ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ Star City အိမ်ရာ၊ တိုက်အမှတ်(B-5) တွင် ဖမ်းဆီးခံခဲ့ရသည့် လူငယ်များအနက် ၁၃ ဦးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)ဖြင့် အင်းစိန်ထောင်အတွင်း၊ အထူးတရားရုံးတွင် ယနေ့ (ဇွန် ၉ ရက်) တရားစွဲတင် လိုက်ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က မေလ ၉ ရက်နေ့ ညနေပိုင်းတွင် ၎င်းတို့ နေထိုင်သည့် တိုက်ခန်းအတွင်း ဝင်ရောက် စီးနင်းခဲ့ပြီး လူငယ်များအား မျက်လုံးကို အဝတ်စဖြင့်ပိတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် တလအကြာ ယနေ့တွင် ထိုကဲ့သို့ တရားစွဲတင်လိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ ၁၄ ဦးအနက် အသက်မပြည့်သေးသည့် မိန်းကလေး ၁ ဦး ပါဝင်သည့်အတွက် ၎င်းကို ကလေးသူငယ် တရားရုံးဖြင့် သီးခြား ဆောင်ရွက်ဖွယ်ရှိကြောင်း၊ ၎င်းတို့၏ အမှုနှင့်ပတ်သက်၍ လာမည့် ဇွန်လ ၂၃ ရက်နေ့ကို ပြန်လည် ချိန်းဆိုထားပြီး မှုခင်းစီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းနေ့ ညနေပိုင်း ဖြစ်စဉ်တွင် ၎င်းတို့နှင့် အတူရှိနေသည့် ဆေးတက္ကသိုလ် (၂) ကျောင်းသားဟောင်း တဦးဖြစ်သူ အသက် ၃၀ နှစ်ဝန်းကျင် ဒေါက်တာငြိမ်းသူအောင်မှာ တိုက်ပေါ်မှ ပြုတ်ကျပြီး သေဆုံးခဲ့ရသည်။

၎င်းတို့ ဖမ်းဆီးခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရာအတွင်း နေထိုင်သူတချို့က သတင်းပေး ဒလန်များကြောင့် ဝင်ရောက်စီးနင်းခံရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ဒေါက်တာငြိမ်းသူအောင် ပြုတ်ကျသေဆုံးခဲ့သည့် အခန်းဝရန်တာ တွင်လည်း သွေးစတချို့ မြင်တွေ့ခဲ့ရသည်ဟု ပြောဆိုထားသည်။
သတင်းပေး ဒလန်အဖြစ် နာမည်ထွက်ခဲ့သည့် မိသားစုမှာ ဦးသိန်းစိန် အစိုးရလက်ထက် ဝန်ကြီးတာဝန် ယူခဲ့ဖူးသူတဦး၏ မိသားစုဝင်များဖြစ်ပြီး လက်ရှိတွင် အနောက်နိုင်ငံသို့ ထွက်သွားပြီ ဖြစ်ကြောင်း သိရသည်။
Star City အိမ်ရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် ပုဂ္ဂိုလ်ရေး ရင်းနှီးသည့် စစ်တပ်အရာရှိဟောင်း မိသားစုတချို့ နေထိုင်ကြောင်းလည်း အိမ်ရာအတွင်း နေထိုင်သူတဦး က ပြောဆိုသည်။
ယင်းဖြစ်စဉ်မတိုင်မီ မတ်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်ပင်ထားသော Mizzima သတင်းဌာန၏ Star City အိမ်ရာဝင်းအတွင်းရှိ ရုံးခန်းအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေး သည်။
Star City အိမ်ရာ စီမံခန့်ခွဲရေးအဖွဲ့က ဒေါက်တာငြိမ်းသူအောင် သေဆုံးခဲ့ရပြီး လူငယ်များ ဖမ်းဆီးခံရသည့် ဖြစ်စဉ် ဖြစ်ပွား ပြီးနောက် အိမ်ရာအတွင်း နေထိုင်သူများနှင့် ဧည့်သည်အဖြစ် လာရောက် တည်းခိုနေထိုင်သူများအား ရှောင်တခင် ဝင်ရောက် စစ်ဆေးနိုင်ကြောင်း ကြေညာပြီး မေလ ၁၇ ရက်နေ့မှ စတင်ကာ လုံခြုံရေး တိုးမြှင့်ခဲ့သည်။
ထို့ပြင် ၎င်းတို့က အိမ်ခန်းများအတွင်း ရှိသင့်ရှိထိုက်သည့် လူဦးရေ ပမာဏထက် ပိုမိုနေထိုင်ခြင်း မပြုရန်လည်း ကြေညာခဲ့ သည့်အတွက် အိမ်ရာတွင် နေထိုင်သူများက ကန့်ကွက်ခဲ့ကြပြီး အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ရပ်ကို ဝေဖန်ခဲ့ကြသည်။
Star City အိမ်ရာကို ရန်ကုန်မြို့ရှိ နာမည်ကြီး အိမ်ရာများဖြစ်သည့် ပန်းလှိုင်အိမ်ရာ၊ FMI အိမ်ရာများကို တည်ဆောက်ခဲ့ သည့် FMI လုပ်ငန်းစုတည်ထောင်သူ ဦးသိမ်းငွေ (ခ) Serge Pun က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို