တည်ဆဲ နိုင်ငံရေးပါတီများ အနေဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နှင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော်(PDF)တို့နှင့် ဆက်သွယ် ပတ်သက်မှု မလုပ်ရန် အာဏာသိမ်း စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရသည်။
ဇွန်လ ၁၁ရက်က စစ်ကောင်စီမှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးသည့် ညွှန်ကြားစာ၌ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအား အထက်ပါ အဖွဲ့အစည်းများနှင့် ပတ်သက်ခြင်း ရှိ၊ မရှိ မေးမြန်းရန်၊ မရှိပါက ဝန်ခံကတိ လက်မှတ်ထိုးရန်၊ ပတ်သက်ပါက ဖမ်းဆီး အရေးယူရန် ပါရှိသည်။
သို့သော် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)သည် ၂၀၂၀ ရွေးကောက်ပွဲကို ဖျက်သိမ်းကြောင်း
ဖေဖေါ်ဝါရီ ၂၆ရက်က ဆိုထားပြီးဖြစ်သဖြင့် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ ဆိုသည်မှာ မည်သည့် အတွက် ရည်ညွှန်းကြောင်း ရှင်းရှင်းလင်းလင်း မသိရပေ။
စစ်ကောင်စီ၏ UEC ကလည်း နိုင်ငံရေးပါတီများအား CRPH နှင့် ဆက်စပ် ပတ်သက်ခြင်းများ မပြုရန် ဖေဖေါ်ဝါရီ ၂၇ရက် ကတည်းက အကြောင်းကြားထားပြီး ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD)ကမူ စစ်ကောင်စီသည် ရွေးကောက်ပွဲ အနိုင်ရရှိထားသူများကို လွှတ်တော်ကိုယ် စားလှယ်အဖြစ် တရားဝင် ရပ်တည်ပိုင်ခွင့် မရှိသေးသော ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကာ CRPH ၊ NUG ၊ PDF တို့နှင့် ပတ် သက် ခြင်း မရှိကြောင်း ဖိအားပေး ခြိမ်းခြောက်နေခြင်းသည် လုံးဝ တရားမဝင်ကြောင်းနှင့် လိုက်နာဆောင်ရွက်ရန် မလို ကြောင်း ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ကာ ပေးအပ်ထားသည့် တာဝန်များကို လွှတ်တော်ကိုယ်စားလှယ်များမှ မဖောက်မ ပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ကြောင်းလည်း NLD က ကြေညာခဲ့သည်။
NLD ပါတီမှ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက“ခံဝန်ထိုးပြီး အေးဆေးနေသူတွေ လည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် နည်းပါတယ်။ အများစုတော့ ထိုးမှာ မဟုတ်တော့ဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်း ကလည်း ဒီလိုပါပဲ”ဟု ပြောသည်။
စစ်ကောင်စီသည် အာဏာသိမ်းစဉ်ကတည်းက ပြည်သူလူထု Mandate ကို မလေးစားခြင်း ဖြစ်ပြီး ယခု ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲ ရလာဒ်ကို ဖျက်သိမ်းရန်၊ NLD ပါတီကို ဖျက်သိမ်းရန်၊ PR စနစ် အသက်သွင်းရန်နှင့် မြန်မာ့နိုင်ငံရေးတွင် စစ် တပ်က ဦးဆောင်အုပ်ချုပ်မည့် အစီအစဉ်တရပ်ကို အကော်အထည် ဖော်နေခြင်းဖြစ်ကြောင်း ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ပြီး ဖွဲ့ စည်းထားသည့် CRPH သည် NUG ကို ဧပြီ ၁၆ ရက်တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ တတ်သိပညာရှင်များနှင့် လူငယ်များ ပါဝင် ဖွဲ့ စည်းခဲ့သည်။
