သတင်း

CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက် ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် အဓိကကျသူ တဦး ဖြစ်သည့် ဒေါက်တာ ထားထားလင်းနှင့် CDM ဆရာဝန်အချို့အား အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နှင့် ဆက်သွယ်ဟု ဆိုကာ နိုင်ငံတော်ပုန်ကန်မှုကြီး ပုဒ်မ ၁၂၄ ဖြင့် အရေးယူမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ ကြေညာသည်။

ယနေ့ထုတ် စစ်ကောင်စီ လက်အောက်ခံ သတင်းစာတွင် NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ဆက်သွယ်ပြီး Public Health Team အဖြစ် ဆောင်ရွက်နေ ဟုဆိုကာ ဒေါက်တာ ထားထားလင်း အပါအဝင် ဆရာဝန်၂၇ ဦး၏ အမည်၊ ရာထူးနှင့် ဓာတ်ပုံများဖော်ပြခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တို့ဖြင့် အရေးယူမည် ဖြစ်ကြောင်းလည်း ကြေညာထားသည်။

NLD အစိုးရလက်ထက် ကိုဗစ်ကာကွယ် ဆေးထိုးလုပ်ငန်းစဉ်တွင် အဓိက တာဝန်ခံဖြစ်ခဲ့သူ ဒေါက်တာထားထားလင်းသည် အာဏာသိမ်းပြီး နောက် ကိုဗစ် ရန်ပုံငွေများအား စစ်တပ်က သိမ်းယူနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသူဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကတည်းက CDM ပါဝင်၍ တိမ်းရှောင်နေရာမှ ဇွန်လ ၁၀ ရက် ညနေပိုင်းတွင် ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်တွင် ဖမ်းဆီးခံခဲ့ရသည်။

ဒေါက်တာ ထားထားလင်း အနေဖြင့် ဖမ်းဆီးခံရပြီးနောက် ၎င်း၏ ခင်ပွန်းနှင့် ကလေး နှစ်ဦးမှာလည်း ည ၇ နာရီခန့်တွင် နေအိမ်၌ ဖမ်းဆီးခံခဲ့ရပြီး နေအိမ်မှ ပစ္စည်း အချို့လည်း ရှာဖွေ သိမ်းဆည်းခံရကြောင်း သိရသည်။

“ကာကွယ်ဆေးထိုး လုပ်ငန်းကို ကျမတို့ နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက် ရောက်သွားစေမယ့် လက်နက်အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး။ ကျေးဇူးပြုပြီး စစ်အာဏာရှင်များရဲ့ ရက်စက်မှု၊ ဉာဏ်မရှိမှုနဲ့ ကျမတို့နိုင်ငံကို လုယူသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ပြည်သူတွေကို နှိပ်စက်နေမှုတွေကို တကမ္ဘာလုံးကို အသိ ပေးကြပါ။ ဒါဟာ လက်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ၊ မမေ့ပစ်နိုင်စရာပါပဲ” ဟု အာဏာသိမ်းပြီးနောက် ဒေါ်ထားထားလင်းက ရေးသားခဲ့ပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

CDM ကျန်းမာရေး ဝန်ထမ်းများကို NUG နှင့် ဆက်နွယ်နေသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်

၎င်းအပေါ် စစ်ကောင်စီ၏ စွပ်စွဲလာမှုများနှင့် ပတ်သက်ပြီး ဒေါက်တာ ထားထားလင်းဘက်က ဖေဖော်ဝါရီလကတည်းက ကြိုတင်ခန့်မှန်းထားခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရာတွင် အကျိုးအမြတ်ရယူကာ အလွဲသုံးစားလုပ်ခြင်း၊ ကာကွယ် ဆေးဝယ်ရေးရန်ပုံငွေများအား အလွဲသုံးစားလုပ်ခြင်း တို့ဖြင့် စွပ်စွဲလာနိုင်ကြောင်း မိတ်ဆွေများထံ တယ်လီဖုန်းမက်ဆေ့က တဆင့် ပြောထားခဲ့သည်။

ယင်းနောက် စစ်ကောင်စီ အနေဖြင့် ဒေါက်တာ ထားထားလင်းအား တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၁ ဒဿမ ၁၉၈ သန်းအား စာရင်းမရှင်းဘဲ CDM လုပ်သည်ဟု စွပ်စွဲကာ ဖေဖော်ဝါရီ၂၀ ရက်ကတည်းက ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခဲ့သည်။

