စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ချို့ယွင်းခဲ့ရပြီး ပုဒ်မ ၅၀၅ (က)နှင့်ပါ တရားစွဲခံရသည့် ကိုလျှံဖြိုးအောင်မှာ မျက်လုံးခွဲစိတ် ကုသမှုရန် လိုအပ်နေပြီး ကုသခွင့် မရပါက အမြင်အာရုံပါ ဆုံးရှုံးသွားနိုင်သည့် အခြေအနေ ရှိကြောင်း မိသား စုများထံမှ သိရသည်။
အသက် ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင်သည် မကွေးနည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ဒုတိယ နှစ် ကျောင်းသားတဦးဖြစ်ပြီး မကွေးမြို့တွင် မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်သည်။
ကိုလျှံဖြိုးအောင်၏ အစ်ကိုဖြစ်သူက “မျက်လုံးက ပြည်တည်နေတယ်။ ခွဲစိတ်မှု အရမ်း အရေးကြီးနေပါတယ်။ စစ်ဆေးရုံမှာ မျက်စိနဲ့ ပတ်သက်တဲ့ အထူးကုတွေ မရှိတဲ့အတွက် ရန်ကုန်ဆေးရုံမှာ မျက်ကြည်လွှာ အစားထိုးကုသရမှာ” ဟု ပြောသည်။
စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် ကိုလျှံဖြိုးအောင်သည် မျက်လုံးတဖက် ဆုံးရှုံးခဲ့ရသလို ညာဘက်လက်ပြတ်၊ ဘယ်ဘက်လက်မှာလည်း ကျိုးခဲ့ရုံသာမက ခြေထောက် ၂ ဖက်ကိုလည်း ရာဘာကျည်ဖြင့် အချက်များစွာ ပစ်ခတ်ခံရမှု ကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့သည့် အခြေအနေတွင် တပ်မတော်ဆေးရုံ၌ အကျယ်ချုပ်ဖြင့် ဆေးကုသ ခဲ့ရသည်။
ထိုကဲ့သို့ ကုသနေစဉ် စစ်ကောင်စီက ကိုလျှံဖြိုးအောင်ကို ပြီးခဲ့သည့် ဧပြီလအတွင်း ပုဒ်မ ၅၀၅ (က) ဖြင့် စတင် တရား စွဲခဲ့ခြင်းဖြစ်ပြီး မျက်လုံးမှအပ တခြားဒဏ်ရာများ သက်သာပြီဟုဆိုကာ စစ်ဆေးရုံမှ ဇွန် ၇ ရက်နေ့တွင် ဆေးစာ ထွက်ရှိ လာပြီးနောက် မကွေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရခြင်း ဖြစ်သည်။
“မျက်လုံးထဲမှာရှိတဲ့ ယမ်းအဆိပ်ကို အခုချိန်အထိ မခွဲစိတ်ရသေးတဲ့အတွက်ကြောင့် ကောင်းတဲ့မျက်လုံးပါ နာကျင်နေတဲ့ အတွက် စိုးရိမ်နေရတာ။ အဲဒီ မျက်လုံးထဲမှာရှိတဲ့ ယမ်းအဆိပ်ကြောင့် ကျန်နေတဲ့တဖက်ပါ အန္တရာယ်များလာလို့ စိုးရိမ်နေ ရတာ” ဟု ကိုလျှံဖြိုးအောင်၏ အစ်ကိုက ပြောသည်။
ကိုလျှံဖြိုးအောင်၏ တခြားဒဏ်ရာများ သက်သာသော်လည်း မျက်စိနှင့် ပတ်သက်၍ တပ်မတော်ဆေးရုံတွင် မျက်စိကုသနိုင်ခြင်း မရှိသဖြင့် ရန်ကုန်မျက်စိဆေးရုံကြီး၌ ကုသရန် ဆေးစာတွင် ဖော်ပြထားသော်လည်း ဆက်လက်ကုသခွင့် မပေးဘဲ အကျဉ်းထောင် သို့ ခေါ်ဆောင်သွားခံရခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ရန်ကုန် မျက်စိအထူးကုဆေးရုံကြီးမှာ အထူးကုပါရဂူနဲ့ မျက်ကြည်လွှာ လဲခြင်းပြုခြင်းကို လုပ်လို့ရ မှာပေါ့။ စစ်ဆေးရုံရဲ့ ဆေးစာထဲမှာကို ပါပြီးသား။ အဲဒီလို ကုသရန် လိုအပ်ပါသည်ဆိုတာကိုပဲ ထောင်ထဲထည့်ပစ်တာ။ အဲဒီဆေးစာ ရရချင်းကို တန်းဖမ်းသွားတာ” ဟု ပြောဆိုသည်။
ထို့ပြင် ကိုလျှံဖြိုးအောင်သည် ရာဘာကျည်ဖြင့် အနီးကပ် ပစ်ခတ်ခံရသည့် ဒဏ်ရာများကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်သေးသဖြင့် လိုအပ်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်ရန် လိုအပ်သေးကြောင်း စစ်ဆေးရုံ၏ ဆေးစာတွင် မှတ်ချက် ပြုထားသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အပြင် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးထားပြီးဖြစ်ရာ လက်ရှိ အချိန်တွင် မသန်စွမ်းသူကို ဆေးကုသခွင့်ပေးရန် ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းက မေတ္တာရပ်ခံ သည်။
၎င်းက “သာမန်ဘဝကနေ ကိုယ်အင်္ဂါချို့ယွင်းသွားတဲ့အခါမှာ ချို့ယွင်းတာလည်း လပိုင်းပဲရှိသေးတော့ သူသည် ကိုယ်အင်္ဂါ ချို့ယွင်းနေတဲ့ အနေအထား အသစ်တခုမှာ နိစ္စဒူဝ ဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ သူ့အနေနဲ့ အခုမှ ဆိုတော့ ဘယ်လိုမှ ကျင့်သားရဖို့ မရှိဘူး။ အရေးကြီးတာက သူသည် ဆေးကုသခွင့်၊ ဆက်လက်ခံယူခွင့် အပြည့်အဝ ရှိပါ တယ်။ ဆေးဝါးကုသခွင့် ဆက်လက်ပေးဖို့ကို မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆိုသည်။
လက်ရှိ ကျင့်သုံးနေသော ရာဇဝတ်ကျင့်ထုံး ဥပဒေများအရလည်း အကျဉ်းထောင်တွင်း ချုပ်နှောင်ခံထားရသူ ကိုလျှံ ဖြိုးအောင် အနေဖြင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန်နှင့် အာမခံ လျှောက်ထားနိုင်ခွင့်များ ရှိနေသည်။
ကျန်းမာရေး အမှန်တကယ် မပြည့်စုံသူ၊ အရေးပေါ် ကုသမှုလိုအပ်သူဆိုလျှင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ အပိုဒ်ခွဲ ၁ အရ တရားသူကြီးက ဆင်ခြင်တုံတရားဖြင့် သေဒဏ်၊ တသက်တကျွန်း၊ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မ မျိုး မဟုတ်ပါက အာမခံပေးနိုင်သည်ဟု အတိအလင်း ပြဋ္ဌာန်းထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ရှင်းပြသည်။
၎င်းက “ဒီ ၅၀၅(က) ဆိုတာကလည်း အမြင့်ဆုံးမှာ ၃ နှစ်ပဲ ချရမယ့်ပုဒ်မမျိုး ဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ အာမခံလျှောက် ထားမယ် ဆိုရင်တော့ ရဲမှာပဲ ရှိနေသေးတဲ့အတွက် သက်ဆိုင်ရာ စခန်း၊ မြို့နယ်မှူးတွေဆီမှာ အာမခံ လျှောက်ထားမယ်ဆို ရင် အာမခံရနိုင်တဲ့ အခွင့်အရေးရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် မသန်စွမ်းဘဝ ရောက်ရှိခဲ့ရသည့်အပြင် ဆေးဝါး ဆက်လက်ကုသရန် လိုအပ် နေဆဲဖြစ်သည့် ကိုလျှံဖြိုးအောင်ကို အတင်းအဓမ္မ ထောင်သွင်း အကျဉ်းချထားခြင်းအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
ကိုလျှံဖြိုးအောင်၏ အစ်ကိုကလည်း “အခုဟာက ဒုက္ခိတ ဖြစ်နေတဲ့ လူတယောက်ပါ။ ဒုက္ခိတ ဖြစ်တယ်ဆိုတာလည်း သူ တို့တွေ နှိပ်စက်လို့ ဖြစ်ရတာပါ။ အဲဒီ ဒုက္ခိတ ဖြစ်တဲ့လူကိုပဲ အမှုထပ်ဆွဲပြီးတော့ ထပ်ဖမ်းတာကတော့ လုံးဝ လူမဆန်ပါ ဘူး” ဟု ပြောသည်။
စစ်ကောင်စီသည် တိုင်းနှင့်ပြည်နယ် တချို့မှ ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူ ၁၅ ဦးခန့်ကို ဖမ်းဆီး ထားကြောင်း မသန်စွမ်းအဖွဲ့အစည်းများထံမှ သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် ပြည်သူ ၈၅၀ ကျော် သေ ဆုံးခဲ့ပြီး ကိုလျှံဖြိုးအောင် အပါအဝင် လူပေါင်း ၅၀၀၀ နီးပါးလည်း ဖမ်းဆီးချုပ်နှောင်ထားခံရကြောင်း နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။
You may also like these story:
ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား