အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ပြောင်းလဲ ပြင်ဆင်ထားသော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်တွင် ဇွန်လ ၇ ရက်နေ့က ပြုလုပ်သော စစ်ကောင်စီ၏ ၁၂/ ၂၀၂၁ အစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာရေးနှစ်ကို ပြန်လည် ပြင်ဆင်သတ်မှတ်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သဖြင့် မိုး၊ ဆောင်း စိုက်ပျိုးသီးနှံထွက်ရှိမှုနှင့် အခွန်အခများပေါ် မူတည်၍ ယခင်က ဘဏ္ဍာရေးနှစ်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး NLD အစိုးရက ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ခြင်းကြောင့် နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများ အဆင်မ ပြေမှုများ ဖြစ်ပေါ်နေ၍ ဘဏ္ဍာရေးနှစ်ကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန် လိုအပ်သည်ဟု ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီဘက်က ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲပြင်ဆင်မည်ဟု ပြောဆိုနေသော်လည်း ပြောင်းလဲမည့် ဘဏ္ဍာရေးနှစ် အချိန်ကာလနှင့် ပတ်သက်၍ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ယခင်က ဘဏ္ဍာရေးနှစ်သည် ဧပြီ ၁ ရက်နေ့မှ မတ် ၃၁ ရက်နေ့အထိဖြစ်ပြီး NLD အစိုးရက အစိုးရ၏ တင်ဒါဆောက် လုပ်ရေးလုပ်ငန်းများနှင့် ငွေပေးချေမှု ကိစ္စရပ်များ အဆင်ပြေစေနိုင်ရေး မိုးရာသီအကုန် ပွင့်လင်းရာသီဖြင့် စတင်နိုင်ရန် အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ စတင်ကာ အောက်တိုဘာ ၁ ရက် မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြောင်းလဲ ပြင်ဆင်ခဲ့ ခြင်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ စီးပွားရေး လေ့လာသုံးသပ်သူတဦး က “အရင်ကလည်း ဘဏ္ဍာနှစ်တွေကို အပြောင်းအလဲ လုပ်ခဲ့ပေမယ့် အစိုးရရဲ့ ငွေလုံးငွေရင်း အသုံးစရိတ်တွေ၊ သာမန် အသုံး စရိတ်တွေနဲ့ ချိန်ကိုက်ရမယ့် စနစ်တွေက မကောင်းဘူး။ တင်ဒါကိစ္စတွေကို ဝန်ကြီးဌာနတွေတိုင်းက ၆ လ လောက် အချိန် ကုန်ပြီး လုပ်နေကြတာပဲ။ တကယ်က ဘဏ္ဍာရေးနှစ်ဆိုတာက အချိန်ကာလတွေ ဘယ်လိုပဲပြောင်းပြောင်း တကယ့် စနစ်တွေ ပြောင်းလဲဖို့ လိုတယ်” ဟု မှတ်ချက်ပြုသည်။
ကမ္ဘာ့နိုင်ငံအများစုသည် ဘဏ္ဍာရေးနှစ်ကို အင်္ဂလိပ်ပြက္ခဒိန် ပြထားသည့် လများအတိုင်း (Calendar Year) သတ် မှတ်လေ့ရှိပြီး အစိုးရတင်ဒါများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးသော နိုင်ငံများသည် စီးပွားရေး လုပ်ငန်းများ အခွန်အခ ပေးဆောင်ရန် ပိုမိုလွယ်ကူစေရေး အစိုးရက ဘဏ္ဍာရေးနှစ်ကို သတ်မှတ်ထားခြင်း မရှိဘဲ စီးပွားရေးလုပ်ငန်း များက သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်အတိုင်း လုပ်ဆောင်ကြလေ့ရှိသည်ဟုလည်း ၎င်းက ရှင်းပြသည်။
စစ်ကောင်စီက အစိုးရ အခွန်အခ အနည်းဆုံးရရှိသော ကဏ္ဍတခုဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍအပေါ် အခြေခံပြီး ဘဏ္ဍာရေး နှစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်ခြင်းသည် NLD အစိုးရ ပြင်ဆင်ထားခဲ့သော ဘဏ္ဍာရေးနှစ်ကို ပယ်ဖျက်ရန် အကြောင်းပြ ချက် တခုသာ ဖြစ်ကြောင်း သွင်းကုန်ပို့ကုန်လုပ်ငန်းရှင် တဦးက ပြောသည်။
၎င်းက “ပုဂ္ဂလိက လုပ်ငန်းကဏ္ဍ အားလုံးက ကုမ္ပဏီတွေက ဘယ်လို ဘဏ္ဍာရေးနှစ် သတ်မှတ်ထားလဲ။ ဒါနဲ့ အစိုးရ အသုံးစရိတ်တွေနဲ့ ဘယ်လို ချိတ်ဆက်မလဲဆိုတဲ့ စဉ်းစားချက်မျိုးနဲ့ လုပ်သင့်တယ်။ တချို့နိုင်ငံတွေဆို အစိုးရက ဘဏ္ဍာ နှစ်တောင် မသတ်မှတ်ထားဘူး” ဟု ဆိုသည်။
ဘဏ္ဍာရေးနှစ်အား မည့်သည် အချိန်ကာလကို သတ်မှတ်သည်ဖြစ်စေ စီးပွားရေးလုပ်ငန်းများ အနေဖြင့် အဆင်ပြေအောင် လိုက်ပါ ဆောင်ရွက်နိုင်သော်လည်း ဘဏ္ဍာရေးနှစ်ကို မကြာခဏ အပြောင်းအလဲ ပြုလုပ်ခြင်းက ယခုလို စီးပွားရေး ကျ ဆင်းနေသည့် အချိန်ကာလ၌ စီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲတခု ထပ်တိုးလာနိုင်စေကြောင်း စီးပွားရေးလုပ် ငန်းရှင်တချို့ က သုံးသပ်ပြောဆိုကြသည်။
You may also like these stories:
AA ကို အကြမ်းဖက်အုပ်စုမှ စစ်ကောင်စီပယ်ဖျက်
စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား
NUG ကို ထိတွေ့ဆက်ဆံမှု မပြုသည့် အပေါ် စိုးရိမ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးထံ စာပို့
စစ်ကောင်စီကို တရားဝင်အောင် ကြိုးစားခြင်းသည် တရုတ်အတွက် ဆိုးကျိုးသာဖြစ်နိုင်