ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Ms. Michelle Bachelet ၏ ဇွန်လ ၁၁ ရက် သတင်း ထုတ်ပြန်ချက်သည် မျှတမှု မရှိဘဲ ဘက်လိုက်နေကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၃ ရက်တွင် နိုင်ငံပိုင် သတင်းစာမှ တဆင့် ကြေညာသည်။
Ms. Michelle Bachelet သည် စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အအုံများ တိုက်ခိုက်ခံရမှု၊ ဘာသာရေးကျောင်းများ အပါအဝင် ပြည်သူလူထု၏ အိုးအိမ်များကို စစ်တပ်ဘက်က အသုံးပြုနေမှုများအား သတင်း ထုတ်ပြန်ချက်တွင် ရေးသားထား ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ပြောသည်။
လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး (OHCHR) ၏ ထုတ်ပြန်ချက်တွင် မတရား အသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာ ထားသော အဖွဲ့များ၏ အကြမ်းဖက်မှုများကို ဖော်ပြရှုတ်ချခြင်း မရှိသကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသက်ဆုံးရှုံးမှုကို လည်း ဖော်ပြခြင်း မရှိကြောင်း စစ်ကောင်စီဘက်က ဆိုသည်။
စာသင်ကျောင်းများ မီးရှို့ခြင်း၊ ဗုံးခွဲခြင်းနှင့် ပညာရေး ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများအား တိုက်ခိုက်သူမှာ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) သာ ဖြစ်ကြောင်း စစ်ကောင်စီဘက်က စွပ်စွဲသည်။
စစ်တပ်သည် ပြည်သူများ ဘေးကင်းရေး၊ ဥပဒေအာဏာ အသက်ဝင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲ ဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်နေပြီး အင်အားသုံးရန် လိုအပ်ပါက မိမိကိုယ်ကို ခုခံကာကွယ်ရန် အနည်းဆုံး အင်အားကို အမြင့်ဆုံးထိန်းချုပ် ဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာသည်။
Ms. Michelle Bachelet အနေနှင့် လုပ်ပိုင်ခွင့်များကို အပြုသဘော ဘက်လိုက်မှု မရှိဘဲ ဓမ္မဓိဌာန်ကျကျဖြင့် ကုလသမဂ္ဂ ပဋိဉာဏ် စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း စစ်ကောင်စီဘက်က ဆိုသည်။
CDM ဆောင်ရွက်နေသည့် ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှ အခြေခံပညာ ဆရာတဦးကမူ စစ်ကောင်စီ၏ ထုတ်ပြန်ချက်သည် ဗြောင်လိမ်သည့် လုပ်ရပ်ဖြစ်ပြီး စာသင်ကျောင်များအား တပ်စွဲကာ ဘာသာရေး အဆောက်အအုံများကို တိုက်ခိုက်သူမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒါက ဗြောင်လိမ်တဲ့ လုပ်ရပ်ပါ။ ဘယ်သူက အကြမ်းဖက်သမားလဲ အားလုံး သိနေကြတာပဲ။ စစ်ကောင်စီက သူတို့ လုပ်ရပ်ကို အမှန်အတိုင်း ဝေဖန်ထောက်ပြတဲ့သူကို ပြန် အပြစ်တင်တဲ့ သဘောပါ။ သူတို့ဘယ်လိုပဲ လိမ်လိမ် အမှန်တရားက ဖုံးကွယ်လို့ ရမှာ မဟုတ်ပါဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ မေလ ၂ ရက်ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၁ ရက်မှ မေလ ၃၁ ရက် ကြား စာသင်ကျောင်းများနှင့် ကျောင်း၏ ဝန်ထမ်းများအား တိုက်ခိုက်မှု အနည်းဆုံး ၅၄ ခုရှိသည့်အပြင် မြန်မာစစ်တပ်က ဝင်ရောက် တပ်စွဲထားသည့် ပညာရေး ဝန်ဆောင်မှုပေးသောနေရာများတွင် မတော်တဆဖြစ်မှု ၁၄၁ ခု ရှိကြောင်း သိရသည်။
နိုင်ငံတကာ အဖွဲ့အစည်းဖြစ်သည့် Save the Children ကမူ ၎င်း၏ နောက်ဆုံး ထုတ်ပြန်ချက်၌ မေလအတွင်း မြန်မာပြည်တလွှား ကျောင်းနှင့် ပညာရေးဆိုင်ရာ အဆောက်အဦများကို တိုက်ခိုက်မှုပေါင်း ၁၀၃ ကြိမ် ရှိကြောင်း ရေးသည်။
“ကျောင်းများသည် ကလေးများ စာသင်ကြားရာ ဖြစ်၍ ကာကွယ်ပေးရမည်။ တိုက်ခိုက်မှုများမှ အချိန်တိုင်း ကင်းလွတ်စေရမည်။ ကျောင်းများအား တိုက်ခိုက်ခြင်းသည် ကလေးများ၏ အခွင့်အရေးအပေါ်အကြီးအကျယ် ချိုးဖောက်ခြင်းမှ အခြေတည်သည်။ မည်သည့် စာသင်ကျောင်းမျှ ပစ်မှတ်ထား ရည်ရွယ်ခြင်း မပြုရ” ဟု Save the Children ၏ ကြေညာချက်က ဆိုသည်။
မတ်လအတွင်း စာသင်ကျောင်းနှင့် တက္ကသိုလ် အနည်းဆုံး ၆၀ ခန့်ကို စစ်ကောင်စီ တပ်များက ဝင်ရောက် သိမ်းပိုက် တပ်စွဲခဲ့ကြောင်းလည်း Save the Children က ဆိုသည်။
မကြာသေးမီက လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သော ဓာတ်ပုံများတွင် စာသင်ကျောင်းခန်းအတွင်း လက်နက်ကိုင်စစ်သားများက ကလေးငယ်များအား သေနတ်ကိုင်ဆောင်နေစေခဲ့မှုအား ရည်ညွှန်း၍ Save the Children က ” မည်သို့သော အကျိုးဆက်အောက်မှာမျှ ကလေးငယ်များအား မည်သည့်လက်နက်ကိုမျှ မကိုင်ဆောင်စေသင့်ပါ။ လက်နက်ကိုင်တပ်သားများ၏ ဤသို့ အင်မတန် မလျော်ကန်သော အပြုအမူသည် လက်ခံနိုင်ဖွယ် မဟုတ်ပေ။ ယင်းသည် ကလေးများ အန္တရာယ် ကြီးသည်။ လုံခြုံသော ပညာသင်ကြားရေး နိုင်ငံတကာ စံနှုန်းများအားလည်း ချိုးဖောက်သည်” ဟု ကြေညာချက်တွင် ရေးသည်။
မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂစာချုပ်ကို လက်မှတ်ရေးထိုးထားသည်။
You may also like these stories:
ကျောင်းတွေကို ဘယ်သူဗုံးခွဲနေတာလဲ
စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး