အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် နောက်ထပ် ပါဝင်မည့် တပ်မတော်သားနှင့် ၎င်းတို့၏ မိသားစုဝင်များကို ပြည်သူလူထုအနေဖြင့် ဆက်လက်ကြိုဆို စောင့်ရှောက်ပေးသင့်ကြောင်း CDM ပြုလုပ်ထားသည့် မြန်မာစစ်တပ်မှ အရာရှိဟောင်းများက တိုက်တွန်းပြောဆိုသည်။
ယနေ့ ဇွန် ၁၁ရက် “လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် မြန်မာနိုင်ငံ” အမည်ဖြင့် အရပ်ဖက်အဖွဲ့အစည်း တခုဖြစ်သည့် Thanakha Global Alliance မှ ပြုလုပ်သည့် အွန်လိုင်း ဆွေးနွေးပွဲတွင် CDM အရာရှိဟောင်းများက ထိုကဲ့သို့ ဆွေးနွေး တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ယင်းအွန်လိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများမှာ ဆွေးနွေးပွဲတွင် အမေရိကန်စစ်တပ်၌ ဒုတိယဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ပါမောက္ခဒေါက်တာ မီမီဝင်းဘတ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ မဟာဗျူဟာ အကြံပေး နော်မေဦး၊ စစ်တပ်မှ CDM ပြုလုပ်ခဲ့သည့် ဗိုလ်ကြီး ညီသုတနှင့် ဗိုလ်ကြီး လင်းထက်အောင်တို့ ပါဝင်ကြသည်။
CDM ပြုလုပ်ခဲ့သည့် ဗိုလ်ကြီးဟောင်း ညီသုတက လက်ရှိတွင် လူသတ် အကြမ်းဖက်မှုများကို ကျူးလွန်နေသူများမှာ စစ်တပ်အတွင်းရှိ တပ်ဖွဲ့ဝင် အင်အား၏ ၂၀ ရာခိုင်နှုန်းခန့်သာဖြစ်ပြီး တပ်မတော်တခုလုံးက အကြမ်းဖက်မှု ကျူးလွန် နေခြင်း မဟုတ် ကြောင်း ပြောဆိုသည်။
မြန်မာစစ်တပ်တွင် စစ်သည်အင်အား ၄ သိန်းကျော်ရှိပြီး စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များက စစ်တပ်တခုလုံးနှင့် ပြည်သူ များအား ရန်ဘက်သဖွယ် ဖြစ်စေရန် သွေးခွဲဝါဒဖြန့်ထားခြင်း ဖြစ်ကာ ပြည်သူအများ အနေဖြင့် စစ်သားတိုင်းကို မမုန်းသင့် ဘဲ စစ်အာဏာရှင်စနစ်ကိုသာ တိုက်ခိုက်ကြစေလိုသည်ဟုလည်း ၎င်းက ဆိုသည်။
စစ်တပ်တခုလုံးနှင့် ပြည်သူများ အပြန်အလှန် တိုက်ခိုက်မည်ဆိုပါက သွေးထွက်သံယိုကိစ္စ အမြောက်အမြားဖြစ်နိုင်ပြီး အဆုံးအရှုံးကြီးနိုင်ကြောင်း ဗိုလ်ကြီးဟောင်း ညီသုတက ပြောသည်။
၎င်းက “ရဲမေတွေဆိုရင် အခုဖြစ်နေတဲ့ အကြမ်းဖက်သတ်ဖြတ်မှုမှာ သွယ်ဝိုက်သောအားဖြင့် ပတ်သက်နိုင်ပေမယ့် တိုက် ရိုက်ပတ်သက်နေတဲ့သူတွေ မဟုတ်ဘူး။ အောက်ခြေတပ်မတော်သားတွေနဲ့ သူတို့မိသားစုတွေဟာလည်း ဒီစနစ်အောက် မှာ ပြည်သူတွေလိုပဲ ဒုက္ခရောက်နေတဲ့သူတွေ ဖြစ်တယ်။ တပ်မတော်သားတွေသာ ပြည်သူဘက်က ပါဝင်လာမယ်ဆိုရင် ဆုံးရှုံးမှု နည်းနည်းနဲ့ အောင်ပွဲရလာနိုင်တယ်။ ဒါကြောင့် တပ်မတော်သားတွေကို ပြည်သူတွေနဲ့ ပူးပေါင်းနိုင်မယ့် လမ်း ကြောင်းတွေကိုလည်း ဆက်ဖွင့်ထားသင့်တယ်” ဟု အကြံပြုတိုက်တွန်းသည်။
လက်ရှိတွင် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ အနေဖြင့် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်အာဏာ ရှင်စနစ်ကို မဆန့်ကျင်ဟုဆိုကာ ၎င်းတို့အပေါ် လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်သည့် လူမှုရေးပြစ်ဒဏ် (Social Punishment) ဟူသော လှုပ်ရှားမှုကလည်း အရှိန်မြင့်လျက် ရှိသည်။
ဗိုလ်ကြီးဟောင်း ညီသုတက အောက်ခြေတပ်မတော်သားများနှင့် မိသားစုဝင်များသည်လည်း စစ်ဘက်အရာရှိကြီးများနှင့် ၎င်းတို့ မိသားစု ဝင်များ၏ အနိုင်ကျင့် ခြိမ်းခြောက် ဖိနှိပ်နေမှုများကို ရင်ဆိုင်နေရပြီး အများစုသည် ထိုကဲ့သို့သော အနိုင်ကျင့်မှုများမှ ရုန်းမထွက်နိုင်ကြကြောင်း ပြောသည်။
အလားတူ ဗိုလ်ကြီးဟောင်း လင်းထက်အောင်ကလည်း စစ်သားအများစုသည် အကြမ်းဖက် ဖိနှိပ်မှုများတွင် ၎င်းတို့ မပါကြောင်း၊ ၎င်းတို့အနေဖြင့် အာဏာသိမ်းမှုကို မထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုချင်ကြသော်လည်း ထိုသို့ ပြောလိုက်ပါက ကိုယ်တိုင်သာမက မိသားစုဝင်များ အတွက်ပါ အသက်အန္တရာယ် ရှိသဖြင့် ထုတ်မပြောရဲကြကြောင်း ရှင်းပြသည်။
၎င်းက “သူတို့ ပြောလိုက်ရင် နှစ်ရှည်ထောင်ဒဏ် ကျနိုင်တယ်။ အသက်အန္တရာယ်ရှိတယ်။ လူထုဘက်က ရပ်ချင်တဲ့ အရိပ်အယောင် ရှိတယ်လို့ ထင်ရတဲ့ တချို့အရာရှိတွေဆိုရင် ဖမ်းဆီးချုပ်နှောင်ခံရတာတွေ ရှိတယ်” ဟု ဆိုသည်။
ဆက်လက်၍ ဗိုလ်ကြီးဟောင်း လင်းထက်အောင်က ၎င်းအနေဖြင့် ယခုကဲ့သို့ CDM လုပ်လာနိုင်သည်မှာ ပြည်သူများ၏ ကူညီပေးမှု၊ လမ်းပြခေါ်ထုတ်မှု၊ စားဝတ်နေရေး ထောက်ပံ့ပေးမှုတို့ကြောင့် ဖြစ်ကြောင်း၊ CDM ပြုလုပ်လိုသည့် တပ်မတော် သားများကို ထိုသို့ ဆက်လက်ပြီး ကူညီစောင့်ရှောက် ထောက်ပံ့မည်ဆိုပါက တပ်မတော်သား အမြောက်အမြား CDM တွင် ပါဝင်လာနိုင်ကြောင်း ပြောဆိုသည်။
အာဏာရှင်စနစ်၏ ဆိုးကျိုးကို ပြည်သူများသည် နှစ်ပေါင်းများစွာ တွေ့ကြုံခံစားနေရပြီး လက်ရှိ ဖြစ်ပွားနေသည့် မတရား အကြမ်းဖက်မှု ပြဿနာများကို ဖြေရှင်းရန် မြန်မာတနိုင်ငံလုံးရှိ အစုအဖွဲ့အားလုံး၏ တဖွဲ့ချင်းစီ လက်ခံထားသော သမိုင်း ကြောင်းကို မေ့ထား၍မရဘဲ နက်နက်နဲနဲ တွေးဆကာ အားလုံးပါဝင်သည့် စနစ်အသစ်တခုကို အတူတကွ ဖန်တီးကြရန် လိုအပ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ မဟာဗျူဟာ အကြံပေးဖြစ်သူ နော်မေဦးက ထောက်ပြသည်။
အမေရိကန်စစ်တပ်တွင် ဒုတိယ ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က လည်း သိက္ခာရှိပြီး လူလေးစားခံရသော စစ်တပ်သည် မှန်ကန်သည့် တာဝန်ကို အသေအချာလုပ်နိုင်ပြီး စစ်သည်တော် ကျင့်ဝတ်ကို လေးစားလိုက်နာရသည်ဟု ပြောသည်။
ဒေါက်တာ မီမီဝင်းဘတ်က “သူတို့ရဲ့ တာဝန်က ပြည်သူကို ကာကွယ်ဖို့ပဲ။ မသင့်တော်တဲ့နေရာ မသွားရဘူး။ စစ်တပ်က စစ်တိုက်ဖို့ သင်ထားတာဖြစ်လို့ စီးပွားရေး မလုပ်ရဘူး။ နိုင်ငံရေး မလုပ်ရဘူး။ သွားလုပ်ရင် ကမောက်ကမတွေ ဖြစ်သွား နိုင်တယ်” ဟု ဆိုသည်။
ပရော်ဖက်ရှင်နယ် စစ်တပ် ၁ တပ် ထူထောင်ရန်အတွက် စစ်ရေးလေ့ကျင့်မှု ဆောင်ရွက်ပေးရုံဖြင့် မရဘဲ ပညာရေးကိုပါ အလေးပေး ဆောင်ရွက်ပေးသင့်သည်ဟုလည်း ၎င်းက အကြံပြုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင်လာ သည့် CDM တပ်မတော်သား လက်ရှိအချိန်ထိ အင်အားအနည်းဆုံး ၈၀၀ ခန့် ရှိနေပြီဖြစ်ပြီး အသက် ၂၀ နှင့် ၃၅ နှစ် အရွယ်ဝန်းကျင် ဗိုလ်မှူးအဆင့်မှသည် စစ်သား၊ တပ်ကြပ်၊ ဒုဗိုလ်များ ပါဝင်နေကြောင်း သိရသည်။
You may also like these stories:
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို