ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့တွင်း ပစ်ခတ်မှုမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ရွှေကူပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (SPDF) ၏ လက်ချက် မဟုတ်ကြောင်း SPDF က ကြေညာချက်တစောင် ထုတ်ကာ ငြင်းဆိုလိုက်သည်။
ဇွန် ၉ ရက် ညပိုင်းက ရွှေကူမြို့အမှတ် ၃ ရပ်ကွက် အတွင်းရှိ မြို့မ ရဲစခန်းနှင့် ဧရာဝတီမြစ်ကမ်း သင်္ဘောဆိပ်အနီး တဝိုက် တွင် ည ၉ နာရီ မိနစ် ၄၀ ခန့်မှ စတင်၍ ပစ်ခတ်မှု ဖြစ်ခဲ့ရာ ၁၀ နာရီ ၄၀မိနစ် ဝန်းကျင်တွင် ရပ်တန့်သွားခဲ့ပြီး၊ တနာရီကြာ ပစ်ခတ်အတွင်း အရပ်သား နေအိမ်များအတွင်း ကျည်များ ဖောက်ဝင်ခြင်း၊ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခံရခြင်းများ ဖြစ်ပွားခဲ့သည်။
SPDF ၏ ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့အနေနဲ့ ပြည်သူလူထုကို ကြားခံပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဖို့ အစီအစဉ် မရှိပါဘူး။ ဒါက SPDF နဲ့ KIA ကို သက်သက်မဲ့ သိက္ခာချတဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်။ အကယ်၍ မြို့ကို တိုက်တော့မယ်ဆိုရင်လည်း မဟာဗျူဟာကျကျ Plan တွေ ချပြီးမှသာ ပြည်သူ့ လုံခြုံရေး ဘေးကင်းရေးကို ဦးစား ပေးပြီး တိုက်ခိုက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
SPDF ၏ ထုတ်ပြန်ချက်တွင်လည်း KIA နှင့် SPDF တို့၏ တိုက်ခိုက်ခြင်း လုံးဝ (လုံးဝ) မဟုတ်ပါကြောင်း ပြည်သူလူထုနှင့် သတင်းမီဒီယာများ သိစေရန် ထုတ်ပြန် ကြေညာအပ်ပါသည်ဟူ၍ ရေးသားထားသည်။
ဧရာဝတီက KIA ၏ သတင်းနှင့် ပြန်ကြားရေးဌာနသို့ မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်မရပါ။
ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခံရသည့် အနီးတဝိုက်ရှိ အိမ် ၅ အိမ်ထက်မနည်း ကျည်ဆန်များ ဖောက်ဝင်ခြင်းများ ရှိခဲ့ပြီး အိမ်တအိမ်သည်လည်း အီနာဂါ ဗုံးသီးဖြင့် ပစ်ခတ်ခံခဲ့ရသည်။
ရွှေကူမြို့ ရဲစခန်းအနီးတွင် နေထိုင်သည့် ဒေသခံတဦးက “ပစ်သံက တဖြည်းဖြည်း အဝေးကနေ နီးလာပြီး ပစ်ကြတာ ဆို တာ မြေကြီးပါ သိမ့်ခနဲ တုန်တယ်။ ကျမတို့ ထင်တာက KIA နဲ့ PDFတွေ ရဲစခန်းကို နောက်တခါ လာစီးပြီးလို့ပဲထင်လို့ အကုန်အိမ်မှာ ဝပ်နေကြတာ။ အခု သူတို့မဟုတ်ဘူး ကြေညာချက်ထုတ်တော့ ဘယ်လိုလဲတောင် မသိတော့ဘူး။ ပစ်တာ တော့ တကယ် ပစ်ခတ်သွားတာ ကျည်ရာတွေက သက်သေပဲ” ဟု ပြောသည်။
အမှတ် (၃) ရပ်ကွက်တွင်း နေထိုင်သည့် ဒေသခံအချို့ကလည်း ပစ်ခတ်မှု စဖြစ်သည်မှာ ဧရာဝတီမြစ်ကမ်းဘေး သင်္ဘော ဆိပ် အနီးတွင် ဖြစ်ပြီး သင်္ဘောဆိပ်မှတဆင့် မြို့ထဲသို့ ဝင်လာကာ ရဲစခန်းအနီးတွင် ပစ်ခတ်မှုများ ဖြစ်သွားခြင်း ဖြစ်သည် ဟု ပြော ဆိုကြသည်။
ဒေသခံများ အနေဖြင့် ပစ်ခတ်သံများကြားနေရချိန်တွင် နေအိမ်အတွင်း ပုန်းအောင်းနေကြသဖြင့် မည်သည့်အဖွဲ့က လာ ပစ်ခတ် သွားသည်ကိုလည်း မမြင်လိုက်ကြောင်း ပြောဆိုကြသည်။
