နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅(က) ဖြင့် တရားစွဲဆို ဖမ်းဆီးခြင်း ခံထားရသည့် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၏ ပထမဆုံးအကြိမ် ရုံးချိန်းကို အင်းစိန်ထောင်တွင်းတရားရုံး၌ ယနေ့ (ဇွန်လ ၉ ရက်) တွင် စတင် စစ်ဆေးခဲ့ကြောင်း သိရသည်။
ယနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူ မြောက်ဒဂုံမြို့နယ် စခန်းမှူး ဒုရဲမှူး မျိုးမြင့်အောင်ကို စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ပိုင်တံခွန်၏ ရှေ့နေဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။
“ဒီကနေ့က တရားလို မြောက်ဒဂုံစခန်းမှူး ဒုရဲမှူးမျိုးမြင့်အောင်ကို စစ်တယ်။ သူက တရားလို ပြုလုပ်တိုင်ကြားထားတဲ့ အတွက် ရဲတိုင်စာမှာပါတဲ့ အကြောင်းအရာတွေကို ထွက်ဆိုတာပေါ့။ ကျနော်တို့ကတော့ သူ့ရဲ့ထွက်ဆိုချက်ပေါ် မူတည် ပြီးတော့ ပြန်လှန် မေးခွန်းတွေ မေးပြီးတော့ အမှုကို ပြန်လည် ချေဖျက်ဖို့ ကြိုးစားရတာပေါ့” ဟု ဦးခင်မောင်မြင့် ပြောသည်။
ပိုင်တံခွန်အား ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားထားသည့် အကြောင်းအရာများမှာ ဥပဒေနှင့် ငြိစွန်းနေခြင်း ကြောင့် အရှေ့ပိုင်းခရိုင်ရုံးမှတဆင့် ပိုင်တံခွန်နေထိုင်ရာ မြောက်ဒဂုံရဲစခန်းသို့ အရေးယူပေးရန် ညွှန်ကြားစာ ရောက်ရှိလာ ခြင်းကြောင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပိုင်တံခွန် အကောင့်ပိုင်ရှင် Facebook ပေါ်မှာ တင်ထားတဲ့ ပို့စ်တွေက ဥပဒေနဲ့ ငြိစွန်းတဲ့အတွက် အရှေ့ပိုင်းခရိုင် တရားရုံး ကနေမှ သူနေထိုင်တဲ့ မြောက်ဒဂုံရဲစခန်းကို အရေးယူပေးဖို့ ညွှန်ကြားလို့ ဖွင့်လှစ်တိုင်ကြားရ တယ်ပေါ့။ ပိုင်တံခွန်ကိုယ်တိုင် ဆန္ဒပြတာ၊ လှုံ့ဆော်တယ် ဆိုတာ မဟုတ်ဘူး။ သူတင်ထားတဲ့ အချက်အလက်တွေကြောင့် အရေးယူတယ်လို့ ထွက်ဆိုထားပါတယ်” ဟု ဦးခင်မောင်မြင့်ကပြောသည်။
ပိုင်တံခွန်သည် စစ်အာဏာရှင်အားအလိုမရှိကြောင်း ရေးသားမှုများ ၊ မြန်မာနိုင်ငံ၏ အခြေအနေများအား နိုင်ငံတကာမှ သိစေရန် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ရေးသားဖော်ပြမှုများ ၊ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုပုံရိပ် များစွာကို ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့သည်။
နောက်တကြိမ် ရုံးချိန်းအား ဇွန်လ ၂၃ ရက်ကို ချိန်းဆိုထားကာ ထိုရုံးချိန်းတွင် တရားလိုပြသက်သေကို စစ်ဆေးသွာမည် ဖြစ်ပြီး ပိုင်တံခွန်၏ အမှုအား တရားရုံး စွဲတင်ခဲ့သည့် မေလ ၄ ရက်မှစတင်၍ ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။
ပြည်သူများနှင့် တသားတည်း ရပ်တည်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ပြီး နိုင်ငံတကာ သိအောင် နည်းအမျိုး မျိုးနှင့် ဖော်ပြ ပေးခဲ့သည့် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်အား ဧပြီလ ၈ ရက်က ရန်ကုန်မြို့ မြောက်ဒဂုံ နေအိမ်တွင် စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့ကြသည်။
You may also like these stories:
“ဗိုလ်ချုပ်ရုပ်ရှင်ကို စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့နေရာမှာ အသုံးချမှာ စိုးရိမ်တယ်”
တော်လှန်ရေးထဲ ပါဝင်လာသူတွေကို လေးစားကြိုဆိုတဲ့ ထားထက်ထက်