ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)နှင့် ပတ်သက်လျှင် မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံးမည်ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ယနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
ယနေ့ထုတ်ပြန်သည့် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏ စာတွင် KNLA အနေဖြင့် မေ ၁၀ရက်က ထုတ်ပြန်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ စောမူတူးစေးဖိုး၏ သဘောထား လမ်းညွှန်ချက် အတိုင်းလိုက်နာသွား မည်ဖြစ်ကြောင်းလည်း ပါရှိသည်။
မေလ ၁၀ရက် ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဘဘောထားလမ်းညွှန်ချက်စာမှာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ အချိန်အခါ အခြေအနေတခု၌ နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်ရသဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန်ဟူ၍ ဖြစ်သည်။
ထိုစဉ်က KNU ဥက္ကဌ၏ သဘောထားနှင့် ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံးအတွင်း ကြိုဆိုသူများ ရှိသကဲ့သို့၊ စစ်ကောင်စီ၏ တပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်နေသည့် KNU တပ်မဟာ ၅ ကမူ လူကြီးတယောက်၏ သဘောထား သာဖြစ်ပြီး မဖြစ်မနေလိုက်နာရမည့် အမိန့်မဟုတ်ဟု သတ်မှတ်ကာ မိမိတို့လုပ်စရာရှိသည့်အလုပ်များကို ဆက်လက်လုပ် ဆောင်မည်ဟု ဧရာဝတီကို ထုတ်ဖော်ပြောဆိုမှုများလည်း ရှိခဲ့သလို တချို့သော ကရင်အရပ်ဖက်အဖွဲ့အစည်း တချို့က ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ရှိခဲ့သည်။
ထိုသို့ ဝိဝါဒ ကွဲပြားမှုများ အကြား တလခန့်အကြာတွင် KNLA စစ်ဦးစီးချုပ်က ယခုကဲ့သို့ KNU ဥက္ကဌ၏ လမ်းညွှန်ချက် အတိုင်း လိုက်နာခံယူသွားမည်၊ KNLA သည် KNU က လက်မှတ်ထိုးထားသော တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မူဘောင်အတိုင်း တိကျစွာ လိုက်နာမည်ဖြစ်၍ KNLA တပ်ဖွဲ့ဝင် အားလုံးအနေနှင့် စစ်စည်းကမ်းနှင့်အညီ တိကျစွာ လိုက်နာကြရန် စသည်တို့ ရေးသားလာခြင်းဖြစ်သည်။
ယနေ့ထုတ်ပြန်သည့် စစ်ဦးစီးချုပ်၏ စာနှင့် ပတ်သက်၍ KNLA ဗဟိုစစ်ဦးစီးဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် တာမလာသောနှင့် ဗိုလ်မှူးချုပ် ရှာထုဝေါင်တို့ထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။
တခြားသော KNU ဗဟိုမှ အရာရှိတဦးက “ဒီနေ့ ၆ နာရီမှာ စာကထွက်တယ်။ ဘာကြောင့်လဲဆိုတော့ အခုကလည်း ရုတ်ရုတ်သဲသဲလေ။ ရုတ်ရုတ်သဲသဲဆိုတာက ကျနော်တို့ တပ်တွေကို စည်းကမ်းအပေါ်မှာ ရပ်တည်ဖို့ ဗဟိုရဲ့ ချုပ်ကိုင်မှုကို နာခံဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ” ဟု ဆိုသည်။
KNU သည် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိကာလတွင် KNU လက်အောက်ခံ KNLA တပ်မဟာ (၅) နှင့် စစ်ကောင်စီလက်အောက်ခံ မြန်မာစစ်တပ် ၊ ရဲ နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲတချို့ဖြစ်ထားပြီး စစ်ရေးတင်းမာနေသည်။
ယခုထုတ်ပြန်ချက်နှင့် ပတ်သက်၍ KNLA တပ်မဟာ (၅)၏ သဘောထားသိရှိရန် ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းနှင့် ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်သွယ်မရပေ။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်ကလည်း KNU လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) က ဒေသခံ မြဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ခွဲထွက် အဖွဲ့တိုနှင့်ပူးပေါင်းကာ စစ်ကောင်စီတပ်စခန်းများကို မြဝတီမြို့နယ် ဝေါလေနှင့် ဖလူးဒေသများတွင် စစ်ဆင်တိုက်ခိုက်ထားသည်။
You may also like these story:
ဂယက်ထသွားသည့် KNU ဥက္ကဋ္ဌ၏ ကြေညာချက်