စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်သီလဝါ အထူးစီးပွားရေးဇုန်ရှိ စက်ရုံတချို့ ယာယီရပ်ဆိုင်းမှုများ ရှိလာရာ ယခုဆို လျှင် စက်ရုံ ၃၀ခန့် အထိ ရှိလာကြောင်း သိရသည်။
ဂျပန်ကုမ္ပဏီများ အပါအဝင် လုပ်ငန်းရပ်ဆိုင်းထားသော စက်ရုံအများစုသည် ပြည်တွင်း ဈေးကွက်သို့ ထုတ်ကုန်များ ထုတ် လုပ်ဖြန့်ဖြူးနေသော စက်ရုံအများစုဖြစ်ပြီး ဈေးကွက် ဝယ်လိုအားကျဆင်းခြင်း၊ ကုန်ကြမ်း ရရှိမှု အခက်အခဲရှိခြင်းနှင့် နိုင်ငံ ရေး အပြောင်းအလဲများ၏ နောက်ဆက်တွဲဖြစ်သော ဘဏ်လုပ်ငန်း အကျပ်အတည်းများကြောင့် ငွေကြေးလည်ပတ် စီးဆင်းမှု အခက်အခဲများ ဖြစ်ပေါ်လာ၍ ၎င်းတို့၏ လုပ်ငန်းများ ယာယီ ရပ်ဆိုင်းထားရခြင်း ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် စက်ရုံလုပ်ငန်းပေါင်း ၁၂၂ ခန့် (ဇုန်အေနှင့် ဇုန်ဘီ) ရင်းနှီးမြှုပ်နှံထားလျက်ရှိပြီး စက်ရုံ ၉၆ ခန့်မှာ စီးပွားရေးအရ လုပ်ငန်းလည်ပတ်နေပြီဖြစ်ကာ ယင်းထဲမှ စက်ရုံ ၃၀ နီးပါးသည် လုပ်ငန်း ယာယီရပ်ဆိုင်းခြင်း ဖြစ် ကြောင်း သီလဝါ အထူးစီးပွားရေး စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
ကျန်ရှိသည့် စက်ရုံများသည် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည့် စက်ရုံများဖြစ်သည်။
ထိုကုမ္ပဏီများထဲတွင် ကိုဗစ်ကာလကတည်းကပင် လုပ်ငန်းယာယီရပ်ဆိုင်းထားသော ဂျပန်ကားကုမ္ပဏီ ဆူဇူကီးနှင့် ယခု ဇွန် လကုန်တွင် လုပ်ငန်းယာယီရုပ်သိမ်း ရပ်နားတော့မည့် အသင့်စား ခေါက်ဆွဲထုတ်လုပ်သော ဂျပန်ကုမ္ပဏီ Acecook Myanmar Co.,ltd တို့လည်း ပါဝင်သည်။
လက်ရှိ လုပ်ငန်းယာယီ ရပ်ဆိုင်းထားသော ကုမ္ပဏီအများစုမှာ ကိုဗစ်ကာလ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များ အရ ကန့်သတ်မှုများ ရှိသော်လည်း လုပ်ငန်းမရပ်တန့်ဘဲ လည်ပတ်ခဲ့သည့် ကုမ္ပဏီများ ဖြစ်ပြီး၊ လတ်တလော၌ ဈေးကွက်ဝယ် လိုအား လျော့ကျခြင်းနှင့် ထုတ်လုပ်ပြီး ကုန်ပစ္စည်းများ အများအပြားရှိနေခြင်းတို့ကြောင့် လုပ်ငန်းများ ယာယီရပ်နားထား ခြင်းဖြစ်ကြောင်း မြန်မာသီလဝါ အထူးစီးပွားရေး အများပိုင် ကုမ္ပဏီ MTSH မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “ Stock တွေရှိနေတဲ့အချိန်မှာ အရောင်းအားက တဖြည်းဖြည်း စကျသွားပြီလေ။ သူတို့မှာလည်း ကုန်ပစ္စည်း stock ပမာဏက limit တခုရောက်လာပြီဆိုရင် ရပ်ရတော့မှာ ဖြစ်တဲ့အတွက် လုပ်ငန်းတွေ ယာယီရပ်ကြတာ။ ပြည်တွင်းက Order (ကုန်ပစ္စည်းအမှာစာ) ကလည်း ထပ်မတက်လာတော့ ခေတ္တ ရပ်ကြရတာပေါ့ ” ဟု ဆိုသည်။
ပြည်တွင်း အခြေအနေများကြောင့် လုပ်ငန်းရပ်ဆိုင်းသွားသည့် စက်ရုံများ ရှိသကဲ့သို့ တချို့ စက်ရုံများသည် ၎င်းတို့၏ ကုမ္ပဏီ ရုံးချုပ်မှ မူဝါဒအပြောင်းအလဲများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းရန် ဆုံးဖြတ်ထားခြင်းမျိုးလည်း ရှိကြောင်း သိရသည်။
လတ်တလောတွင် သီလဝါ အထူးစီးပွားရေးဇုန်၌ လုပ်ငန်း ယာယီရပ်ထားသော စက်ရုံများရှိလာနေပြီဖြစ်သော်လည်း လုပ်ငန်းများ အပြီးပိတ်သိမ်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ရုပ်သိမ်းမည့် ကုမ္ပဏီများ မရှိသေးကြောင်း သီလဝါ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီမှ ဧရာဝတီ၏ သတင်း ရင်းမြစ်တဦးက ပြောသည်။
၎င်းက “အခုက လုပ်ငန်းကဏ္ဍအားလုံးလိုလိုက အခက်အခဲတွေ ဖြစ်နေကြတော့ ဒီလိုမျိုး အခိုက်အတန့် ရပ်တာမျိုးတွေ တော့ ရှိမှာပဲလေ။ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံတယ် ဆိုတာက ၁ နှစ်၊ ၂ နှစ် မြေငှားပြီး လုပ်ကြတာ မဟုတ်တဲ့ အတွက် ပြန်ထွက်တာတို့၊ လုပ်ငန်းတွေ အပြီး ပိတ်တာဆိုတာမျိုးတွေက လွယ်လွယ်နဲ့ မလုပ်ကြပါဘူး” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ စတင် တွေ့ရှိခဲ့သော မတ်လကုန်နောက်ပိုင်းမှ စတင်ပြီး နိုင်ငံတကာ လေ ကြောင်းလိုင်းများကို ပြည်တွင်းသို့ ဆင်းသက်ခွင့် ရပ်ဆိုင်းထားသည့်အတွက်လည်း သီလဝါအထူး စီးပွားရေးဇုန်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်ရောက်မှုသည်လည်း ရပ်တန့်လျက် ရှိနေသည်။
ပြည်တွင်း၌ ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားသော ကုမ္ပဏီတချို့ကမူ လာရောက် ဆွေးနွေးမှုများ ရှိနေသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို မြန်မာနိုင်ငံက ဒီမိုကရေစီအစိုးရသစ် တက်လာပြီး စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်း များ စတင်သော ၂၀၁၀ ခုနှစ်နောက်ပိုင်း၌ မြန်မာ – ဂျပန် အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီ ပူးပေါင်းတည်ဆောက်သည့် ပထမဦးဆုံး အထူး စီးပွားရေးဇုန် ဖြစ်သည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် လုပ်ငန်း စတင်လည်ပတ်နိုင်ခဲ့သည်။
သီလဝါ အထူး စီးပွားရေးဇုန်တွင် သံမဏိ အဆောက်အအုံ ပစ္စည်းများ၊ ဘိလပ်မြေ စက်ရုံများနှင့် ဆောက်လုပ်ရေးနှင့် ဆက် စပ်ပစ္စည်းများ ထုတ်လုပ်သော စက်ရုံများ၊ မော်တော်ယာဉ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း၊ ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း၊ လယ်ယာသုံး စက်ပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများ ရင်းနှီးမြှုပ်နှံထားလျက် ရှိ သည်။
အခြား လုပ်ငန်းများဖြစ်သည့် စားသောက်ကုန် ဖျော်ရည်လုပ်ငန်းများနှင့် ယင်းလုပ်ငန်းသုံး သံဘူးများ ထုတ်လုပ်သည့် လုပ် ငန်း၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများလည်း ရှိသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအများစုသည် ဂျပန်နိုင်ငံက ဖြစ်ပြီး စက်ရုံလုပ်ငန်း အားလုံး၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိ ကန်ဒေါ်လာ ၂ ဘီလီယံကျော်အထိ ရှိသည့် အထူးစီးပွားရေးဇုန် ဖြစ်သည်။
You may also like these stories:
ဆောက်လုပ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်၍ လုပ်သား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်
အာဏာသိမ်းမှုက စစ်တပ်အသိုင်းအဝိုင်း စီးပွားရေးများကိုပါ ထိခိုက်ဆုံးရှုံးစေသည်
ဆပ်ပြာနဲ့ သွားတိုက်ဆေးတွေ ပိတ်တာ စစ်တပ်ထုတ်ကုန်တွေ ဈေးကွက်ရဖို့လား