ရက္ခိုင်စစ်တပ် (AA) နှင့် ဆက်စပ်၍ အကြမ်းဖက် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့် အမှု ၂ မှုကို အနောက်ပိုင်း ခရိုင် တရားရုံးက အပြီးအပြတ် တရားသေလွှတ်ကြောင်း ယနေ့ (ဇွန် ၉ ရက်) ဆုံးဖြတ်လိုက်သဖြင့် တရားစွဲဆိုခံထားရသူ ၁၀ ဦး လုံး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။
အဆိုပါ အမှု ၂ မှုမှာ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမ မမိုးနှင်းဖြူနှင့် ယောက်ဖ ကိုကျော်နိုင်တို့အမှု၊ ဗိုလ် ချုပ်ထွန်းမြတ်နိုင်၏ ညီတော်စပ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦးတို့၏ ရခိုင်အသင်း (စင်္ကာပူ) အမှုတို့ ဖြစ်သည်။
မမိုးနှင်းဖြူနှင့် ကိုကျော်နိုင်သည် AA တပ်ဖွဲ့ဝင်များနှင့် ဆက်စပ်မှုရှိခြင်း၊ မန္တလေးမြို့တွင် လက်နက်ခဲယမ်းများ ဖမ်းမိသည့် အမှုနှင့် ဆက်စပ်မှုရှိခြင်း၊ ရခိုင်အသင်း (စင်္ကာပူ)သည် AA ကို ငွေကြေးထောက်ပံ့ခြင်း၊ ပံ့ပိုးခြင်းများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်များဖြင့် ၂၀၁၉ အတွင်း ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်ဥပဒေပုဒ်များဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။
ရခိုင်အသင်း (စင်္ကာပူ) အမှုတွင် ပါဝင် တရားစွဲဆိုခြင်း ခံခဲ့ရသည့် မမေမြတ်မွန်၏ ညီမတော်စပ်သူ မနှင်းနှင်းရွှေက “ဟုတ် တယ်။ ဒီနေ့ နေ့လယ်ကပဲ သူတို့ လွတ်လာပြီ။ လွတ်လာပါပြီ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ အမှုတွင် ပါဝင်တရားစွဲဆိုခြင်း ခံခဲ့ရသူ တဦးဖြစ်သည့် ကိုမြတ်လင်းဦး၏ ညီတော်စပ်သူ ဦးကိုကိုဦးကလည်း ယနေ့ နေ့လယ်ပိုင်းတွင် တရားရုံးက တရားသေလွှတ်ကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး အမှုမှလွတ်မြောက်လာသူအားလုံး ကျန်း မာရေး ကောင်းမွန်ကြသည်ဟု ပြောဆိုသည်။
ဦးကိုကိုဦးက “ကျနော်တို့ မိသားစုအနေနဲ့ကတော့ ဝမ်းသာတယ်။ အကုန်လုံး ပြီးသွားပြီ။ ဘာမှလည်း မဖြစ်တော့ဘဲ ပြန် လွတ်လာတယ် ဆိုတော့လေ။ ဒီညနေတော့ သူတို့က စစ်တွေသွားမှာ။ ကိုမြတ်လင်းဦးလည်း လိုက်သွားမှာ။ ရခိုင်ကွန်ရက် က အပန်းဖြေတဲ့သဘောနဲ့ ခဏပို့ပေးမှာ။ မိသားစုဝင်လည်း ၂ ယောက်စီ လိုက်လို့ရတယ်တဲ့” ဟု ပြောသည်။
ရာဇဝတ်ကျင့်ထုံး ဥပဒေပါ ပြဋ္ဌာန်းထားချက်အရ အမှုတခုကို တရားသေလွှတ်ခြင်း ဆိုသည်မှာ တရားစွဲဆို ခံထားရသည့် အမှုမှ အပြီးအပြတ် လွှတ်ခြင်းဟု ပြဋ္ဌာန်းထားပြီး ထိုကဲ့သို့ တရားသေ လွှတ်လိုက်လိုက်သည့် အမှုများသည် တရားစွဲဆို ခံထားရသူအား နောင်တွင် ထပ်မံ တရားပြန်ဆွဲမှု မရှိတော့ခြင်း ဖြစ်သည်။
တရားလိုဘက်မှ ကျေနပ်မှု မရှိပါက အယူခံဝင်နိုင်ပြီး အယူခံဝင်ရာတွင်လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ တိုက်ရိုက် တင်ပြရမည်ဟု ရာဇဝတ်ကျင့်ထုံး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အဆိုပါ အမှု ၂ မှုလုံးသည် တရားရုံးက မဆုံးဖြတ်ခင် မေလ ၂၇ ရက်ကတည်းက တရားလို သတင်းရဲတပ်ဖွဲ့ဘက်မှ အမှု ကို ပြန်ရုပ်သိမ်းရန် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခွင့်အား ချပေးခဲ့သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ထံ စာတင်ထားခဲ့ခြင်း ဖြစ်သည်။
တရားလို သတင်းရဲတပ်ဖွဲ့ဘက်မှ တင်သွင်းခဲ့သည့် အမှုရုပ်သိမ်းလွှာထဲတွင် ယနေ့ တရားသေလွှတ်လိုက်သည့် ၂ မှုအပြင် မင်္ဂလာဒုံနှင့် ကမာရွတ် မြို့နယ်တို့တွင် တရားရင်ဆိုင်နေဆဲ ၂ မှုနှင့် အနောက်ပိုင်းခရိုင်တရားရုံးတွင် ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် အမိန့်ချပြီးသည့် ကိုအောင်မျိုးဝင်း အမှုတို့လည်း ပါဝင်သည်။
ထိုကဲ့သို့ တရားလိုဘက်မှ အမှုရုပ်သိမ်းလွှာ တင်ရခြင်းမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် AA ခေါင်းဆောင်များကြား ဆွေးနွေးမှုပြေလည်ပြီး အမျိုးသားရင်ကြားစေ့ရေးအတွက် စစ်တပ်ဘက်က ဆောင်ရွက်ပေး ခြင်း ဖြစ်သည်ဟု တရားစွဲခံထားရသူများ၏ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ဧရာဝတီကို ပြောဆိုထားသည်။
ယနေ့ ပြန်လည် လွတ်မြောက်လာသူ ၁၀ ဦးသည် ၂၀၁၉ ခုနှစ် စစ်တပ်နှင့် AA ကြား ရခိုင်ပြည်နယ်အတွင်း စစ်ရေး အ တင်းမာဆုံး ဖြစ်နေသည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့အား ထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ထိ ဖြစ်စေ၊ တသက်တ ကျွန်းထိဖြစ်စေ ချမှတ်နိုင်သည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂ (က)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။
၎င်းတို့ကို ဖမ်းဆီးစဉ်က သတင်းရဲတပ်ဖွဲ့သည် စင်္ကာပူပြည်ထဲရေး၊ လာအိုပြည်ထဲရေးတို့နှင့်ပါ ချိတ်ဆက်ပြီး တရားစွဲတင် နိုင်ရေး၊ သက်သေရရေးအတွက် ကြိုးပမ်းခဲ့သည်။
ရခိုင်အသင်း(စင်္ကာပူ) ၏ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် စင်္ကာပူနိုင်ငံအတွင်း အင်ဂျင်နီယာလုပ်ငန်းဖြင့် အ သက်မွေးဝမ်းကျောင်း ပြုနေကြသူများဖြစ်ပြီး မြန်မာအာဏာပိုင်များ၏ တောင်းဆိုမှုအရ ၂၀၁၉ ဇူလိုင်တွင် စင်္ကာပူနိုင်ငံ၌ ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသည်။
ထိုသို့ ဖမ်းဆီးစစ်ဆေးပြီးနောက် AAကို ငွေကြေးထောက်ပံ့ခြင်း၊ အားပေးထောက်ခံခြင်းများ ပြုလုပ်သည်ဟူသော ပြစ်မှုဖြင့် စင်္ကာပူနိုင်ငံက ပြည်နှင်ဒဏ်ပေးကြောင်း ကြေညာကာ လေယာဉ်ဖြင့် ပြန်ပို့လိုက်ပြီး မြန်မာနိုင်ငံ အရောက်တွင် သတင်းရဲ တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
မမိုးနှင်းဖြူနှင့် ကိုကျော်နိုင်အမှုတွင်လည်း ကိုကျော်နိုင်က ထိုင်းနိုင်ငံ၌ ရှိနေစဉ် ဖမ်းဝရမ်း ထုတ်ခံထားရသည့် AA တပ်ဖွဲ့ ဝင်တဦးနှင့် ခရီးသွားလာခြင်းတို့ကြောင့် ဟုဆိုကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။
စစ်တပ် နှင့် AA ကြား ၂၀၁၈ နိုဝင်ဘာမှ ၂၀၂၀ နှစ်လယ်ပိုင်းအထိ စစ်ရေးပဋိပက္ခများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး နှစ် ဖက်တပ် ဆက်ဆံရေးမှာ သဘောထား တင်းမာခဲ့သလို ၂၀၂၀ မေ ၂၃ ရက်တွင်လည်း နိုင်ငံတော်သမ္မတနှင့် ပြည်ထဲရေး ဝန်ကြီးဌာနက AA ကို မတရားအသင်းအဖွဲ့၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့သည်။

၂၀၂၀ နိုဝင်ဘာတွင် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ကြားဝင်ညှိနှိုင်းပေးရာ စစ်တပ်နှင့် AA ကြား တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းသွားခဲ့ပြီး နှစ်ဖက်ခေါင်းဆောင်များကြား မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ သည်။
ထိုသို့ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာတွင် AA က ထည့်သွင်းတောင်းဆိုသည့် အချက်တချက်မှာ ပဋိပက္ခကာလအတွင်း AA နှင့် ပတ်သက်သည် ဟုဆိုကာ ဖမ်းဆီး တရားစွဲဆိုထားသည့် အမှုများကို ရုပ်သိမ်းပြီး ဖမ်းဆီးခံထားရသူများ အားလုံး ကို ပြန်လွှတ်ပေးရန် ဖြစ်သည်။
စစ်တပ် နှင့် AA ကြား နှစ်ဦးနှစ်ဖက် ပြေလည်ပြီးနောက်တွင် ၎င်းတို့ ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များကို ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် နှစ်ဖွဲ့လုံးက တောင်းဆိုမှု ပြုခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် မတ် ၁၁ ရက်၌ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ထားခြင်းမှ ပြန်ရုပ်သိမ်းခဲ့ကာ AA နှင့် ပတ်သက်ဆက်နွယ်ခြင်း၊ သံသယရှိခြင်းတို့ကြောင့် အကြမ်းဖက်ဥပဒေ ပုဒ်မများဖြင့် တရားစွဲခံထားရသူများ၏ အမှုကို ဖြေလျော့ပေးရန် စစ်ကောင်စီဘက်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီ၊ မြို့နယ်စည်ပင် ဥက္ကဋ္ဌဟောင်း ဦးစန်းငွေ၊ ရခိုင်အမျိုးသားပါတီ၊ တောင်ကုတ်မြို့နယ်၏ အလုပ်အမှုဆောင် ဦးဝေသောင်းတို့အား အကြမ်း ဖက်ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုထားမှုကိုလည်း ပြီးခဲ့သည့် ဧပြီ ၂၆ ရက်က တရာရုံးတွင် သက်သေ မခိုင်လုံကြောင်း ဆုံးဖြတ်ကာ အမှုမှ အပြီးအပြတ် တရားသေလွှတ်ပေးခဲ့သည်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဖြစ်ပွားနေသည့် ကာလအတွင်း စစ်တပ်က ဖမ်းဆီးကာ တရားစွဲဆိုထားသည့် အမှုပေါင်း ၉၀ ကျော်ရှိပြီး ဖမ်းဆီး တရားစွဲဆိုခံထားရသူ ၂၇၀ ဦးကျော် ရှိသည်။
You may also like these stories:
AA နှင့် ပတ်သက်၍ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုထားမှုများ ရုပ်သိမ်းလွှာတင်ထား
AA ကို အကြမ်းဖက်အုပ်စုမှ စစ်ကောင်စီပယ်ဖျက်