ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) နှင့် ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) ကို ချေမှုန်းပြီး မြို့ကို ထိန်းချုပ်နိုင်ရန်အတွက် အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေလျှက်ရှိသည်။
ဒီးမော့ဆိုမြို့တွင်း မေ၂၁ ရက်မှစ၍ တိုက်ခိုက်မှုများ စတင်ခဲ့ပြီး မြို့ဧရိယာအချို့၌ KNDF နှင့် PDF က လှုပ်ရှားကာ စစ် ကောင်စီတပ်များကို တိုက်ခိုက်လျက် ရှိသည်။
စစ်ကောင်စီဘက်က ဒီးမော့ဆိုမြို့ တခုလုံးကို ထိန်းချုပ်နိုင်ရန်အတွက် KNDF နှင့် PDF တပ်များ လှုပ်ရှားနေသည်ဟု ယူဆသည့် မြို့တွင်း ရပ်ကွက်များကို လက်နက်ကြီး ကျည်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေရာ ဒေ့ါငံခါးရပ်ကွက်သည် လက်နက် ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်ခံနေရသည်။
ဒီးမော့ဆို PDF အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူတဦးက “ဒီနေ့ သူတို့ လက်နက်ကြီးနဲ့ လှမ်းပစ်နေတယ်။ ထိပ်တိုက်တော့ မတွေ့ သေးဘူး။ ဒေါ့ငံခါးမှာ အခြေအနေက ရပ်ကွက်ထဲကို သူတို့ဝင်လာရင် ကျနော်တို့နဲ့ ထိပ်တိုက်တွေ့တယ်။ သူတို့ လက်နက် ကြီးနဲ့ ပစ်လို့ ကျနော်တို့ နောက်ဆုတ်တယ်ဆိုရင် သူတို့က ဝင်လာပြီး အိမ်တွေကို မီးရှို့သွားတယ်။ ဒီ ၁ ရက် ၂ ရက်အတွင်း မှာက သူတို့ လက်နက်ကြီးတွေနဲ့ပဲ ပိုပစ်နေတယ်” ဟု ပြောသည်။
ဒေါ့ငံခါးရပ်ကွက်သည် ဒီးမော့ဆိုမြို့မှ ပဲခူးတိုင်း၊ တောင်ငူမြို့ဘက်သို့ ထွက်သည့် အဝေးပြေးလမ်းမကြီး၏ဘေးတွင် တည်ရှိ သည့် ရပ်ကွက်ကြီး ဖြစ်သည်။
စစ်ကောင်စီတပ်များက ဒေါ့ငံခါးရပ်ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ဒေါ့ငံခါးကို နှစ်ဖက် ပိတ်ဆို့နိုင်ရန်အတွက်လည်း တောင်ငူမြို့ဘက်မှ စစ်ကူတပ်များကို ခေါ်ထားသည်။
ဒီးမော့ဆို PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက “သူတို့ စစ်အင်အားတွေ ထပ်ပြီး ပို့လွှတ်နေတယ်။ ဒါပေမယ့် ကျနော်တို့က ရအောင် တားမယ်။ ဒီကောင်တွေကို ကျနော်တို့က တတ်နိုင်သလောက် တားမယ်။ ဒီမြို့ကို လာထိန်းချုပ်လို့ မရအောင် ကျနော်တို့ တတ်နိုင်သမျှ တားမှာပါ” ဟု ပြောသည်။
စစ်ကောင်စီဘက်က ကယားပြည်နယ်တွင်း တော်လှန်တိုက်ခိုက်နေသည့် PDF တပ်ဖွဲ့များကို ချေမှုန်းခြင်းများ ပြုလုပ်တော့ မည်ဖြစ်သဖြင့် အရပ်သားများ ဘေးလွတ်သည့် နေရာတွင် ရှောင်ထားကြရန်ဟု ရေးသားထားသည့် စာတစောင်ကိုလည်း ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီက အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ထံသို့ ဇွန် ၄ ရက်က ပေးပို့ ထားသည်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ၎င်းတို့ရထားသည့် သတင်းများ အရ တောင်ငူဘက်မှတဆင့် တက်လာသည့် စစ်ကောင်စီတပ်များမှာ ဒီးမော့ဆိုမြို့နယ်တွင်းသို့ ရောက်လာခြင်း မရှိသေးပါဟု ပြောသည်။
