နေအိမ် အကျယ်ချုပ်နေရစဉ် လက်ကျန်ငွေ နည်းလာသဖြင့် ရှေ့နေထံ အကူအညီတောင်းခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီက အဂတိမှုဖြင့် ယမန်နေ့က အမှု ဖွင့်လိုက် ကြောင်း နိုင်ငံ ပိုင်သတင်းစာက တဆင့် ကြေညာလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် ရွှေ ၇ ပိဿာရယူခဲ့ကြောင်း၊ ရန် ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရုံးချုပ် ဖွင့်လှစ်ခြင်းနှင့် နေပြည်တော်ရှိ လရောင်တော စီမံကိန်းတို့ အတွက် ထိုက်သင့်သည် တန်ဖိုး မပေးခဲ့သည့်အတွက် နိုင်ငံတော်ကျပ်၂၄ ဘီလီယံကျော် နစ်နာခဲ့ကြောင်းနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ အလှူငွေ ကျပ် ၁. ၆ ဘီလီယံအား သုံးစွဲကာ ၎င်းနေထိုင်ရန် နေအိမ်တလုံး ဆောက်လုပ်ခဲ့ ကြောင်း အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ အမှုဖွင့်ရာတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒုမြို့ တော်ဝန်ဟောင်း ဦးရဲမင်းဦးနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူ တို့ကိုလည်း လရောင်တော စီမံကိန်းမြေနေရာ ချထားပေးမှုတွင် လုပ်ထုံးလုပ်နည်းစည်းကမ်းများ ဖောက်ဖျက်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၅၅/၆၃ ဖြင့် အမှုဖွင့်ထားကြောင်း အာဏာသိမ်း စစ်ကောင်စီက ကြေညာခဲ့သည်။
လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော်တွင် ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ၊ သဘာဝ ဘေးအန္တရာယ် ဆိုင် ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ ရာဇသတ်ကြီး ဥပဒေပဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲ ခံထားရ သည့်အပြင် ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင်လည်း နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ဖြင့် လည်း တရားစွဲခံထားရသည်။
နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နှင့် အတူ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့်လည်း တရားစွဲခံထားရပြီး အမှုရင်ဆိုင်ရလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ်မှ အနိုင်ရခဲ့သည့် နေပြည်တော် ဒုမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးမှာလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ ဖြင့် ဒဂုံမြို့နယ်တရားရုံးတွင် တရားစွဲခံထားရပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံ ထားရသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉ သည် “ ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စားလှယ်က ဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု” ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တသက် တကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ထိုသို့ စစ်ကောင်စီက အဂတိအမှုဖြင့် တရားစွဲခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၇ ရက်က ရုံးထုတ်ရာတွင် ၎င်းနှင့် အတူနေ ၈ ဦးအတွက် ရိက္ခာနှင့် လိုအပ်သည့် ဆေးဝါးများ ကူညီပေးရန် ရှေ့နေများထံ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ကနဦးအနေဖြင့် ဆန်နှင့်ဆီ စသည့် အစားအသောက် ပစ္စည်း ၄ သိန်းဖိုးအား ရဲတပ်ဖွဲ့မှတဆင့် ဝယ်ပို့ပေးခဲ့ကြောင်း ၎င်း၏ ရှေ့နေတဦးက ပြောသည်။
နေအိမ် အကျယ်ချုပ် ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ ထောက်ပံ့မှုအား လက်မခံကြောင်း ငြင်းဆိုကာ ကိုယ်ပိုင် ငွေကြေးဖြင့်သာ ရပ်တည်သည့်အတွက် အခက်အခဲကြုံ တွေ့လာရမှုအား အကူအညီ တောင်းခံခြင်းသည် အာဏာသိမ်း စစ် ကောင်စီက စွပ်စွဲမှုများအပေါ် ချေပခဲ့ခြင်း သဘောသက်ရောက်ကြောင်းလည်း ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက မှတ်ချက်ပြုသည်။
You may also like these stories:
နိုင်ငံတော်သြဝါဒ စရိယ ဈေးကုန်းဆရာတော် လေယာဉ်ပျက်ကျမှုကြောင့် ပျံလွန်တော်မူ
ဒေါ်အောင်ဆန်းစုကြည်ထံ ရိက္ခာလေးသိန်းဖိုး ကနဦးပို့ပေး