အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labor Conference – ILC) တက်ရန် အာဏာသိမ်း စစ်ကောင်စီရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပါ လျှောက်ထားသော်လည်း နှစ်ဖက်စလုံးကို ILC အရည်အသွေး စိစစ်ရေး ကော်မတီက ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ILC အရည်အသွေး စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာတွင် ညီလာခံသို့ မည်သူ တက်ရောက်ခွင့်ရှိသည် ဟူသော သဘော ထားကို နောင်ကျင်းပရန်ရှိသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည် ဖြစ်သဖြင့် ယခု အကြိမ်တွင် မည်သူ့ကိုမှ တက်ခွင့်ပေးမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က “ဆုံးဖြတ်တာကတော့ တနိုင်ငံ ကို ကိုယ်စားပြုတဲ့အဖွဲ့ ၂ ဖွဲ့ ဖြစ်နေတဲ့အတွက် ဘယ်အဖွဲ့ကိုမှ အသိအမှတ် မပြုဘူး။ အစည်းအဝေးမှာ ပါဝင်ခွင့် မရဘူး။ ဒီ ဆုံးဖြတ်ချက်က အခုလာမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ အတွင်းကျမှ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်။ လိုက်နာပြီးတော့မှ လာမယ့်နှစ်အတွက် ဆုံးဖြတ်မယ်ဆိုပြီးတော့ ဆုံးဖြတ်လိုက်တယ်” ဟု ရှင်းပြသည်။
ယင်း ညီလာခံကို ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ကိုဗစ်- ၁၉ ကပ်ရောဂါ ကြောင့် Virtual Conference အွန်လိုင်းဖြင့်သာ ကျင်းပမည် ဖြစ်သည်။
၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ညီလာခံသို့ စစ်ကောင်စီ ကိုယ်စားလှယ်များ တက်ခွင့် မပေးရန် CTUM က နိုင်ငံအသီးသီးမှ အလုပ်သမား ကိုယ်စားလှယ်များနှင့် ဆွေးနွေး သဘောတူညီချက်များ ပြုလုပ်ကာ ကမာ္ဘ့အလုပ်သမားအဖွဲ့များအကြား သဘောတူညီမှု ရရှိပြီးနောက် ယခုလို ကော်မတီ၏ ဆုံးဖြတ်ချက် ထွက်ရှိလာခြင်း လည်း ဖြစ်သည်။
မြန်မာနိုင်ငံကို မည်သူ ကိုယ်စားပြုမည်ဆိုခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့ဝင် ကိုယ်စားလှယ် စိစစ်ရေးကော်မတီက သာ ဆုံးဖြတ်ပေးနိုင်မည် ဖြစ်သဖြင့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO) ကဲ့သို့ပင် မြန်မာနိုင်ငံကို တက်ရောက်ခွင့် မပေးခြင်းဖြစ် ပြီး NUG ကို ကိုယ်စားပြုခွင့် အသိအမှတ်ရရှိရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနမှ သိရ သည်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ ILO က ထုတ်ပြန်ချက်မှာ အာဏာသိမ်းစစ်ကောင်စီက တင်သွင်းတဲ့ ကိုယ်စားလှယ်အဖွဲ့ကို ညီလာခံပေးမတက်ဖို့ ဆုံး ဖြတ်လိုက်ပါတယ်။ WHO ညီလာခံမှာလည်း အခုလို ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တဲ့အတွက် အခုအကြိမ်ဟာ ကုလအေဂျင် စီတွေရဲ့ ဒုတိယအကြိမ် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ NUG ကို ကိုယ်စားပြုခွင့် အသိအမှတ်ရရှိဖို့ ကြိုးပမ်းလုပ်ဆောင်နေပါ တယ်။ ပြည်သူတွေ သိသင့်သိထိုက်တာတွေကို ဆက်လက် အသိပေးသွားပါ့မယ်” ဟု ရေးသား ပြောဆိုထားသည်။
