ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ – ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး ကျပ် ၁၄ ဘီလီယံကျော်ဖိုး ဖမ်းမိ ပြီး နောက်တရက်တွင် မြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့သည်။
ကျပ် ၁၄.၃၆၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများအား ဇွန်လ ၈ ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့၊ ပါဆတ် ရပ် ကွက်ရှိ စိုင်းလျှံဆိုသူ၏ ရာဘာခြံအတွင်း ဂိုထောင်မှ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး စိုင်းလျှံနှင့် စိုင်းဟောင်ခမ်းတို့ ၂ ဦးကိုလည်း ဖမ်း မိခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
အဆိုပါ ဖမ်းဆီးမှုအတွင်း ထိုင်းဘတ်ငွေ ၁ သန်းခွဲ၊ ပစ္စတိုသေနတ် ၁ လက်နှင့် ကျည် ၈ တောင့်၊ မော်တော်ယာဉ်မျိုးစုံ ၁၀ စီးတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိခဲ့သည့် စိုင်းလျှံဆိုသူသည် ခွန်ဆာအဖွဲ့မှ ဟိုမိန်းဒေသတွင် အလင်းဝင်ထားသူ ဖြစ် ကြောင်း တာချီလိတ်သတင်းအေဂျင်စီက ဖော်ပြထားပြီး တာချီလိတ်မြို့ ရဲတပ်ဖွဲ့ကမူ စစ်ဆေးနေဆဲသာ ဖြစ်သည့် အတွက် အတိအကျ မပြောနိုင်သေးဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ဖမ်းမိထားသူ ၂ ဦးအား ဇွန်လ ၉ ရက်နေ့တွင် ချုပ်ရမန်ရယူပြီးနောက် ယင်းနေ့ ည ၇ နာရီခွဲခန့် အချိန်၌ပင် တာချီ လိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးကို လက်နက်ကိုင်တချို့က လာရောက်ပစ်ခတ် တိုက်ခိုက်သွားခဲ့သည်။
ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ပေါက်ကွဲမှုနှင့်အတူ သေနတ်ဖြင့် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ရာ ရဲတပ်ကြပ်ကြီး ၁ ဦး ကျည်ထိမှန် ကာ သေဆုံသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရမှု အခြေအနေ အသေးစိတ် အချက်အလက်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်း မရှိသေး ဘဲ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည်ဟုသာ ယနေ့ (ဇွန် ၁၀ ရက်) ထုတ် စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် ဖော်ပြထားသည်။
တာချီလိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ကမူ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ရုံးအား သေနတ်ပစ်ခတ်မှု ဖြစ်စဉ် နှင့်ပတ်သက်ပြီး ၎င်းတို့နှင့် လုံးဝ သက်ဆိုင်မှု မရှိကြောင်း ဇွန် ၉ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်။
You may also like these stories:
တလအတွင်း ထိုင်းသို့ တရားမဝင်လာရောက်သူ မြန်မာ ၅၀၀ခန့် ဖမ်းမိဟုဆို
ကရင်စစ်ဘေးရှောင်များအတွက် ဆေးဝါးနှင့် အသုံးအဆောင် အကူညီများ လိုအပ်နေ
စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