ဒေါက်တာ ထားထားလင်းကဲ့သို့ပင် NUG အစိုးရ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနှင့် ဆက်သွယ်ရာတွင် ပါဝင်ခဲ့သည်ဟု ဆိုကာ စစ်ကောင်စီက ဖော်ပြထားသည့် ဆရာဝန်များထဲက ဒေါက်တာ မောင်မောင်ငြိမ်းထွန်း (ခွဲစိတ်ကုပညာကထိက၊ မန္တလေးဆေး တက္ကသိုလ်) နှင့် ဇနီးဖြစ်သူ ဒေါက်တာ ဆွေဇင်ဦး(အထူးကုဆရာဝန်၊ မန္တလေးပြည်သူ့ဆေးရုံကြီး) တို့မှာလည်း ဇွန်လ ၁၃ ရက်က မန္တလေး၊ မဟာအောင်မြေမြို့နယ်တွင် အဖမ်းခံလိုက်ရသည်။

ယင်းသို့ အရေးယူမှုအား ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက် ဆက်တိုက် ထုတ်ပြန်ခဲ့သည့် စစ်ကောင်စီ လက်အောက်ခံ သတင်းစာ ထုတ်ပြန်ချက်တွင် နာမည်နှင့် လူ မှားယွင်းဖော်ပြထားသည့်အတွက် နာမည်တခုတည်းနှင့် လူနှစ်ဦး ရှောင်တိမ်းနေရကြောင်းလည်း ဆရာဝန်အသိုင်းအဝန်း၏ အဆိုအရ သိရသည်။

စစ်ကောင်စီ အနေဖြင့် ဆရာဝန်များအား ပုဒ်မ အမျိုးမျိုးတပ်ကာ မျက်နှာများ ကွယ်ဝှက်ပေးခြင်း မရှိဘဲ တရားခံအနေဖြင့် စကားလုံးမျိုးစုံသုံးကာ လူသား ဂုဏ်သိက္ခာ၊ တန်ဖိုးများ ကျဆင်းစေရန် ပြုလုပ်နေမှုအား လုံးဝ လက်မခံဘဲ မတရားသဖြင့် လုပ်ဆောင်နေသည့် အာဏာရှင်ပြုတ်ကျရေး နောက်ဆုတ်သွားမည် မဟုတ်ကြောင်း CDM ပါဝင်ပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခံထားရသည့် ဆရာဝန်တဦးက ပြောသည်။

“ကျမတို့က NLD ကို ကာကွယ်နေတာ မဟုတ်ဘူး။ ကျမတို့ အားလုံးက လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီးတော့ မတရား သဖြင့် သတ်ဖြတ်နေတဲ့ကိစ္စကို လုံးဝမှ လက်ခံလို့မှ မရတာ။ လူသား အခွင့်အရေးရအောင် ငြိမ်းငြိမ်းချမ်းချမ်းပဲ ကိုယ့်ရဲ့ဆန္ဒ ကို ဖော်ထုတ်နေတာကိုတောင်မှ လက်မခံတာရယ်၊ ပညာရှင်ကို လုံးဝ လေးစားမှု မရှိတာမျိုးတွေ၊ ဒါကို ကျမတို့က လုံးဝ လက်ခံလို့လည်းမရဘူး။ ကန့်ကွက် ရှုတ်ချတယ်” ဟု ၎င်းက ပြောသည်။

ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာဝန်များသည် အာဏာသိမ်းမှု ဆန့်ကျင်ရေးတွင် ရှေ့တန်းက ပါဝင်ခဲ့သူများ ဖြစ်ပြီး CDM လှုပ်ရှားမှုများအား ဦးဆောင်ခဲ့သည့်အတွက် စစ်ကောင်စီ၏ ပစ်မှတ်ထားခြင်း ခံရကာ ရာနှင့်ချီသည့် ဆရာဝန်၊ သူနာပြုများ သည်လည်း ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရကာ တိမ်းရှောင်နေကြရသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၉၀ ကျော်အတွင်း ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာဝန်များ အကြမ်းဖက် တိုက်ခိုက်ခံရမှု ၁၅၈ ခုရှိခဲ့ပြီး သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရသူ ဒါဇင်နှင့်ချီခဲ့ကြောင်း မေလ ၅ ရက်က ကုလသမဂ္ဂအနေဖြင့်ထုတ်ပြန်ခဲ့ပြီး CDM ကျန်းမာရေး ဝန်ထမ်း ၁၃၉ ဦးမှာလည်း တရား စွဲဆိုခံထားရသည့်အတွက် ပြန်လွှတ်ရန် တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Andrew Kirkwood က ပြောထားသည်။

You may also like these stories:

NLD အမတ်တချို့ကို ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြင့် တံဆိပ်ကပ်ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း

စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading