက်ကြခြင်း၊ သတ်ဖြတ်ကြခြင်းများလည်း ဖြစ်ပွားထားသည်။
စစ်တပ်၏ စစ်ဆင်ရေးကြောင့်လည်း မွတ်စလင် ၇ သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးရကာ စစ်တပ်က ကျူးလွန်သည့် လုပ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုဟု နိုင်ငံတကာက စွပ်စွဲထားသည်။
နိုင်ငံတကာ၏ လူ့အခွင့်အရေးဆိုင်ရာ အဓိပ္ဗာယ်ဖွင့်ဆိုချက်တွင် လူမျိုးတမျိုးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း သို့ မဟုတ် ထိုလူမျိုးတမျိုးကို ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ခွင့်မရစေရန် စနစ်တကျ ပိတ်ပင်တားမြစ်ခြင်း၊ ပျက်စီးအောင် လုပ်ခြင်းတို့သည် လူမျိုးတုံး သတ်ဖြတ်မှုဖြစ်သည်ဟု ဆိုထားသည်။
၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံက ရခိုင်ပြည်နယ်တွင်း စစ်တပ်က ကျူးလွန်ထားသည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာ နိုင်ငံအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟူသည့် စွပ်စွဲချက်ဖြင့် နိုင်ငံတကာ တရားရုံး (ICJ) တွင် အမှုဖွင့်ရာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူကာ တရားရင်ဆိုင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ICJ တွင် တရားရင်ဆိုင်စဉ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း မရှိကြောင်း ခုခံကာ မွတ်စလင် အသိုင်းအဝိုင်းအပေါ် ကျူးလွန်မှုကို ပြည်တွင်း၌ အပြစ်ပေးအရေးယူမှုများ ပြုလုပ်မည်ဟု၍ ပြောဆို ရင်ဆိုင် ခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ အနိုင်ရ ကိုယ်စားလှယ် အများစု ပါဝင်ကာ ဖွဲ့စည်းလိုက်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် နိုင်ငံတကာက အစိုးရတရပ်အဖြစ် အသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းနေချိန်တွင် ရိုဟင်ဂျာ မူဝါဒ သဘောထားကို ထုတ်ပြန်လာခြင်း ဖြစ်သည်။
You may also like these stories:
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို
ကိုဗစ်ကာလ ရခိုင်တွင် ကျောင်းတက်သူ ကျောင်းသား/သူ ၃ သိန်းကျော် ရှိ
တံတားအမည်ပြောင်းပွဲ မွန်ဝတ်စုံဖြင့် တက်ရန် ငွေပေးငှားရမ်းမှုများ ရှိခဲ့ဟုဆို