ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Thandwe People Defence Force – TPDF ) ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ဒေသတွင်း ဂယက်ရိုက်လျက် ရှိသည်။
အဆိုပါ သံတွဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို “ပါဝင်ထိုက် ပါဝင်သင့်သည့် နိုင်ငံရေးအင်အားစုများနှင့် အကြမ်းဖက်စစ် ကောင်စီအား ဆန့်ကျင် တော်လှန်လျက်ရှိသော ရဲဘော်များ စုစည်းညှိနိုင်း၍ ဇွန်လ ၇ ရက်နေ့က စတင် ဖွဲ့စည်းတည်ထောင်”လိုက်ကြောင်း ၎င်းအဖွဲ့က ဖေ့စ်ဘွစ်လူမှု ကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတွင်း စစ်တိုင်း ၅ တိုင်းဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ကို မေ ၅ ရက်က ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။
သံတွဲဒေသခံ တဦးက “ PDF ဖွဲ့တာတော့ လိုင်းပေါ်မှာ တွေ့တာလောက်ပဲ၊ ဘယ်သူတွေနဲ့ ဖွဲ့တယ် ဆိုတာတော့ မသိဘူး။ PDF အနေနဲ့ လူပ်ရှားမယ်ဆိုရင်လည်း ဒီမှာက တခြား ဒေသတွေမှာလို လုပ်စရာတွေ သိပ်မရှိဘူးလို့ မြင်တယ်။ လုပ်မယ်ဆိုရင် နယ်မြေခံ တပ်တွေကို ဝင်တိုက်ဖို့ တခုပဲ ရှိတာပေါ့။ သူတို့ (PDF ) လုပ်နိုင် မလုပ်နိုင်ကို စောင့်ကြည့်ရမယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ သံတွဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကို ဖွဲ့စည်းရသည့် ရည်ရွယ်ချက်များမှာ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အလျင်အမြန်တည်ဆောက်နိုင်ရေး၊ ရခိုင်ပြည်နယ်အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များနှင့် ချိတ်ဆက်၍ ထိရောက်သော တော်လှန်ရေး တိုက်ပွဲများ အရှိန်အဟုန်ဖြင့် ဖော်ဆောင်နိုင်ရေးတို့ ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သံတွဲမြို့နယ် ဒွါရာဝတီ မျိုးချစ်လူငယ်များအဖွဲ့က ထိုသို့ TPDF ဖွဲ့စည်းခြင်းသည် ၎င်းမြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူလူထု၏ ငြိမ်းချမ်းစွာ နေလိုသော ဆန္ဒနှင့် သဘောထားကို မျက်ကွယ်ပြု ဆန့်ကျင်သည့် လုပ်ရပ်ဖြစ်သည်ဟု ယူဆသည့်အတွက် “ရခိုင်ပြည်သူ တရပ်လုံးနှင့်အတူ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း” ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်သည်။
“စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ CDM မလုပ်သော ဝန်ထမ်းများနှင့် သဘောထား ခံယူချက် မတူသည့် သံတွဲ ဒေသခံ ပြည်သူများအား ခြိမ်းခြောက် အကြမ်းဖက်မှုများ ပြုလုပ်လာပါက ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမည်” ဖြစ်ကြောင်း ဒွါရာဝတီ မျိုးချစ်လူငယ်များအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သံတွဲလူငယ် အစည်းအရုံးကမူ “ရခိုင်ပြည်သူများနှင့် ပြည်မမှ ညီအစ်ကိုများအကြား စိတ်ဝမ်းကွဲမှု တစုံတရာ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြခြင်းဟုသာ ထင်မြင်ယူဆမိကြောင်း”နှင့် “ရခိုင်ပြည်သူများ၏ အသက် အိုးအိမ်များ ကာကွယ်ပေးမည့် ရခိုင့်တပ်တော် ရှိနှင့်ပြီ ဖြစ်သည့်အတွက် ရက္ခိုင့်မြေပေါ်၌ အခြားမည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမှ ပေါ်ပေါက်လာရန် မလိုကြောင်း” ဇွန်လ ၈ ရက်နေ့ ရက် စွဲဖြင့် ထုတ်ပြန်သည်။
TPDF ကမူ သံတွဲမြို့နယ်မှ “ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား အကြမ်းဖက် စစ်ကောင်စီ တပ်များ၏ ရန်မှ အကာအကွယ်ပေးရေး ၊ NUG ၊ CRPH အပါအဝင် အကြမ်းဖက်စစ်ကောင်ကို တော်လှန်တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ချိတ်ဆက်လျက် ဟန်ချက်ညီသော နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲများ စနစ်တကျ ဖော်ဆောင်နိုင်သွားမည်” ဟု ထုတ်ပြန်ချက်ထားသည်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်သည် NLD အမာခံ နယ်မြေတခု ဖြစ်ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ဒေသခံ ရခိုင်ပါတီများကို ဖြတ်ကျော်ကာ နှစ်ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့သည်။
AA က သံတွဲမြို့နယ်အပါအဝင် ရခိုင်တောင်ပိုင်း မြို့နယ်များအထိ ဩဇာတိုးချဲ့ကာ အုပ်ချုပ်ရေး အာဏာ တည်ဆောင်ရန် ကြိုးပမ်းနေသည်။
ရခိုင်တောင်ပိုင်းမြို့နယ်များသည် ယခင်က AA အပေါ်ထောက်ခံမှု အားနည်းခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းမှုကာ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်သည့် လုပ်ရပ်များကြောင့် AA ကို ပိုမိုထောက်ခံလာကြကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်အတွင်း လမ်းပေါ်ထွက် ဆန္ဒပြမှုနှင့် CDM လူပ်ရှားမှုကို မလိုလားကြောင်း ထုတ်ဖော်ပြောကြားထားသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာခြင်း မရှိသလို CDM လှုပ်ရားမှုတွင်လည်း ရခိုင်လူမျိုးများ ပါဝင်ခြင်း မရှိပေ။
သို့သော် သံတွဲကဲ့သို့ မြို့များတွင်မူ လမ်းပေါ်ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။ စစ်တပ်နှင့် ရဲများကလည်း ဖမ်းဆီးဖြိုခွင်းမှုများ ရှိခဲ့သည်။
You may also like these stories:
AA နဲ့ စစ်တပ်တို့ရဲ့ တခြမ်းပဲ့ ငြိမ်းချမ်းရေး
NUG ရိုဟင်ဂျာမူဝါဒ ရခိုင်တိုင်းရင်းသားများကို ကိုယ်စားမပြုဟု တုံ့ပြန်
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို