အာဏာသိမ်းမှုကို ရှုတ်ချ၊ အာဆီယံသဘောတူညီချက်ကို ထောက်ခံ ဟု G7 ခေါင်းဆောင်များပြော
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုကို ရှုတ်ချပြီး မြန်မာ့အရေး ဖြေရှင်းရန် အာဆီယံအဖွဲ့အတွင်း သဘောတူထား သည့် သဘောတူညီချက် ၅ ချက်ကို ထောက်ခံကြောင်း စက်မှုထိပ်သီး ၇ နိုင်ငံ (G7) ခေါင်းဆောင်များက ကြေညာချက် ထုတ် ပြန်သည်။
ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်း ကျေးလက်ဒေသ Cornwall က Carbis ကမ်းခြေတွင် ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ ၃ ရက်တာ ကျင်းပခဲ့သော G7 ထိပ်သီး အစည်းအဝေးအပြီး ဇွန်လ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ခြင်း ဖြစ် ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် ANI သတင်းအရ သိရသည်။
G7 အဖွဲ့ဝင် နိုင်ငံ့ခေါင်းဆောင်များ၏ ကြေညာချက်တွင် မြန်မာစစ်အာဏာသိမ်းမှုနှင့် အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြသူ များ အား လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံး နှိမ်နင်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း ပါရှိသည်။
ထုတ်ပြန်ချက်တွင် မြန်မာ့အရေးအတွက် အာဆီယံ သဘောတူညီချက် ၅ ချက်ကို ထောက်ခံကြိုဆိုပြီး အဆိုပါ သဘောတူ ညီချက်များ အမြန်ဆုံး အကောင်အထည်ဖော်ရန် တိုက်တွန်းကြောင်း၊ မတရား အဖမ်းခံထားရသူ အားလုံးကို အမြန်ဆုံး ပြန် လွှတ်ပေးရန် တောင်းဆိုကြောင်း ရေးသားထားသည်။
ထို့ပြင် မြန်မာစစ်တပ်ထံ လက်နက်ရောင်းချခြင်းနှင့် အထောက်အကူ ပေးမှုများ မလုပ်ရန် တိုက်တွန်းပြီး မြန်မာနိုင်ငံ တိုး တက်ရေး နောက်ထပ် အရေးယူမှုများ လိုအပ်သလို ညီညွတ်စွာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးခွင့်ပြုရန်တိုက်တွန်းသည် ဟုလည်း G7 ခေါင်း ဆောင်များက ပြောသည်။
G7 အဖွဲ့ဆိုသည်မှာ တရုတ်နှင့် ရုရှား မပါသော ကမာ္ဘပေါ်ရှိ စီးပွားရေးနှင့် စက်မှုအင်အားကြီး နိုင်ငံ ၇ နိုင်ငံဖြစ်သည့် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ UK နှင့် အမေရိကန်နိုင်ငံတို့ ပါဝင် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။
ရုရှားနိုင်ငံသည် ၁၉၉၈ ခုနှစ်တွင် အဖွဲ့အတွင်း ဝင်ရောက်ခဲ့ဖူးသော်လည်း ၂၀၁၄ ခုနှစ်တွင် ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ဒေသ အား သိမ်းပိုက်ခဲ့သဖြင့် အဖွဲ့အတွင်းမှ အထုတ်ခံခဲ့ရသည်။
G7 အဖွဲ့ဝင်နိုင်ငံများရှိ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကမာ္ဘ့အရေးကိစ္စဆိုင်ရာ အစည်းအဝေးများ ကျင်းပပြီး သဘော တူညီချက်များ ချမှတ်ဖော်ဆောင်ကာ ပူးတွဲသဘောထား ကြေညာချက်များလည်း ထုတ်ပြန်လေ့ ရှိသည်။
G7 ခေါင်းဆောင်များနှင့် တရုတ်နိုင်ငံခေါင်းဆောင်များအကြား မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း အပေါ် အာဆီယံ၏ ကြားဝင် ဖြေရှင်းကိုင်တွယ်ရေးနှင့် ပတ်သက်၍ အမြင်သဘောထား တူကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကလည်း မြန်မာ့အရေး အာဆီယံက အပြုသဘောပါဝင်မှုကို ထောက်ခံကြောင်း တရုတ် – အာဆီယံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ချုံကင်းမြို့ ဆွေးနွေးပွဲအပြီးတွင် ပြောကြားသည်။