ထို့နောက် မေ ၅ရက်တွင် NUG က ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးအဖြစ် PDF ကို စတင်ဖွဲ့စည်းကြောင်း ကြေညာ သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက ရွေးကောက်ပွဲကော်မရှင်က CRPH နှင့် အဆက်အသွယ် မလုပ်ပါဟု ၇ ရက်အတွင်း လက်မှတ်လာထိုးရန် စာပို့ထား ကြောင်း၊ ယခုတကြိမ် ရန်ကုန်မြို့ ရှိ ပါတီရုံးချုပ်သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများကယင်းကိစ္စနှင့် ပတ်သက်၍ ထပ်မံ ရောက်ရှိလာကြောင်း ပြောသည်။
“အဲဒီလမ်းညွှန်ချက် စာရွက်ကို ကျနော်တို့ဆီကို လှမ်းပို့တယ်။ ၇ ရက်အတွင်း သွားပြီးတော့မှ လက်မှတ်ရေးထိုးတယ် ဆို ရင် . . . မပတ်သက်ရင် လက်မှတ်ရေးထိုးပေါ့ ပတ်သက်ရင် တခါ တည်း ဖမ်းမှာ။ အဲဒီမှာ အတိအကျကို ရေးထားတယ်” ဟု ဦးစိုင်းလိတ်က ပြောသည်။
၎င်းက ဆက်၍ “ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက်က ရဲ၊ စရဖ၊ SB၊ စသုံးလုံး၊ CID ၅ ဌာနက ရုံးချုပ်ကို လာရောက် စစ်ဆေးပါ တယ်။ CEC တဖွဲ့ လုံးရော ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် တဖွဲ့လုံးပါ သူတို့ ရည်ညွှန်းတဲ့ အဖွဲ့တွေနဲ့ ဆက်စပ် ပတ် သက်ခြင်း မရှိပါဘူးလို့ ကျနော်တို့ ဌာနချုပ်ရုံးက ဥက္ကဌ ဦးစိုင်းညွှန့်လွင်ကိုယ်တိုင် လက်မှတ်ထိုးပေးလိုက်ရတယ်” ဟု ပြောသည်။
ထို့သို့ လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင်လည်း ၎င်းတို့ပါတီ အခြေစိုက်ရုံးများရှိသည့် မြို့နယ်တချို့သို့လည်း ရဲတပ်ဖွဲ့ က သွားရောက်ကာ လက်မှတ်ရေးထိုးပေးရန် ဖိအားပေးမှုများ ရှိနေသည်ဟု ကြားသိရကြောင်း SNLD မှ တာဝန်ရှိသူများက ပြောသည်။
“ကျနော်က NUG၊ CRPH၊ PDF တို့နဲ့လည်း ဆက်စပ်ပတ်သက်တာမျိုး မရှိဘူး။ ဒါပေမယ့် အခုလို လက်မှတ်လာထိုးခိုင်း ရင်လည်း ထိုးပေးမှာ မဟုတ်ပါဘူး”ဟု SNLD ပါတီမှ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သူ ဦးစိုင်း ထွန်းအေးက ပြောသည်။
ရခိုင် အမျိုးသားပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဖေသန်းကမူ ၎င်းတို့ပါတီ အနေဖြင့် CRPH ကဲ့သို့သော အဖွဲ့အစည်းများနှင့် ဆက်စပ်ပတ်သက်မှု မရှိကြောင်း ကတိခံဝန်ချက် လက်မှတ်ရေးထိုးပြီးသည်မှာ ကြာပြီ ဖြစ်ကြောင်း၊ သို့သော် စစ်ကောင်စီ ၏ ယခုလုပ်ရပ်ကိုမူ သဘောမကျကြောင်း ပြောသည်။
“CRPH မှာ ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာ လက်မှတ်ထိုးစရာ အကြောင်းကို မရှိဘူး။ CRPH က တရားမဝင် အဖွဲ့အစည်း လေ။ ပါရင် ဖမ်းလိုက်ပေါ့ဗျာ။ ပါရင် အရေးယူပေါ့။ မလုပ်ခင်ကတည်းက မလုပ်ပါဘူးလို့ လက်မှတ်ထိုးစရာ အကြောင်း မရှ်ိဘူး။ မခိုးခင်ကတည်းက မခိုးပါဘူးလို့ လက်မှတ်ထိုးစရာ အကြောင်း မရှိဘူး။ ခိုးရင် ပြစ်မှုမြောက်မှာပေါ့”ဟု ၎င်းက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲ ကော်မရှင်၏ အကြောင်းကြားစာနှင့် ပြည်ထဲရေး လက်အောက်ရှိ အဖွဲ့အစည်းများက CRPH ၊ NUG ၊ PDF တို့နှင့် ဆက်စပ်ပတ်သက်မှု မရှိကြောင်း လာရောက် လက်မှတ်ရေးထိုးစေသည့် စာများတွင် လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရပ်တည်ခွင့် မရှိသောဆိုသည့် စကားလုံး အပေါ်တွင်လည်း အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့် မရှိကြောင်း သတ် မှတ်ပြီးပါက ၎င်းတို့အနေဖြင့် CRPH ဖြစ်စေ၊ NUG ဖြစ်စေ ဆက်စပ် ပတ်သက်ခွင့်ရှိကြောင်း၊ မကြိုက်ပါက အခြားသော ဥပဒေများဖြင့် အရေးယူနိုင်ကြောင်း SNLD ပါတီမှ ဦးစိုင်းလိတ်က ပြောသည်။
“အခုတော့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်လည်း အသိအမှတ် မပြုချင်ဘူး။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့လည်း ထပ်မံပြီးတော့ ကန့်သတ်ချုပ်ချယ်ချင်တဲ့ အနေအထားမျိုး ပေါ်ပေါက်နေတယ်ဆိုတော့ ဒါက လမ်းကြောင်းနှစ်ခု လွဲနေ တယ်လို့ မြင်ပါတယ်”ဟု ၎င်းက ပြောသည်။
ANP ပါတီမှ ဦးဖေသန်းကမူ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များသည် တရားဝင် ခန့် အပ်ခံရသည့် အဆင့် မဟုတ်သေးဘဲ ကော်မရှင် ဥက္ကဌ၏ အသိအမှတ်ပြု လက်မှတ် ရရှိသည့် အဆင့်တွင်သာ ရှိခဲ့ ကြောင်း ပြောသည်။
NLD ပါတီမှ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်သူ ဒေါ်အေးမြမြမျိုးက“လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရပ် တည်ခွင့်ရှိ၊ မရှိ ပြည်သူက ဆုံးဖြတ်ရမှာပါ။ ပြည်သူမဲနဲ့သာ ဆုံးဖြတ်ရမှာပါ။ အရည်အချင်း ပျက်ယွင်းရင် ပြည်သူ့ဆန္ဒမဲ နဲ့သာဖြုတ်ချနိုင်ရမှာပါ။ တရားမဝင် အာဏာသိမ်းထားတဲ့ ပြည်သူကို နှိပ်စက်ညှင်းပမ်းနေသူတွေ ထုတ်တဲ့စာကို အရေးစိုက်စရာကို မလိုပါဘူး”ဟု ပြောသည်။
လက်ရှိအချိန်တွင် ရွေးကောက်ပွဲ ကော်မရှင်ထံမှ ပြည်ထဲရေး ဝန်ကြီးဌာနသို့ နိုင်ငံရေးပါတီများကို စိစစ်ပေးရန် အကြောင်း ကြားထားမှုကြောင့် ပြည်ထဲရေး လက်အောက်ရှိ ရဲတပ်ဖွဲ့က နိုင်ငံရေးပါတီရုံးခန်းများကို ဝင်ရောက် စစ်ဆေးလျက်ရှိသည်။
စစ်ဆေးရာတွင် CRPH ၊ NUG တို့နှင့် ဆက်စပ်မှု ရှိ၊ မရှိ၊ ပါတီများ၏ ပိုင်ဆိုင်မှု၊ ပါတီဝင် အင်အားနှင့် နိုင်ငံတကာ အဆက် အသွယ်များနှင့် ပတ်သက်ပြီး အဓိက စုံစမ်းမေးမြန်းလျက်ရှိကြောင်း သိရသည်။
SNLD ပါတီမှ ဦးစိုင်းလိတ်က“ကော်မရှင်က ကော်မရှင်ရဲ့ အလုပ်ကို လုပ်ရမယ်။ ပြည်ထဲရေးက ပြည်ထဲရေး အလုပ်ကို လုပ်ရမှာပေါ့နော်။ အဲဒီနှစ်ခုက ကွဲကွဲပြားပြား ခြားခြားနားနား ရှိမနေတဲ့အခါကျတော့ နိုင်ငံရေးပါတီတွေအတွက် တော် တော်လေးကို အကျပ်ရိုက်ပါတယ်။ လက်သင့်ခံနိုင်စရာ အကြောင်းလည်း မရှိဘူးဆိုတဲ့ အနေအထားမျိုးလို့ ပြောချင်ပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး
ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို
NLD အမတ်တချို့ကို ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြင့် တံဆိပ်ကပ်ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း