စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် အနုပညာရှင်တချို့က ခံဝန် လက်မှတ်များထိုး၍ အဖမ်းမခံရစေရန် ပြုလုပ်နေကြောင်း အနုပညာရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကောင်စီဘက်က အဆိုပါ အနုပညာရှင်များထံမှ ၎င်းတို့ မှားခဲ့ကြောင်းနှင့် သက်ညှာပေးရန် ခံဝန်ချက်ကို လိုချင်ခြင်းဖြစ် ပြီး ငွေကြေးကိုမူ ကြားထဲမှ ဆက်သွယ်ပေးသည့် လူများက တောင်းခံနေခြင်း ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောသည်။
အနုပညာရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက “CRPH တို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတို့ရဲ့ သွေးထိုးလှုံ့ဆော် မှုတွေကြောင့် လုပ်မိပါတယ်၊ မှားပါတယ်ဆိုပြီး ရေးပြီးတော့ ခံဝန်ထိုး သက်ညှာပေးပါလို့ လုပ်ခိုင်းတာ။ CRPH ကို တရား မဝင်ဖြစ်အောင်ကို လုပ်တာ။ ပိုက်ဆံကို စိတ်မဝင်စားဘူး။ ခံဝန်ကို အဓိက လိုချင်တာ” ဟု ဧရာဝတီကို ပြောသည်။
ထိုကဲ့သို့ ခံဝန်ကတိ လက်မှတ်ထိုးထားသူ အနုပညာရှင် ၁၅ ဦးခန့်ရှိပြီး နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်နေ ကြောင်း၊ အဆိုပါ ခံဝန်ထိုးသူများသည် ကြားခံဝန်ဆောင်မှုမှတဆင့် တဦးလျှင်ကျပ် သိန်း ၂၀၀ ခန့် ပေးရပြီး ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း CRPH နှင့် NUG ကို ထောက်ခံသည့် စာသားများ ရေးသားဖော်ပြခြင်း မပြုလုပ်ရန် တားမြစ်ခံထားရကြောင်း သိရသည်။
အနုပညာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်တဦးက “ခံဝန်ထိုးခိုင်းတယ်။ အလယ်က ခံဝန်ထိုးခိုင်းတဲ့လူတွေက ဒီလူတွေဟာ ကျနော် တို့ကို အကူအညီတောင်းလို့ သူတို့ မှားပါပြီဆိုတာကို သိပါပြီဆိုပြီး ပြောတယ်ဆိုတဲ့ သဘောနဲ့ ဟိုဘက် အထက်ပိုင်းက လူတွေကို သွားပြောတယ်။ ဒီဘက် ခံဝန်ထိုးတဲ့သူတွေကလည်း သူတို့ကို ကျေးဇူးတင်မယ်။ အလယ်က လုပ်ပေးတဲ့သူတွေ က ကျေးဇူးလည်း အတင်ခံရမယ်။ သူတို့ ခိုင်းချင်သလိုလည်း ခိုင်းလို့ရမယ်” ဟု ပြောသည်။
စစ်ကောင်စီဘက်က ယခုကဲ့သို့ အနုပညာရှင်များကို ခံဝန်ကတိ ထိုးခိုင်းရသည့် အဓိက အကြောင်းအရင်းသည် ဆန္ဒပြ လှုပ်ရှားမှုများ ရပ်တန့်စေရန်၊ နိုင်ငံရေးကိစ္စရပ်များနှင့် မပတ်သက်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
၎င်းက “ဟိုဘက်ကလည်း လှုပ်ရှားမှုတွေ ရပ်တန့်စေချင်လို့ ခံဝန်ထိုးခိုင်းတယ်။ ဖမ်းမှာမို့လို့ ခံဝန်ထိုးခိုင်းတာတော့ မဟုတ် ဘူး။ ဒါပေမယ့် သတင်းရရင်တော့ ဖမ်းတယ်။ အဓိကက နိုင်ငံရေးနဲ့ မပတ်သက်တော့ပါဘူး။ ဒီအဖွဲ့အစည်းတွေရဲ့ သွေးထိုး လှုံ့ဆော်မှုကြောင့် လုပ်ခဲ့တာပါ။ ခဏလေးဖြစ်သွားတဲ့ စိတ်ခံစားမှုကြောင့် လုပ်ခဲ့တာပါဆိုပြီး လုပ်ခိုင်းတာ” ဟု ပြောသည်။
စစ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြမှုများတွင် ပါဝင်လှုပ်ရှားခဲ့သော်လည်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်သည့် စာရင်းထဲတွင် မပါရှိသောသူများမှာ ငွေကြေးတစုံတရာဖြင့် ညှိနှိုင်းခဲ့ကြသူများဖြစ်သလို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီးပိုင် မီဒီယာနှင့် ရုပ်ရှင်ထုတ်လုပ်ရေးကို တာဝန်ယူ လုပ်ကိုင်ပေးလျက်ရှိသူတဦး၏ အဆက်အသွယ် နှင့်လည်း အနုပညာရှင်တချို့ကို နှုတ်ပိတ်ခြင်းမျိုး ပြုလုပ်လျက်ရှိကြောင်း သိရသည်။
သရုပ်ဆောင် ခန့်စည်သူ၏ ဆက်သွယ်ပေးမှုဖြင့်လည်း မကြာသေးမီ ရက်ပိုင်းကပဲ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် အဆိုတော်တဦး ခံဝန်ကတိ လက်မှတ်ထိုးပြီး ပြန်လွတ်လာခဲ့သည်။
ထို့ပြင် ဧပြီ ၁၅ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ဇွန်လ ၇ ရက်နေ့၌ ပြန်လွတ်လာသည့် အကယ်ဒမီဇင်ဝိုင်း အပါအဝင် အနုပညာ ရှင် ၅၅ ယောက်ကိုလည်း သက်ဆိုင်ရာ ရဲစခန်းများက အမှုရုပ်သိမ်းထားကြောင်း ရှေ့နေတဦးက ပြောသည်။
အဆိုပါ ရှေ့နေက “ခံဝန်ကတိ ထိုးခိုင်းလား၊ မထိုးခိုင်းလားတော့ မသိဘူး။ လွန်ခဲ့တဲ့ ၁ လခွဲလောက်က ဘာသိရလဲဆို ရုပ်ရှင်သရုပ်ဆောင် ဦးဇင်ဝိုင်းရယ်၊ သူ့သား မင်းမော်ကွန်း အပါအဝင် ၅၅ ယောက်ကို အမှုရုပ်သိမ်းဖို့ ညွှန်ကြားတယ်ဆို တာ သိရပါတယ်။ တချို့ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတဲ့ ဒါမှမဟုတ် ဖမ်းဝရမ်းထုတ်ထားတဲ့ လူတွေလည်း ပါတယ်။ အဲဒီ သတင်းကြားပြီးတော့ အခုရက်ပိုင်းမှာပဲ ဦးဇင်ဝိုင်းကို လွှတ်ပေးလိုက်တယ်လို့ သိရတယ်” ဟု ပြောသည်။
လူမှုကွန်ရက်စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော်အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေလိုသည့် ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန် ထမ်းများကို CDM လှုပ်ရှားမှုတွင် ပါဝင်စေရန် လှုံ့ဆော်ခြင်း၊ CRPH ကို ထောက်ခံခြင်းများကြောင့် ဟုဆိုကာ စစ်ကောင်စီ က ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် အနုပညာရှင်တချို့ကို ဖေဖော်ဝါရီလလောက်ကတည်းက ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာများမှတဆင့် ဧပြီ ၂ ရက်မှ စတင်ကာ တရက်လျှင် အယောက် ၂၀ ခန့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တချို့သော အနုပညာရှင်များနှင့် လူပုဂ္ဂိုလ်များ၏ နေအိမ်ကို လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ပြု လုပ်ခဲ့သည်။
စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် အနုပညာရှင် ၁၀၀ ကျော်ရှိပြီး တချို့မှာ အချုပ်ဖြင့် တရားရင် ဆိုင်နေကြရသလို လွတ်မြောက်နယ်မြေများသို့ ရောက်ရှိသွားသူများ၊ မိမိနေရပ်ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြ ရသူများလည်း ရှိနေသည်။
ပုဒ်မ ၅၀၅ (က) အရ မည်သူကိုမဆို နိုင်ငံသားတစုကို ဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် (သို့) ထိတ်လန့် စေရန် ကြံရွယ်လျှင်၊ မမှန်ကန်ကြောင်း ကြိုတင်သိရှိလျက် မမှန်သတင်းများ ဖြန့်ဝေမှု ပြုလုပ်လျှင် (သို့) ဖြန့်ဝေရန် ကြံရွယ် လျှင်၊ အစိုးရဝန်ထမ်း တဦးဦးကို ဖြစ်စေ၊ အစိုးရဝန်ထမ်းတဖွဲ့ကိုဖြစ်စေ၊ အစိုးရဝန်ထမ်းများကိုဖြစ်စေ ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပြုလုပ်လျှင် (သို့) ထိုသို့ ကျူးလွန်စေရန် ကြံရွယ်လျှင် (သို့) လှုံ့ဆော်လျှင် ထိုသူ ကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
You may also like these stories:
ပိုင်တံခွန်အား Facebook တွင် တင်သည့် ပို့စ်များကြောင့် တရားစွဲရခြင်းဟု တရားလိုထွက်ဆို
အလှမယ်တွေ မွေးထုတ်ရင်း တော်လှန်ရေးနယ်ထဲ ရောက်ခဲ့ရတဲ့ ဟန်ဇော်လတ် ကို မေးမြန်းခြင်း