ဧရာဝတီက ရွှေကူမြို့မ ရဲစခန်းသို့ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ မေးမြန်းရန် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
စစ်ကောင်စီဘက်ကလည်း ရွှေကူမြို့တွင်း ပစ်ခတ်မှုနှင့် ပတ်သက်၍ သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။
ဧရာဝတီက လက်လှမ်းမီသလောက် ဒေသခံများထံမှ မေးမြန်းထားချက်အရ ယမန်နေ့ညက ပစ်ခတ်မှုသည် တနာရီခန့် ကြာမြင့်သော်လည်း လူနေအိမ်များ ကျည်ထိသည်မှအပ ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရသူများ မရှိကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြသည့်ထဲတွင် ရွှေကူမြို့ခံများသည်လည်း ပါဝင် ဆန္ဒပြခဲ့ကာ ယနေ့ထိလည်း စစ်တပ်၏ အုပ်ချုပ်မှုကို ဒေသခံများက ဆန့်ကျင်နေကြဆဲ ဖြစ်သည်။
ကချင်ပြည်နယ်တွင်း စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြသည့် ဆန္ဒပြလူထုကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာ လူသေဆုံးမှု ရှိလာသည့် နောက်တွင် KIA က စစ်တပ်ကို စစ်မျက်နှာ စဖွင့်ပြီး တိုက်ခိုက်ရာ ရွှေကူမြို့နယ်သည်လည်း ပဋိပက္ခများ ဖြစ် လာသည့် မြို့နယ်တခု ဖြစ်သည်။
မတ် ၃၁ ရက် မနက် ၃နာရီဝန်းကျင်တွင် ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စုရှိ ရဲကင်းစခန်းကို KIA က ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲများသည်လည်း ဆန္ဒပြလူထုကို သတ်ဖြတ်ရာတွင် ပါင်နေခြင်းကြောင့် တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု KIA က ပြောဆိုခဲ့သည်။
မေ ၈ ရက်တွင် ရွှေကူမြို့ရှိ ရွှေကူ သင်္ဘောဆိပ်တံတားနှင့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး၏ အုတ်ခြံစည်းရိုး မိုင်းခွဲခံရသည်။
ထို့နောက် ရွှေကူမြို့ခံ လူငယ်များဖြင့် စုဖွဲ့ထားသည့် SPDF သည် KIA နှင့် ပူးပေါင်းကာ ဇွန် ၄ ရက်၊ ည ၈ နာရီဝန်းကျင် တွင် ရွှေကူမြို့တွင်း ဝင်လာကာ မြို့မ ရဲစခန်းကို တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်တလုံး ကျပေါက်ကွဲခြင်းကြောင့် အရပ်သားအိမ် တအိမ် ပျက်စီးခဲ့ သည်။
ရွှေကူမြို့သည် စစ်ကောင်စီ၏ စစ်ဗျူဟာကွပ်ကဲရေးဌာနချုုပ်၊ စကခ (၂၁) လက်အောက်ခံ တပ်ရင်းများ အခြေစိုက်သည့် မြို့ ဖြစ်သည်။
ရွှေကူမြို့အဝင်တွင် ခြေမြန်တပ်ရင်း ခမရ (၆၀၂) နှင့် ခြေလျင်တပ်ရင်း ခလရ (၅၆) တို့၏ ဌာနချုပ်စခန်းများ တည်ရှိသည်။
ရွှေကူမြို့အတွင်း စစ်ကောင်စီတပ်များ အခြေစိုက်ကာ ဖြန့်ကျက် လှုပ်ရှားသော်လည်း မြို့၏ နောက်ကျောဘက် ဧရာဝတီ မြစ် အနောက်ခြမ်းတွင် KIA တပ်မဟာ (၈) လက်အောက်ခံ တပ်ရင်းများ လှုပ်ရှားသည်။
You may also like these stories:
ဒီးမော့ဆိုမြို့ကို ထိန်းချုပ်နိုင်ရေး အာဏာသိမ်းတပ် ကြိုးပမ်း
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို