အာဏာသိမ်း စစ်တပ်အတွက် စစ်လက်နက်များ အဓိက ရောင်းချပေးနေသော ရုရှားနိုင်ငံနှင့် ကာကွယ်ရေး ဘက်တွင် သာမက ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုပါ တိုးမြှင့်လုပ်ဆောင် စီစဉ်လျက် ရှိနေသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကတည်းက ရုရှား- မြန်မာ နှစ်နိုင်ငံ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေးကို နှစ်နိုင်ငံကြား သဘောတူ လက်မှတ်ရေးထိုးထားခဲ့သော်လည်း ကြားကာလများတွင် ရပ်တန့်နေသည့်အတွက် စစ်ကောင်စီက ဇွန်လ ၉ ရက်တွင် ရုရှား- မြန်မာ အစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကော်မရှင် အစည်း အဝေး ကျင်းပခဲ့ခြင်းဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင် က “ကုန်သွယ်ရေး နဲ့ ရင်းနှီးမြှုပ်နှံမှုက အဓိကပါ။ သူတို့ဘက်က ဒီနိုင်ငံမှာ စိတ်ဝင်စားနေတဲ့ လုပ်ငန်း ကဏ္ဍတွေ ရှိတယ်။ အဲဒီတော့ ရုရှားရင်း နှီးမြှုပ်နှံသူတွေကို ဒီက လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံစေပြီး ဖိတ်ခေါ်သွားမှာပါ ” ဟု ဧရာဝတီသို့ ပြောသည်။
ရုရှားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်း ပညာ ( ICT)၊ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံ ကဏ္ဍများကို စိတ်ဝင်စားလျက်ရှိပြီး ၎င်းတို့သည် ရာခိုင်နှုန်းပြည့် ရင်းနှီး မြှုပ်နှံလိုခြင်းထက် ဖက်စပ်လုပ်ကိုင်ခြင်း (Joint Venture) နှင့် PPP (Public Private Partnership) စနစ်များဖြင့် ပို၍ လုပ် ကိုင်လိုကြကြောင်း ၎င်းက ဆိုသည်။
ယင်းပြင် ရုရှားနိုင်ငံသည် အစားသောက်ထုတ်ကုန်များ လိုအပ်ချက်ရှိသည့် နိုင်ငံဖြစ်သည့်အတွက် ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုး မျိုး၊ အသားငါး ထုတ်ကုန်များကိုလည်း တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းများ ရှိကြောင်း ဒေါက်တာ ဝါဝါမောင်က ပြော သည်။
လတ်တလောတွင် မြန်မာနိုင်ငံသည် ရုရှားနိုင်ငံသို့ ဆန် နှင့် ဆန်ကွဲများ၊ ချုပ်ပြီး အဝတ်အထည်များ၊ ပဲအမျိုးမျိုးတို့ကို နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့် တင်ပို့ လျက်ရှိပြီး ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ၌ အမေရိကန် ဒေါ်လာ ၉၄ သန်းရှိ ကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ ထို ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် အရှေ့ပိုင်း ခုနှစ်များတွင် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး ယင်း ဘဏ္ဍာနှစ် နောက်ပိုင်းမှ ယခုအချိန်အထိ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ထားခြင်း မရှိပေ။
ရန်ကုန်မြို့ရှိ ဆန်ကုန်သည်တဦးက “ရုရှားကိုက ပေါင်းဆန်ကိုပဲ အဓိက တင်ပို့တာများပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ကွန်တိန်နာ အခက်အခဲ၊ သင်္ဘောလိုင်း အခက်အခဲတွေကြောင့် သိပ်ပြီးတော့ မသွားနိုင်တော့ဘူး” ဟု ပြောသည်။
ကုန်သွယ်ရေးတွင် အခွန်အခများနှင့် သယ်ယူပို့ဆောင်ရေး စရိတ်ကြီးမြင့်ခြင်းက လုပ်ငန်းလုပ်ကိုင်ရန် မလွယ်ကူကြောင်း၊ ရုရှားနိုင်ငံသည်လည်း ဥရောပနိုင်ငံများကဲ့သို့ ခရီးလမ်းဝေးခြင်းကြောင့် ကုန်သွယ်ရေး လုပ်ကိုင်ရာတွင် ထင်သလောက် မလွယ်ကူနိုင်ကြောင်း ၎င်းက ဆိုသည်။
ရုရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခြင်းထက် ၎င်းတို့ အကျိုးအမြတ်များများ ရရှိနေသော မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း အများအပြား ရောင်းချကိုသာ ပို၍ စိတ်ဝင်စားသည့် နိုင်ငံတခု ဖြစ်သည်။
ရုရှားနိုင်ငံတွင် ၁၉၈၃ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ နေထိုင်ခဲ့သည့် ဒေါက်တာသန်းနိုင်ကလည်း ရုရှားက မြန်မာထံမှ ဆန်နှင့် ရာဘာကို ဝယ်ယူရန် ကြိုးစားခဲ့ဖူးသော်လည်း ရာဘာမှာ အရည်အသွေးမပြည့်မီခြင်း၊ ဆန်တင်ပို့ရန်ကလည်း ကုန်ကျ စရိတ်များပြားခြင်းကြောင့် စိတ်ဝင်စားမှု မရှိကြောင်း၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းဘက်တွင်သာ ရုရှားကုမ္ပဏီငယ်တချို့ ရွှေတူးကြကြောင်း သူ၏ နှစ်ပေါင်း ၄၀ ဆိုဗီယက်ရုရှား အတွေ့အကြုံတွင် ရေးသားထားသည်။
You may also like these stories:
စစ်ကောင်စီက ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်
မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်
စစ်ကောင်စီ၏ ရုရှားခရီးစဉ်တွင် လက်နက်ပွဲစား ဦးတေဇ လိုက်ပါသွား