ILC ညီလာခံ ဒုတိယပိုင်း ပြုလုပ်မည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ဆုံးဖြတ်ချက် တစုံတရာ ပေါ်ထွက်လာပါက ပြန်လည် ဖိတ်ကြားလိုလျှင် ဖိတ်ကြားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်နေ့၌ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီသည် စစ်အာဏာရှင် ဆန့် ကျင်ရေး လှုပ်ရှားသူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဖမ်းဆီးနှိပ်စက်ညှဉ်းပန်းမှုများ၊ အကြမ်းဖက် သတ်ဖြတ်မှု များ ဆက်တိုက် ကျူးလွန်လျက် ရှိသည်။
အဆိုပါ အာဏာသိမ်း စစ်ကောင်စီကို ILO, WHO စသည့် အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂတို့က အစိုးရတရပ်အဖြစ် တရားဝင် အသိအမှတ် မပြုရေးအတွက် ကြိုးပမ်းနေကြခြင်းဖြစ်ပြီး အောင်မြင်မှုများလည်း ရရှိနေကြောင်း ဦးမောင်မောင် က ပြောသည်။
၎င်းက “ကျနော်တို့ ရည်ရွယ်ချက်က စစ်ကောင်စီသည် တရားမဝင်ဘူးဆိုတာကို ကြိုးစားနေပါတယ်။ WHO ဆိုတာလည်း ကုလသမဂ္ဂရဲ့ အဖွဲ့ဝင် ဖြစ်တယ်။ ILO ဆိုတာလည်း ကုလသမဂ္ဂရဲ့ အဖွဲ့ဝင် ဖြစ်တယ်။ ဒီ ကုလသမဂ္ဂရဲ့ အဖွဲ့ဝင် အဖွဲ့အစည်း ကြီးတွေက စစ်ကောင်စီကို အသိအမှတ် မပြုထားဘူးဆိုတာ တနိုင်ငံလုံးကို အသိပေးချင်ပါတယ်” ဟု ပြောဆိုသည်။
ILC မတိုင်ခင်ကလည်း ကုလသမဂ္ဂလက်အောက်ခံ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က ၎င်း၏ ၇၄ ကြိမ်မြောက် ညီလာခံ ကို NUG ရော အာဏာသိမ်း စစ်ကောင်စီပါ တက်ရောက်ခွင့်ရရန် အဆိုပြုလွှာ အပြိုင်တင်သွင်းခဲ့သော်လည်း မည်သူမျှ တက်ရောက်ခွင့်မရဘဲ ရွှေ့ဆိုင်းထားခဲ့သည်။
မြန်မာနိုင်ငံကို အသိအမှတ်ပြုမှုနှင့် ပတ်သက်၍ WHO က လာမည့် နိုဝင်ဘာတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ တရားဝင်မူဆိုင်ရာဆုံးဖြတ်ရေးအဖွဲ့ကို ရွှေ့ ဆိုင်းပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ILC သည် အလုပ်သမား၊ အလုပ်ရှင်နှင့် အစိုးရ သုံးပွင့်ဆိုင် တက်ရောက် ဆွေးနွေးရသည့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတ ကာ ဆွေးနွေးပွဲကြီး တခုဖြစ်ပြီး ILC သို့ တက်ရောက်ခွင့် ရခြင်း၊ မရခြင်းမှာ အစိုးရတရပ်အဖြစ် နိုင်ငံတကာ အသိအမှတ်ပြု ခွင့် ရ၊ မရ ဟူသည့် အခြေအနေအပြင် ကုလသမဂ္ဂနှင့် ဆွေးနွေးထားသည့် ကိစ္စရပ်များကိုပါ သက်ရောက်မှု ရှိနိုင်သည့် အခြေအနေတရပ် ဖြစ်သည်။
You may also like these stories:
NUG အစိုးရရော စစ်ကောင်စီပါ WHO ညီလာခံ တက်ခွင့်မရ
ILO ညီလာခံသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မပေးရေး ကမ္ဘာ့အလုပ်သမားအဖွဲ့များ သဘောတူ
စစ်အုပ်စုကို ကုလသမဂ္ဂရဲ့ အစည်းအဝေးထဲမှာ ထိုင်ခွင့်မရအောင် လုပ်ထားနိုင်ပါတယ်