ကယားပြည်နယ်ဘက်သို့ တက်လာမည့် စစ်ကောင်စီတပ်များသည် တောင်ငူ- သံတောင်ကြီးလမ်းမှတဆင့် ဝင်လာပြီး လက် ရှိတွင် လိပ်သိုမြို့နယ်ခွဲ၊ ကယားပြည်နယ်၊ နယ်စပ်တွင် တပ်စွဲထားသည်ဟု KNDF က ပြောသည်။
KNDF ၏ သတင်း ထောက်လှမ်းထားချက်အရ လိပ်သိုမြို့နယ်ခွဲအတွင်း ရောက်လာသည့် စစ်အင်အားသည် ၁၀၀ ကျော် ရှိ သည်ဟု ဆိုသည်။
KNDF ၏ ပြန်ကြားရေး တာဝန်ခံက “တပ်ကတော့ စစ်ကြောင်းတွေ လာမှာပဲ။ ဒီအပေါ်မှာ ကျနော်တို့ ရင်လည်း မခုန်ဘူး။ တပ်က အထိခိုက်များလို့ စစ်ကူတွေ လာတာလို့ ကျနော်တို့ နားလည်တယ်။ သူတို့ ထပ်လာရင် ထပ်တိုက်မှာပါ။ တောင်ငူ ဘက်ကပဲ လာလာ၊ ဆီဆိုင်ဘက်ကပဲ လာလာ၊ ဒီဘက်ရောက်ရင် တိုက်ဖို့ပဲ ပြင်ပါမယ်။ ကျနော်တို့ ပြည်နယ်၊ ကျနော်တို့ ရွာ၊ ကျနော်တို့အိမ်ကို ကျနော်တို့ ကာကွယ်တာပါ။ ရတဲ့နည်းနဲ့ ကာကွယ်မှာပဲ” ဟု ပြောသည်။
ဒီးမော့ဆိုမြို့အတွင်း လက်ရှိတွင် စစ်ကောင်စီဘက်က မြောင်းအောက်ရပ်ကွက်၊ ငွေတောင်ဆည်နှင့် ဒေါ့ငံခါး ဘုရားကျောင်း အနီးတဝိုက်တွင် တပ်ထိုင်ထားပြီး KNDF နှင့် PDF တပ်ဖွဲ့များက ဒေ့ါငံခါးရပ်ကွက် အပါအဝင် ဒီးမော့ဆိုမြို့၏ အနောက်ဘက် ခြမ်းတွင် လှုပ်ရှားလျက် ရှိသည်။
ဒီးမော့ဆိုမြို့သည် ပြည်ထောင်စုလမ်းမကြီးက မြို့အလယ်တည့်တည့်မှ ပိုင်းဖြတ်ကာ တည်ရှိနေပြီး ခြေလျင်တပ်ရင်း ခလရ ၁၀၂ တပ်ဝင်း တည်ရှိသည့် လမ်းမကြီး၏တဖက်ကို မြို့အရှေ့ဘက်ခြမ်းဟု ခေါ်ဆိုကာ ခလရ ၁၀၂ နှင့် ဆန့်ကျင်ဘက် အခြမ်း ကို မြို့အနောက်ဘက်ခြမ်းဟု ခေါ်ဆိုသည်။
ဒီးမော့ဆိုမြို့၏ အနောက်ဘက်ခြမ်းတွင် KNDF နှင့် PDF တပ်ဖွဲ့များ လှုပ်ရှားနေသဖြင့် စစ်ကောင်စီဘက်က မြို့အနောက် ခြမ်း၊ တခြမ်းလုံးကို မီးဖြတ်ထားသည်မှာ ၄ ရက် ရှိပြီဖြစ်သည်။
မြို့အနောက်ဘက်ခြမ်းတွင်လည်း ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထားသည်။
ဒီးမော့ဆိုမြို့တွင် နေထိုင်သည့် ဒေသခံတဦးက “အခု နှစ်ဖက် တိုက်နေတယ်ဆိုတာထက် ပြည်သူ့တပ်တွေ ရှိတယ်လို့ ထင် တဲ့နေရာတွေ ဒေသခံတွေ ပြေးလို့ ကျန်တဲ့အိမ်တွေကို ပြည်သူ့တပ်တွေ ခိုအောင်း မရအောင်ဆိုပြီး အကုန်ဖြိုချနေတဲ့ သဘော ဖြစ်နေတယ်။ ဒေါငံခါးဘက်မှာ လမ်းမတန်း အိမ်တွေ မီးရှို့ခံရတာ ပစ်ခံရတာ အိမ်တိုင်တောင် မကျန်အောင် အုတ်ပုံပဲ ကျန်တယ်။ သူတို့မှာ ဘာကျင့်ဝတ်သိက္ခာမှ မရှိဘူး။ သူတို့ ပစ္စည်းမဟုတ်တော့ အကုန်ကို ဖျက်ဆီးနေတာ”ဟု ပြောသည်။
ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်များသည် အရပ်သားများ၏ အိမ်များကို ဖျက်ဆီးသည့် အပြင် တိုက်ပွဲတွင်း သေဆုံးသွားသည့် စစ်သားအလောင်းအချို့ကိုလည်း ဒေသခံများ၏ ပြောင်းဖူးခင်းများအတွင်း မြှုပ်နှံသွားကြောင်း သိရ သည်။
ဒေါ့ငံခါး ရပ်ကွက်အတွင်းသို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ခရစ်ယာန် ဘုရားကျောင်း အဆောက်အဦး အပါအဝင် အရပ်သားများ၏ အိမ်ခြေအလုံး ၂၀ ထက်မနည်း ပျက်စီးခြင်း၊ ပြိုကျသွားခြင်းများ ရှိနေသည်။
အဆိုပါ အဆောက်အဦး၂၀ ထက်မနည်း ပျက်စီးမှုသည် ဧရာဝတီက လက်လှမ်းမီသလောက် စုဆောင်းထားသည့် စာရင်း ဖြစ်ပြီး မြေပြင်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံများက အပျက်အစီး စာရင်းများကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးပါ။
ကယားပြည်နယ်တွင်း အခြေစိုက် လှုပ်ရှားသည့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး (၁) ၊ ခူးဒယ်နီရယ်ကလည်း တိုက်ပွဲတွင်း စစ်ကောင်စီဘက်က စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ ကိ လိုက်နာရန် လိုအပ်ပြီး စစ်တပ်၏ အရပ်သားများ၏ အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက် နေသည့် လုပ်ရပ်ကို လက်မခံနိုင်ကြောင်း ပြောဆိုထားသည်။
စစ်ကောင်စီဘက်မှ PDF တပ်ဖွဲ့များကို ချေမှုန်းရန် အလွန်အကျွံ စစ်အင်အားသုံးပြီး တိုက်ခိုက်လာပါက လူထုဘက်က စိတ် ဓာတ် ပိုပြင်းထန်လာပြီး ပိုမိုတင်းမာသည့် အခြေအနေများသာ ဖြစ်နိုင်ပါသည်ဟု ခူးဒယ်နီရယ်က သုံးသပ်သည့်အပြင် KNPP ကလည်း လူထုနှင့်အတူ ရပ်တည်နေမည်ဟု ပြောဆိုထားသည်။
စစ်ကောင်စီတပ်များသည် မြို့တွင်း တိုက်ခိုက်မှုများ အပြင် စစ်ဘေးရှောင်ဒုက္ခသည်များ စုစည်းကာ ခိုလှုံနေသည့် အလံဖြူ ထောင်ထားသည့် ကျေးရွာအချို့ကိုလည်း လွိုင်ကော်မြို့နှင့် ဖယ်ခုံမြို့ဘက်တွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
မေ ၂၄ ကလည်း မနက် ၁ နာရီဝန်းကျင်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လွိုင်ကော်မြို့၊ ကယန်းသာယာ (တောင်) ကျေးရွာအတွင်းရှိ ဘုရားကျောင်းဝန်းအတွင်းသို့ကျည်များ ကျရောက်ပေါက်ကွဲပြီး စစ်ဘေးရှောင်နေသည့် အရပ် သား ၄ ဦး သေဆုံးခဲ့သည်။
ကယန်းသာယာ (တောင်)ကျေးရွာမှ ဒေသခံများသည် ဘုရားကျောင်းဝင်းသို့ လာရောက် စုဝေးကာ စစ်ဘေးရှောင် နေစဉ် တွင် ထိုသို့ ပစ်ခတ်ခံရခြင်းကြောင့် ယခုအခါ တောတောင်များအတွင်း ဝင်ရောက်ပုန်းအောင်း နေကြရသည်။
စစ်ကောင်စီနှင့် PDF တပ်များကြား ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုတို့တွင် တိုက်ခိုက်နေခြင်းများကြောင့် ကျေးရွာပေါင်း ၁၅၀ ကျော်မှ အရပ်သား တသိန်းကျော်သည် မေ ၂၃ ရက်မှစ၍ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသည်။
အရပ်သားများသည် စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် ထွက်ပြေးနေရသော်လည်း ၎င်းတို့ ခိုလှုံသည့် နေရာများ ထပ်မံ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ယနေ့ထိ ၎င်းတို့ တိမ်းရှောင်နေသည့် နေရာများကို ထုတ်ဖော်ပြောဆိုခြင်း၊ စစ်ဘေးရှောင် စခန်း များ အတည်တကျ ဆောက်လုပ်နေထိုင်ခြင်းများ လုပ်ဆောင်နိုင်ခြင်း မရှိသေးပါ။
You may also like these stories:
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်
အာဏာပြန်မလွှဲသရွေ့ တိုက်ပွဲဆက်ဖြစ်လိမ့်မယ်ဆိုတဲ့ ဗိုလ်မှူးချုပ် စောကျော်သက်နဲ့ မေးမြန်းခြင်း
လူထုကို ထိတာ ကျနော်တို့ကို ထိတာနဲ့ အတူတူပါပဲ