တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)က ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အား လုံလောက်သည့် ထိတွေ့ဆက်ဆံမှု မပြုသည့်အပေါ် စိုးရိမ်မိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တ ရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိထံ ဇွန်လ ၇ ရက်တွင် စာပေးပို့ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ချုံကင်းမြို့တွင် တရုတ် – အာဆီယံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲ ပြုလုပ်နေစဉ် နိုင်ငံခြားရေးဝန် ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတဆင့် အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် သွားတက်ရောက်ခဲ့ပြီး NUG ဘက်က တက်ရောက်ခွင့် မရရှိခဲ့ပေ။
ဒေါ်ဇင်မာအောင်၏ ပေးစာတွင် တရုတ်နှင့် အာဆီယံက မြန်မာ့အရေးဆောင်ရွက်ရာ၌ လူထုထောက်ခံသည့် NUG ကို ဘေးဖယ်ထားမှုအပေါ် မလိုလားကြောင်း အချက် ၃ ချက်ဖြင့် ထောက်ပြထားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံ ခေါင်းဆောင် အဖြစ် ဖော်ပြထားသည့်အပေါ် အလေးအနက် ရှုတ်ချကြောင်း ပြောဆိုထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏ အာဏာကို မတရား သိမ်းယူထားသူဖြစ်ပြီး ၎င်း၏ အာဏာသိမ်းမှုသည်လည်း မအောင်မြင်ကြောင်း၊ အာဏာသိမ်းပြီး နောက်တွင် မြန်မာနိုင်ငံသား ထောင်နှင့်ချီ အ သက်ဆုံးရှုံးမှုသာမက စစ်ဘေးရှောင် ၁ သိန်းကျော် တိုးလာသည်ဟုလည်း ဖော်ပြထားသည်။
တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူများက စစ်ကောင်စီကို အသိအမှတ်မပြုဟု မှတ်ယူသင့်ပြီး စစ်ကောင်စီအား မြန်မာ နိုင်ငံ၏ တရားဝင်အစိုးရဖြစ်ရန် ကြိုးပမ်းမှုများကြောင့် တရုတ်နှင့် မြန်မာ ၂ နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေး ထိခိုက် လာစေနိုင်သည်ဟုလည်း ဒေါ်ဇင်မာအောင်က သတိပေးပြောဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံသည် ၂၀၂၁ တွင် တရုတ်နိုင်ငံနှင့်အတူ လန်ချန်း- မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး (LMC) ၏ ပူးတွဲ သဘာပတိ တာဝန်ယူရမည်ဖြစ်ရာ တရုတ်နိုင်ငံဘက်က NUG နှင့် မဆွေးနွေးဘဲ စစ်ကောင်စီနှင့် ပူးပေါင်း လုပ်ဆောင်ရန် ပြင်ဆင်နေသည့်အပေါ် အထူးစိုးရိမ်ကြောင်း၊ LMC ကိစ္စ မြန်မာနိုင်ငံ၏ ပါဝင်မှုကို ဆိုင်းငံ့သင့်ပြီး ရွေးကောက်တင်မြှောက်ခံ အစိုးရ ပြန်လည်နေရာရရှိရေး ပံ့ပိုးရာတွင် အလေးထား လုပ်ဆောင်သင့်ကြောင်း ၎င်းက ထောက်ပြသည်။
တရုတ်နိုင်ငံက မြန်မာ့အရေးဖြေရှင်းရန် အာဆီယံကို ပံ့ပိုးပေးထားသော်လည်း တိုးတက်မှု နှေးကွေးနေပြီး ထိုသို့ နှေး ကွေးနေရသည့် အကြောင်းမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆွေးနွေးညှိနှိုင်းမှုမှတဆင့် အကျပ်အတည်းကို အဆုံးသတ်ရန် ဖိအားပေးသည့် ယန္တရားတရပ်မရှိခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဝေဖန်ပြောဆိုထားသည်။
အဆိုပါ ဒေါ်ဇင်မာအောင်၏ ပေးစာနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရားဝင် စာပေးပို့ တုံ့ပြန်ခြင်း မတွေ့ရသော်လည်း ချုံကင်းဆွေးနွေးပွဲအပြီး ဆွေးနွေးပွဲအတွင်း ၎င်းပြောဆိုခဲ့သည်များကို သတင်းထုတ်ပြန်ထားရာ ဝမ်ယိက မြန်မာ့အရေး အာဆီယံက အပြုသဘော ပါဝင်မှုကို ထောက်ခံသည်ဟု ပြောဆိုထားသည်။
ထို့ပြင် ၎င်းက အာဆီယံ သဘောတူညီချက် ၅ ချက်ဖြစ်သော အကြမ်းဖက်မှုများ ချက်ချင်းရပ်ရေး သက်ဆိုင်ရာ အစုဖွဲ့ အားလုံး အတတ်နိုင်ဆုံး ထိန်းချုပ်ရန်၊ သက်ဆိုင်ရာ အစုအဖွဲ့များကြား အပြုသဘော ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန်၊ အာဆီ ယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က ဆွေးနွေးမှုများတွင် ကြားဝင်ညှိပေးရန်၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ များပေးရန်နှင့် အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ပြီး သက်ဆိုင်ရာအစုအဖွဲ့ အားလုံးနှင့်တွေ့ရန် ဟူသည့် အချက်များကိုလည်း ထောက်ခံသည်ဟု ဆိုသည်။
မြန်မာပြည်၏ အခြေအနေသည် တရုတ်နိုင်ငံ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်ပြီး တရုတ်နိုင်ငံက မြန်မာ့အရေးတွင် တရုတ်နည်း တရုတ်ဟန်ဖြင့် ဝင်ပါမည်ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံအကြား မြန်မာ့အရေးတွင် ယေဘုယျအားဖြင့် သဘောထား တူညီသဖြင့် အာဆီယံနှင့်ပေါင်း၍ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မည်ဖြစ်ကြောင်း ဝမ်ယိက ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာ့အရေးတွင် တရုတ်နိုင်ငံသည် တဖက်သတ် ကန့်သတ်အရေးယူမှုနှင့် မသင့်လျော်သော ကြား ဝင်မှုများ မဖြစ်စေရေး ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အစုအဖွဲ့များ အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တရားဥပဒေ မူဘောင်အောက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများလုပ်၍ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင် ရွက်ရန် အားပေးလိုကြောင်း ပြောဆိုသည်။
အာဆီယံ သဘောတူညီချက်များနှင့် ပတ်သက်၍ လက်ရှိကို အာရုံစိုက်ကာ ရေရှည်အတွက် စဉ်းစား၍ နှစ်ဦးနှစ်ဖက် သဘောတူညီချက်နှင့် ကြိုးပမ်းနိုင်ရန် ဦးတည်သင့်သည်ဟုလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။
လူထု၏ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်မြင့်တက်ခဲ့သည့် ဧပြီလ အစောပိုင်းက မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)အဖွဲ့ဝင်များကို ဆက်သွယ်ကာ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ သက်ဆိုင် ရာအဖွဲ့အစည်းအားလုံးနှင့် ထိတွေ့ဆက်ဆံပြီး ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသော်လည်း ယခုအခါ တရုတ်နိုင်ငံ ချုံကင်းမြို့တွင် ကျင်းပသည့် တရုတ် – အာဆီယံ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ပွဲကို NUG အား ချန်လှပ်ခဲ့သည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးတင်မောင်သန်း (သင့်ဘဝ)က တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် မူဝါဒသည် ဒီမိုကရေစီ အရေးထက် ဒေသတွင်း တည်ငြိမ်ရေးကို ဦးစားပေးထားသည်ဟု သုံးသပ်ပြောဆိုသည်။
၎င်းက “ငြိမ်းငြိမ်းချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်ကို ကြည့်မယ်။ အဖွဲ့အားလုံးပါမယ်။ ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုကို သူက အဓိကထားတယ်။ ဒါက တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒပဲ။ သူက ဒီမိုကရေစီအရေး မဟုတ်ဘူး” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက အမေရိကန်နှင့် ဥရောပနိုင်ငံများက မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက် မှု အခြေခံမှရှုမြင်ကာ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်တတ်သော်လည်း တရုတ်နိုင်ငံက ထိုသို့မဟုတ်ဘဲ တွေ့ဆုံဆွေး နွေးရေး လမ်းကြောင်းမှ သွားလိုပုံရသည်ဟုလည်း ၎င်းက ပြောသည်။
ဦးတင်မောင်သန်းက “တရုတ်က ကစားတယ်ဆိုတာထက် တရုတ်က သူ့ရပ်တည်ချက်နဲ့သူ အလုပ်လုပ်နေတာပဲ။ ကျနော် တို့ဘက်က ဘာကို ကြည့်ရမလဲဆိုတော့ သူ့ရပ်တည်ချက်နဲ့ လုပ်နေတာကို ကျနော်တို့ဘက်ကို အကျိုးရှိအောင် ဘယ်လို လုပ်မလဲဆိုတာပါ။ အဲဒါက အဓိက ကျပါတယ်” ဟု သုံးသပ်အကြံပြုသည်။
ချုံကင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အရေးကိစ္စအပြင် ကိုဗစ်ကူးစက်မှုကြောင့် ပိတ်ထားသည့် နယ်စပ်များ ပြန်ဖွင့်နိုင်ရေး၊ အရှေ့တောင်အာရှနိုင်ငံများအတွင်း ကိုဗစ်ရောဂါးပိုး ကူးစက်မှုအခြေအနေနှင့် တောင်တရုတ်ပင်လယ်အတွင်း တင်းမာ မှု ကိစ္စများလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံအရေး အာဆီယံ သဘောတူညီချက် ၅ ချက်အား အကောင်အထည်ဖော်ရာတွင် နှေးကွေးမှုများရှိနေကြောင်း ဝန်ခံထားသည်။
စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာ ကရစ်ရှနန်က မြန်မာပြည်သူများသာ မြန်မာပြည်၏ အနာဂတ်အရေး ဆုံးဖြတ် နိုင်သူများဖြစ်ပြီး အာဆီယံက မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်မှု ရရှိနိုင်ရေးအတွက် ကြားဝင်ညှိနှိုင်းကူညီနေ ခြင်းသာဖြစ်ကြောင်း အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။
အာဆီယံ သဘောတူညီချက် ၅ ချက် အလျင်အမြန် အကောင်အထည်ဖော်ရန် ၎င်းအနေဖြင့် တိုက်တွန်းပြီး ဦးစားပေး လုပ်ဆောင်ရမည်က အကြမ်းဖက်မှုများ ရပ်တန့်၍ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ကာ အစု အဖွဲ့အားလုံး ဆွေးနွေးညှိနှိုင်းကြရန် ဖြစ်သည်ဟု ဆိုသည်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein ကလည်း မြန်မာ့အရေးအပေါ် အာဆီယံက မည်သို့ ဆက်လုပ် မည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ဆိုင်းနေပြီး မြန်မာနိုင်ငံတွင်း တင်းမာမှုများလျှော့ကာ အကြမ်းဖက်မှု ရပ်တန့် ရေး အာဆီယံက အမြန်လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကမူ အာဆီယံ သဘောတူညီချက်များ အလျင်အမြန် အကောင် အထည်ဖော်နိုင်ရေးနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာအာဏာပိုင်များကို ပိုမိုတွန်းအားပေးရန် လို အပ်သည်ဟု ပြောကြားခဲ့သည်။
သို့သော် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ ပြောဆိုချက်များတွင် NUG နှင့် ထိတွေ့ဆက်ဆံနိုင်ရေး မပါသည့်အတွက် ကြောင့် NUG ကို ထောက်ခံသူများက အာဆီယံလမ်းကြောင်းသည် မယုံရဟူသည့် ဝေဖန်မှုများ ရှိနေသည်။
You may also like these stories:
ASEAN ထိပ်သီးဆွေးနွေးပွဲသို့ တရားမဝင် စစ်ကောင်စီ မဟုတ်ဘဲ NUG ကို ဖိတ်ကြားသင့်
စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ
စစ်ကောင်စီက တရုတ်ခရီးသွားများ ပြန်လာရန် မျှော်လင့်နေ
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
မြန်မာနိုင်ငံ ဖရိုဖရဲ အခြေအနေက တရုတ်အတွက် အိပ်မက်ဆိုး ဖြစ်သည်
စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား
အာဆီယံအဖွဲ့အပြီး တရုတ်သံအမတ်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံ
စစ်ကောင်စီကို တရားဝင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် ဆိုးကျိုးသာဖြစ်နိုင်