စစ်တပ်က နိုင်ငံတော် အာဏာကို ရယူပြီးနောက်ပိုင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပါတီဝင် ၇၀ ခန့် သည် စစ်တပ်ကို သတင်းပေးသည်ဟု ဆိုသော စွပ်စွဲချက်များဖြင့် အသတ်ခံခဲ့ရကြောင်း သိရသည်။
ကြံ့ခိုင်ရေး ပါတီဝင်များက စစ်တပ်ကို သတင်းပေးသဖြင့် လက်နက်များ ဖမ်းမိခြင်း၊ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ လူငယ်များ အဖမ်းခံရခြင်းတို့ ဖြစ်ရသည်ဆိုသော စွပ်စွဲချက်များဖြင့် ယခုလို သတ်ခံနေရခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
“တပ်မတော်က အာဏာထိန်းပြီး နောက်ပိုင်း အခုကာလမှာ ကျနော်တို့ ပါတီဝင်တွေ အသတ်ခံရတာ တော်တော်များနေပြီ။ အခုဆိုရင် လူဦးရေ မနည်းတော့ဘူး။ ၆၀၊ ၇၀ လောက်အထိ ဖြစ်လာပြီ။ ဒီဖြစ်စဉ်တွေကို အခြေခံ ကြည့်လိုက်ရင် အမုန်း တရားပေါ်မှာ အခြေခံပြီးတော့ ဖြစ်ရတာ”ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ပြည်သူလူထုအနေဖြင့် စစ်တပ် အင်စတီကျူးရှင်းနှင့် နိုင်ငံရေးပါတီတရပ်ကြား ကွဲကွဲပြားပြား နားလည်စေလိုကြောင်း၊ နိုင် ငံရေးပါတီတရပ်အနေဖြင့် တချိန်တွင် ပြည်သူလူထုက တာဝန်ပေးလာပါက အလုပ်လုပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ သာ ဆောင်ရွက်လျက်ရှိပြီး အခြား မည်သည့် ကိစ္စတွင်မှ ပါဝင်ခြင်းမျိုး မရှိကြောင်း ကြံ့ခိုင်ရေးပါတီက ပြောသည်။
ဒေါက်တာ နန္ဒာလှမြင့်က“ကျနော်တို့ ပြည်ခိုင်ဖြိုးအနေနဲ့ တပ်မတော် အာဏာထိန်းပြီးနောက်ပိုင်းမှာ ဒလန်လုပ်စရာ အ ကြောင်းလည်း မရှိဘူး။ မူဝါဒလည်း မရှိဘူး။ လုပ်လည်း မလုပ်ဘူး။ လုပ်ဖို့ လမ်းညွှန်ချက်လည်း ပေးမထားဘူး”ဟု ပြော သည်။
ဧရာဝတီတိုင်းမှ ကြံ့ခိုင်ရေး ပါတီဝင် လူငယ်တဦးက စစ်တပ်က အာဏာသိမ်းသော်လည်း တိုက်ခိုက်ခံနေရသည်မှာ ၎င်းတို့ ဖြစ်ပြီး နိုင်ငံရေး အစွန်းရောက်သူများ၏ တိုက်ခိုက်ခြင်းကို ခံနေရကြောင်း၊ ငါနှင့်မတူ ငါ့ရန်သူဆိုသည့် သဘောထားမျိုးဖြင့် တိုက်ခိုက်လာခြင်း ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ရုံနဲ့ မလုံခြုံတော့ကြောင်း ပြောသည်။
၎င်းက“အခုကတော့ ကြည့်နေ၊ ကြည့်စား၊ ကြည့်သွားပေါ့။ အချင်းချင်း ပြောနေရတာက ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ကြ ပါ။ ကိုယ့်ပါတီဝင် အချင်းချင်း ဖေးမကြပါ။ ကိုယ်ကိုယ်တိုင်လည်း သွားပြီး မကူနိုင်ဘူး။ သူများကိုလည်း စိုးရိမ်ရတယ်။ ကိုယ့်ကိုကိုယ်လည်း စိုးရိမ်ရတယ်”ဟု ပြောသည်။
ပဲခူတိုင်းမှ ကြံ့ခိုင်ရေးပါတီဝင်တဦးက“ဒီကောင်ကို ကြည့်မရတော့ဘူးဆိုရင် ဒလန်ဆိုပြီး လုပ်တယ်။ အဲဒီမှာ ကြံ့ခိုင်ရေး ပါ တီဝင်ထားလို့ကတော့ သေဖို့သာ ပြင်ပေတော့။ မိသားစုဝင်တွေကိုလည်း ရန်ရှာလာတယ်။ နောက်ဆုံး အသက်ပါ ရန်ရှာ တဲ့ အခြေအနေအထိ ကြုံရတယ်။ လုပ်တာက တပ်က လုပ်တယ်။ ထိတာက ကျနော်တို့မှာ လာထိနေတယ်”ဟု ပြော သည်။

ကြံ့ခိုင်ရေးပါတီ ရုံးချုပ်က တိုက်ခိုက်ခံရသဖြင့် ပါတီဝင်တဦး သေဆုံးပါက ကူငွေ ၅ သိန်း၊ ဒဏ်ရာ ရရှိပါက ကူငွေ ၃ သိန်း ပံ့ပိုးပေးလျက်ရှိပြီး လုံခြုံရေး အခြေအနေ စိုးရိမ်ရကြောင်း တင်ပြလာသည့် ပါတီဝင်များကိုလည်း လုံခြုံစိတ်ချမှု ရှိနိုင်သည့် နေရာများသို့ ပို့ဆောင်ပေးလျက်ရှိကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