၎င်းက အာဆီယံ သဘောတူညီချက် ၅ ချက်ဖြစ်သော အကြမ်းဖက်မှုများ ချက်ချင်းရပ်ရေး သက်ဆိုင်ရာ အစုဖွဲ့ အားလုံး အတတ်နိုင်ဆုံး ထိန်းချုပ်ရန်၊ သက်ဆိုင်ရာ အစုအဖွဲ့များကြား အပြုသဘော ညှိနှိုင်းမှုများ စ ရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူး ကိုယ်စားလှယ်က ဆွေးနွေးမှုများတွင် ကြားဝင်ညှိပေးရန်၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ များပေးရန်နှင့် အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံ လာရောက်ပြီး သက်ဆိုင်ရာအစုအဖွဲ့ အားလုံးနှင့်တွေ့ရန် ဟူသည့် အချက် များကို ထောက်ခံသည်ဟု ဆိုသည်။
သို့သော် တရုတ်နိုင်ငံသည် G7 နိုင်ငံများနှင့် အမြင်မတူဘဲ မြန်မာအပေါ်အရေးယူ ပိတ်ဆို့မှုများအား မလိုလားကြောင်း ထုတ်ပြောထားသည်လည်း ရှိသည်။
ဝမ်ယီက မြန်မာ့အရေးတွင် တရုတ်နိုင်ငံသည် တဖက်သတ် ကန့်သတ်အရေးယူမှုနှင့် မသင့်လျော်သော ကြားဝင်မှုများ မဖြစ် စေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာပြည်၏ အခြေအနေသည် တရုတ်နိုင်ငံ အကျိုးစီးပွားနှင့် တိုက်ရိုက် သက်ဆိုင် သဖြင့် တရုတ်နိုင်ငံက မြန်မာ့အရေးတွင် တရုတ်နည်း တရုတ်ဟန်ဖြင့် ကြားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောထားသည်။
မြန်မာနိုင်ငံတွင် ရှိနေသော တရုတ်၏ အကျိုးစီးပွားဆိုသည်မှာ တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) အောက်ရှိ တရုတ်- မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်း (CMEC) များ ဖြစ်သည်။
တစ်ဖက်တွင်လည်း G7 အဖွဲ့ဝင်နိုင်ငံများက တရုတ်၏ BRI စီမံကိန်းကို တန်ပြန်ရန် ဝင်ငွေ အလယ်အလတ်နှင့် ဝင်ငွေနည်း နိုင်ငံများတွင် ရေ၊ မီး၊ လမ်း စသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးမည့် “Build Back Better World” ပိုမို ကောင်းမွန်သည့် ကမာ္ဘကြီး ပြန်လည် ထူထောင်ရေးဆိုသည့် “B3W” စီမံကိန်း လုပ်ဆောင်ရန် ပြင်ဆင်နေသည်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က G7 ဆွေးနွေးပွဲတွင် ကိုဗစ်ကပ်ရောဂါ တိုက်ဖျက်ရေး၊ ကမာ္ဘ့စီးပွားရေး ပြန်လည် နိုးထ စေရေးနှင့် တရုတ်နိုင်ငံ၏ မကောင်းသော အမူအကျင့်များ ပြောင်းလဲရေး ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲအပြီးတွင် သတင်း မီဒီယာများသို့ ပြောထားသည်။
You may also like these stories:
မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်
တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား
လူသားချင်းစာနာမှုကို အာရုံစိုက်ခြင်းက မြန်မာ့အကျပ်အတည်းကို ပိုမိုဆိုးရွား ရှည်ကြာစေနိုင်သည်
လက်နက်ရောင်းသည့် ရုရှားနှင့် စီးပွားရေး ပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စစ်ကောင်စီ ကြိုးပမ်းနေ