နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား အာဏာသိမ်း စစ်ကောင်စီက တရားစွဲ ထားသည့် အမှုများမှ တရားလိုများအား ယနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့ကြောင်း ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောသည်။
ယနေ့ ရုံးချိန်းကို ဇဗ္ဗူသီရိမြို့နယ်၊ ခြံအမှတ် ၁ အတွင်းရှိ သီးသန့်တရားရုံး၌ မနက် ၁၀ နာရီ ၂၀ မိနစ်တွင် စတင်ခဲ့ပြီး ရှေးဦး စွာ သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့်တရားစွဲထားမှုမှ တရားလိုဖြစ်သူ ရဲမှူးမြင့်နိုင်အား စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ဆက် သွယ်ရေး ဥပဒေပုဒ်မ ၆၇နှင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုများမှ တရားလို ရဲမှူးမြင့်နိုင်နှင့် ရဲမှူး ကြည်လင်း တို့အား ဆက်လက် စစ်ဆေးခဲ့သည်။
ဒေါ်မင်းမင်းစိုးက “အမှုအတွက် ခုခံချေပရေးကတော့ အမေ ( ဒေါ်အောင်ဆန်းစုကြည်) တို့နဲ့ တိုင်ပင်ပြီးမှ လုပ်ရတာပါ။ ဘယ်အမှုကို ဘယ်လိုပုံစံ သွားချင်တယ်ဆိုတာက သူတို့ရဲ့ ညွှန်ကြားချက်နဲ့ပဲ သွားရတာဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့ရုံးချိန်တွင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၏ အမှု ပါဝင်ခြင်း မရှိသေးပေ။
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ယနေ့တွေ့ဆုံရာတွင် ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍လည်း ကောင်းမွန်မှု ရှိကြောင်းနှင့် သွားအနည်းငယ် ကိုက်နေသည်ဟုသာ ပြောပြခဲ့ကြောင်းလည်း ၎င်း၏ ရှေ့နေဖြစ်သူက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၇ ရက် ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုခဲ့သည့် ရိက္ခာ၊ ငွေကြေးနှင့် ဆေးဝါးများနှင့် ပတ် သက်ပြီးလည်း ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းကာ ပို့ပေးခဲ့ပြီ ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲဆိုထားမှုများနှင့် ပတ်သက်ပြီး ၆ လအတွင်း အပြီး စစ်ဆေးရန်နှင့် အပတ်စဉ် တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ရုံးထုတ် စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ထားသည်။
မနက်ဖြန် ရုံးချိန်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်အား ဦးထွန်းမြင့်အောင်(ခ) ညီညီ ဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့်အမှုနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာ မျိုးအောင်တို့ ၃ ဦးအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားမှုတို့မှ တရားလိုများအား ဆက်လက် စစ်ဆေးမည် ဖြစ် သည်။
ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးတွင် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါ ၅ ဦးအား စွဲဆိုထားမှုအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ဇွန်လ ၂၃ ရက်၌ ကြားနာစစ်ဆေးမည်ဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်ကလည်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပုဒ်မ ၅၅ ဖြင့် အမှုထပ်ဖွင့်ထားသည့်အပြင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ ဒု မြို့တော်ဝန်ဟောင်း ဦးရဲ မင်းဦးနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဦးမင်းသူ တို့ကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အမှုဖွင့်ထားသေးသည်။
You may also like these stories:
ရိက္ခာနှင့်ဆေးဝါး အကူအညီတောင်းသည့် ဒေါ်အောင်ဆန်းစုကြည် အဂတိမှုဖြင့် ထပ်မံ အမှုဖွင့်ခံရ
နိုင်ငံရေး ပါတီများကို CRPH၊ NUG တို့နှင့် မဆက်သွယ်ဖို့ စစ်ကောင်စီ ဖိအားပေး
NLD အမတ်တချို့ကို ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြင့် တံဆိပ်ကပ်ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း
AA စစ်ဦးစီးချုပ်၏ ညီနှင့်ညီမ အပါအဝင် တရားစွဲခံထားရသူ ၁၀ ဦး ပြန်လွတ်