အာဏာသိမ်းအပြီး ၄ လကျော်အကြာ အမေရိကနှင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုကို ခံနေရသော မြန်မာစစ်ကောင်စီကို အသက်ရှူချောင်ရေး တရုတ်က ကူညီထောက်ပံ့နိုင်ဖွယ်ရှိကြောင်း ပြသသည့်အနေဖြင့် မြန်မာအပေါ် သဘောထားမပြောင်းဟု တရုတ်က ပြောဆိုလိုက်သည်။
ချုံချင့်မြို့တွင် ကျင်းပသည့် တရုတ်-အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ သီးခြားတွေ့ဆုံမှု၌ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၂ နိုင်ငံ ပူးတွဲစီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်မည်ဟု ပြောဆိုကြောင်း စစ်ကောင်စီ၏ MRTV သတင်းက ကြေညာသွားသည်။
“မြန်မာအပေါ် မိတ်ဆွေအဖြစ် တရုတ်၏ သဘောထားသည် မြန်မာ၏ ပြည်တွင်းပြည်ပအခြေအနေများ အပြောင်းအလဲကြောင့် ထိခိုက်ခြင်း မရှိသလို မြန်မာပြည်သူများထံ ရှေးရှုဦးတည်မှုကိုလည်း ထိန်းသိမ်းသွားမည်”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာထားသည်။
“အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်များတွင် မြန်မာနိုင်ငံသည် မိမိအမျိုးသားရေး အခြေအနေများနှင့်ကိုက်ညီမည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အမှီအခိုကင်းစွာ ရွေးချယ်နိုင်ရန် တရုတ်နိုင်ငံအနေဖြင့် အားပေးသည်”ဟုလည်း ကြေညာချက်က ဆိုသည်။
ယခု တရုတ်နိုင်ငံ၏ ထုတ်ပြန်ကြေညာချက်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေး နှေးကွေးနေကြောင်း မလေးရှားနှင့် စင်ကာပူတို့က ထုတ်ဖော်ပြောဆိုခဲ့သော အာဆီယံအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲအပြီး ထွက်ပေါ်လာခြင်း ဖြစ်သလို စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်ကြောင်း ဒေသတွင်းနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို အသည်းအသန် ရှာဖွေနေရချိန်တွင်လည်း တိုက်ဆိုင်စွာ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိထံ ဇွန်လ ၇ ရက်တွင် စာပေးပို့ခဲ့ရာတွင် စစ်ကောင်စီသည် “မြန်မာပြည်သူများကို ကိုယ်စားမပြုကြောင်း ပြောခဲ့သည်။
စစ်ကောင်စီအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်ရန် ကြိုးပမ်းမှုများကြောင့် “တရုတ်နှင့် မြန်မာ ၂ နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေး ထိခိုက်လာစေနိုင်သည်” ဟုလည်း ဒေါ်ဇင်မာအောင်က သတိပေးပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှ စပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူပေါင်း ၉၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လူပေါင်း ၆၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ဖြစ်သည်။ ယနေ့ ကုလသမဂ္ဂက ကယားပြည်နယ်အတွင်း အရပ်သားနယ်မြေများအား စိစစ်ရွေးချယ်ခြင်းမရှိ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်နေသောကြောင့် အမျိုးသမီးနှင့် ကလေးများအပါအဝင် လူ ၁ သိန်း အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ သောက်ရေ၊ နေစရာ၊ ချက်ပြုတ်စရာ လောင်စာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နေကြောင်း ထုတ်ပြန်သည်။
အာဏာသိမ်း စစ်ကောင်စီကို အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများ လုပ်လာခဲ့သော်လည်း ဒေသတွင်း မဟာမိတ်နိုင်ငံများနှင့် အာဆီယံနိုင်ငံများက သဘောမတူခဲ့သလို တရုတ်နိုင်ငံကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌လည်း မြန်မာကိုအရေးယူမည့် အရေး စကားလုံး ပြင်းပြင်းထန်ထန် မသုံးရန်ပင် ကန့်ကွက် ပိတ်ပင်နေသည်။ နောက်ဆုံးတွင် မြန်မာက အဖွဲ့အဝင်အဖြစ်ပါဝင်နေသည့် အာဆီယံအဖွဲ့ကို ကြားဝင်ဖြန်ဖြေရေး ဖိအားဖြစ်လာစေသည်။ အာဆီယံ၏ အခြေခံမူက တပါးသူအရေး ဝင်ရောက်မစွက်ဖက်ရေး ဖြစ်သည်။
တရုတ်အနေဖြင့် “အကြမ်းဖက်မှုများ ချက်ခြင်းရပ်စဲရန်” အပါအဝင် ဧပြီလက “အားလုံးသဘောတူညီချက်” ၅ ချက် ရရှိခဲ့သော အာဆီယံ၏ မြန်မာအပေါ် ရပ်တည်ချက်အား ထောက်ခံကြောင်း ပြောကြားရင်း “အပြုသဘောဆောင် ပါဝင်ဆောင်ရွက်ရန်” ကမ်းလှမ်းလာခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဝမ်ယိက ဦးဝဏ္ဏမောင်လွင်အား “အဖွဲ့အစည်း အားလုံး နိုင်ငံရေး တွေ့ဆုံဆွေးနွေးကြရန်”၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “ဒီမိုကရေစီ အကူးအပြောင်းကို ပြန်လည်စတင်ရန်” ပြောဆိုကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရုတ်အစိုးရနှင့် ဖြုတ်ချခံ NLD အစိုးရတို့က ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်တွင် ရန်ကုန်မြို့သစ်နှင့် ရှမ်းနှင့် ကချင်ပြည်နယ်များရှိ မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်မများ အပါအဝင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် CMEC စီမံကိန်းများကို အရှိန်မြှင့်ရန် သဘောတူခဲ့သည်။
စစ်ကောင်စီသည် NLD က ထူထောင်ထားသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် စီမံခန့်ခွဲသည့် အဓိကကော်မတီတခုကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ယင်းစီမံကိန်းကို တွန်းလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံရှိ စီမံကိန်းများအတွက် အာဏာသိမ်း စစ်ကောင်စီသို့ ငွေချေးရန် တရုတ်ကျောထောက်နောက်ခံပြု အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ဘဏ် Asian Infrastructure Investment Bank -AIIB က တံခါးဖွင့်ထားကြောင်း စီးပွားရေး သတင်းစာကြီး Financial Times က မကြာသေးမီက ရေးသားခဲ့သည်။
မြန်မာနိုင်ငံသည် AIIB ၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ပုဂ္ဂလိကကဏ္ဍ စွမ်းအင်စက်ရုံစီမံကိန်းတခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငွေ ရထားခဲ့သည်။
“တခြားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေ မြန်မာကို လက်ရှောင်နေကြရင် တရုတ်ကုမ္ပဏီတွေက ဒီလေဟာနယ်ကို ပျော်ပျော်ကြီး ဝင်ဖြည့်ကြမှာပဲ။ စွမ်းအင်ကဏ္ဍမှာ လက်ရှိ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လာမယ့် ရင်းနှီးမြှုပ်နှံမှုသစ်တွေကြောင့် ဒါက စဖြစ်နေပြီလို့ ကျမထင်တယ်”ဟု ဩစတြေးလျနိုင်ငံ ကာတင် Curtin တက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာ စီးပွားရေးရာ တွဲဖက်ပါမောက္ခ Associate Professor (International Business) ဒေါက်တာထွေးထွေးသိန်းက ဧရာဝတီကို ပြောဆိုသည်။
You may also like these stories:
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား
NUG ကို ထိတွေ့ဆက်ဆံမှု မပြုသည့် အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ စာပို့
စစ်ကောင်စီကို တရားဝင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် ဆိုးကျိုးသာဖြစ်နိုင်