တနိုင်ငံလုံးတွင် သေချာ စေ့စေ့စပ်စပ် စာရင်းကောက်မည် ဆိုပါက ရန်ပြုတိုက်ခိုက်ခံရသဖြင့် သေဆုံးသူ ကြံ့ခိုင်ရေး ပါတီ ဝင်နှင့် ပါတီထောက်ခံသူများ သေဆုံးသည့် အရည်အတွက်မှာ ၁၀၀ နီးပါးအထိ ရှိနိုင်ကြောင်း ပါတီတွင်း သတင်း ရင်းမြစ် များက ပြောသည်။
ကြံ့ခိုင်ရေး ပါတီသည် တပ်မတော်မှ ထူထောင်ခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းမှ ပေါက်ဖွား လာ သော နိုင်ငံရေး ပါတီတခု ဖြစ်၍ ပါတီခေါင်းဆောင် အများစုမှာလည်း စစ်တပ်မှ ဗိုလ်ချုပ်များ ဖြစ်သဖြင့် ပြည်သူလူထုက ၎င်းတို့ကို အတူတူပင် ဖြစ်ကြောင်း ထင်မြင်ကြသည်။
ထို့ပြင် ၎င်းတို့သည် လွှတ်တော်တွင်း လွှတ်တော်ပြင်ပတို့တွင်ပါ နီးကပ်သည့် ဆက်ဆံရေးများ ထူထောင်ထားကြပြီး နိုင်ငံရေးအရ မဟာမိတ်များပါ ပြုလုပ်ထားကြသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ ထပ်မံ အနိုင်ရသည့်အခါ ကြံ့ခိုင်ရေးပါတီက မဲမသမာမှုများ ရှိသည့်အတွက် အနိုင်ရရှိ ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး စစ်တပ်က ယင်းအကြောင်းပြချက်ဖြင့် အာဏာသိမ်းသည့် အခါတွင်လည်း ကြံ့ခိုင်ရေးပါတီက ပေါ်ပေါ်တင်တင် ထောက်ခံအားပေးခဲ့သည်။
ကြံ့ခိုင်ရေးပါတီဝင်တိုင်းသည် ဒလန်မဟုတ်သော်လည်း ဒလန်ဟု နာမည်ထွက်နေသူများသည် ကြံ့ခိုင်ရေးပါတီဝင်များနှင့် တပ်မတော် ထောက်ခံသူများသာ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ကြံ့ခိုင်ရေးပါတီကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ စစ်တပ် သ တင်းပေး ဒလန်လုပ်သူများကိုသာ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ မှ Generation Z လူငယ်တဦးက ပြောသည်။
“သူတို့က ဒလန်မဟုတ်ဘူးလို့ ငြင်းပေမယ့်လည်း ဖြစ်စဉ်ဖြစ်ရပ်တွေမှာ ပြန်ကြည့်လိုက်ရင် ဒလန်တွေဟာ ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေ၊ ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စစ်တပ်ထောက်ခံသူတွေပဲ ဖြစ်နေတယ်။ တော်လှန်ရေးသမားတွေကလည်း ဒလန်သတင်းရပြီဆိုရင် သေချာသတင်းတွေကို စိစစ်ပြီးမှ လုပ်ကြတာ။ လူမှားသွားမှာ စိုးလို့”ဟု ၎င်းက ပြောသည်။
တချို့ ဒလန်များသည် စစ်တပ်ကို သတင်းပေးပြီးနောက် ၎င်းတို့ဘာသာ လိပ်ပြာမလုံသဖြင့် ရပ်ကွက်ထဲတွင် မနေရဲတော့ ဘဲ နေပြည်တော်နှင့် စစ်တပ်အဝန်းအဝိုင်းများသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု ဆိုကြသည်။
မုံရွာမြို့ ခံတဦး ဖြစ်သူ ကိုမောင်မောင်က“ဒလန်တွေက သူတို့ဘာသူတို့ လိပ်ပြာမလုံကြဘူး။ စစ်တပ်ကို သတင်းပေးထား တယ်။ အဲဒီစိတ်နဲ့ လိပ်ပြာမလုံကြဘူး။ ပြည်သူဘက်ကို ရပ်တည်နေတဲ့သူတွေ ဘာလုပ်တယ်၊ ညာလုပ်တယ် အကုန်ပြော ပြီးတော့ နောက်ပိုင်း သူတို့ဟာသူတို့ မနေရဲကြတာ။ နောက်ကျ ပြောင်းပြေးကြတာပဲ”ဟု ပြောသည်။
ကြံ့ခိုင်ရေးနှင့် စစ်တပ်ဆိုသည်မှာ နှစ်ကိုယ့်တစိတ် ဖြစ်ပြီး တိုင်းပြည်တွင် စစ်တပ် ကြီးစိုးရေးဝါဒဘက်သို့ ပံ့ပိုး ကူညီသူများ သာ ဖြစ်ကြောင်း၊ ပါတီထိပ်ပိုင်း ခေါင်းဆောင်များသည် လက်ရှိ စစ်အာဏာသိမ်း ခေါင်းဆောင်နှင့် အဆက်အစပ်ရှိသူများ ဖြစ်၍ ပြည်သူလူထုက မယုံကြည်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ မှ ဦးထွန်းကြည်က ပြောသည်။
“တရားကို စောင့်ရှောက်တဲ့ သူကို တရားက ပြန်စောင့်ရှောက်တယ်။ အခု သူတို့ကတော့ မဟုတ်တာ လုပ်ထားတဲ့သူတွေ ဆိုတော့ ငါတို့ကို ဘယ်သူတွေက လုပ်လိုက်မလဲဆိုပြီး ကြောက်လန့်နေတာ၊ ဒါကတော့ ရှင်းရှင်းပြောရင် သူ့အကုသိုလ်နဲ့ သူပဲ”ဟု ဦးထွန်းကြည်က ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးရှိ ကြံ့ခိုင်ရေး ပါတီဝင်များသာမက ၎င်းတို့၏ ပါတီ အဆောက်အဦများ၊ ပါတီဝင်များ၏ နေအိမ်များပါ တိုက်ခိုက်ခံနေရသည့် အခြေအနေမျိုး ဖြစ်ပေါ်လျက်ရှိသည်။
ယင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က“တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ ဝိုင်းကူတာက လွဲရင် သတင်း ပေးတာတွေ ဒလန်လုပ်တာတွေ တိုင်းသူပြည်သား အချင်းချင်း သတ်ဖြတ်မယ့် အလုပ်တွေကို လုံးဝအားမပေးဘူး။ ဒီအ လုပ်တွေကို ကျနော်တို့ ပြည်ခိုင်ဖြိုးက လုပ်တာလည်း မရှိဘူး။ အခုလို နားလည်မှုလွဲပြီး အလုပ်ခံနေရတာကိုလည်း စိတ်မ ကောင်းဘူး”ဟု ပြောသည်။
ပြီးခဲ့သည် မေလ ၂၇ ရက်နေ့က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးမြင့်ဆွေသည် ၎င်းပိုင်ဆိုင်သည့် ကြက်မောင်ခြံသို့ သွားရာလမ်းတွင် အမည်မသိလူ ၂ ဦး၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံး သွားခဲ့သည်။
မေလ ၁၁ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကံကော်ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အဆောက်အဦအား ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရသည်။
မေလ ၁၂ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီယာလွန် ကျေးရွာရှိ ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်သူ U Phir Maung ၏ နေအိမ်ကို သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီးနောက် ဗုံးဖြင့် တိုက်ခိုက်ရာ ၎င်းမှာ အပြေးမြန်သဖြင့် လွတ် သွားသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။
ဧပြီလအတွင်းက ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့တခုက ကြံ့ခိုင်ရေးပါတီရုံးနှင့် အမှတ် ၃ ရက်ကွက်ရှိ ကြံ့ခိုင်ရေး ပါတီဝင်နေအိမ် တလုံးတွင် လက်လုပ်ဗုံးပေါက်ကွဲခဲ့သည်။
ဧပြီလ ၂၈ နှင့် ၂၉ ရက်များက မန္တလေးမြို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ရာ မန္တလေးမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး (တိုင်းရုံး)နှင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားရှိ မန္တလေးတိုင်း၊ ကြံ့ ခိုင်ရေးပါတီ ရုံးဝန်းအတွင်း လက်လုပ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။
အမည်မဖော်လိုသော ကြံ့ခိုင်ရေးပါတီဝင်တဦးက“အဓိကကတော့ နီမှ စိမ်းမှတော့ မဟုတ်ဘူး။ တချို့က အစွန်းရောက်နေ တာလည်း ပါတယ်။ ကိုယ့်ရဲ့ အပေါင်းအသင်းထဲမှာ အနီတွေလည်း ရှိတယ်။ သူတို့ကျတော့လည်း ဒီလိုမျိုး အစွန်းမရောက် ဘူး။ အဲဒါကြောင့် ဒီလိုမျိုး သတ်ဖြတ် ရန်ရှာတာတွေက ဘယ်သူတွေလည်းလို့တောင် သံသယ ဖြစ်မိတယ်”ဟု ပြောသည်။
ကြံ့ခိုင်ရေးပါတီဝင်များ တိုက်ခိုက်ခံရပြီး သေဆုံးသည့်နည်းတူ အာဏာသိမ်း စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်ခြင်း၊ စစ် ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးသွားသူ စုစုပေါင်း ၈၅၈ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူ ညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
You may also like these stories:
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို