ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းက ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇွန်လ ၅ ရက်တွင် ဖမ်းဆီးလိုက် သည်ဟု ဆိုသော်လည်း ယနေ့ (ဇွန်လ ၁၅ ရက်) အထိ ၎င်းတို့၏ သတင်းအစအနကို မကြားသိရသေးကြောင်း မိသားစုဝင် များက ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူ ဒေသခံ ၇ ဦးမှာ တောင်ကုတ်မြို့နယ် မိုးပညာဒါန ပရဟိတ သင်တန်းကျောင်းမှဥက္ကဋ္ဌဖြစ်သူ ကိုအောင်ဝင်းနိုင် အပါအဝင် နာယက အဖွဲ့ဝင်များနှင့် သင်တန်းသားများဖြစ်ကာ သံတွဲမြို့သို့ ကားဖြင့် သွားရောက်စဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံ ကိုအောင်ဝင်းနိုင်၏ ဇနီး မတွယ်တာစိုးက ပြောသည်။
မတွယ်တာစိုးက “ကျမတို့ မိသားစုဝင်တွေနဲ့ အခုထိ တွေ့ခွင့်မရဘူး။ ကျမတို့ ဖြစ်စေချင်က တကယ်လို့ ကိုအောင်ဝင်းနိုင် ကားထဲက ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဖောက်ကွဲရေး ပစ္စည်းတွေ တွေ့တယ်ဆိုရင်လည်း ဥပဒေနဲ့အညီပဲ ရဲစခန်းပို့ အမှုဖွင့်ပေါ့။ အခုက ဘာကိစ္စတွေကြောင့် ဖမ်းတယ်ဆိုလည်း မသိရဘူး။ စုံစမ်းလို့လည်း မရဘူး အဲဒီလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံထားရသူ ကိုအောင်ဝင်းနိုင်၏ အမျိုးသမီး မတွယ်တာစိုးက ၎င်း၏ အမျိုးသား အပါအဝင် သင်တန်းကျောင်းမှ ဒေသ ခံ ၇ ဦးကို တောင်ကုတ် အခြေစိုက် ခမရ ၃၄၆ တပ်ရင်းမှ ဖမ်းဆီးသွားကို သိရှိကြောင်း မျက်မြင်တွေ့လိုက်ရသည့် ကျေးရွာ သားများ၏ ပြောဆိုချက်ကို ပြန်လည် ပြောပြသည်။
သို့သော်လည်း ဇွန်လ ၁၂ ရက်က ခမရ ၃၄၆ တပ်ရင်းသို့ မိသားစုဝင်များ သွားရောက်စုံစမ်း မေးမြန်းသော်လည်း ၎င်းတို့ ဖမ်း ဆီးထားခြင်း မရှိကြောင်း ငြင်းဆိုသည့်အတွက် ယင်းနေ့တွင်း တောင်ကုတ်မြို့မ ရဲစခန်းတွင် လူပျောက်အနေဖြင့် တိုင်ချက် ဖွင့်ခဲ့ရကြောင်း မတွယ်တာစိုးက ပြောသည်။
ဖမ်းဆီးခံရသူများ၏ မိသားစုနှင့် စစ်တပ်နှင့် နီးစပ်သူများက ၎င်းတို့ ၇ ဦးမှာ စစ်တပ်ထဲတွင် ဖမ်းဆီးထားသည်ကို စုံစမ်းသိရှိ ရကြောင်း ပြောဆိုနေကြသည်။
မိုးသင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင်ကျော်အကွာ မိုးတောင်ရွာတွင်တည်ရှိပြီး ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက စတင်တည်ထောင်ကာ ယခုလ ဇွန်လ ၂ ရက်နေ့တွင် သင်တန်း စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ သင်တန်းတွင် ကွန်ပြူတာ၊ အခြေခံ အင်္ဂလိပ်စကားပြော၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေးပညာများကို သင်ကြားပို့ချပေးကြောင်းလည်း နာယက အဖွဲ့ဝင် ဖြစ်သူ ကိုနေလင်းအောင်က ပြောသည်။
ကိုနေလင်းအောင်က “ကျနော်တို့ ကျောင်းရဲ့ ဥက္ကဋ္ဌ တယောက်ကို ဒီလိုမျိုး ဖမ်းထားတယ်ဆိုတော့ စိတ်ထဲ မကောင်းဘူး။ ဖမ်းတယ်ဆိုတာတောင် တာဝန်ခံမယ့်သူလည်း မရှိဘူး။ ကျနော်တို့ ရဲစခန်းကို သွားစုံစမ်းရင်လည်း ရဲစခန်းကို မရောက်ဘူးလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တောင်ကုတ်မြို့မ ရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းဆက်သွယ်၍ မရှိခဲ့သလို ရခိုင် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။
You may also like these stories:
တောင်ကုတ်မြို့ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ အပါအဝင် ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား
AA နှင့် ပတ်သက်၍ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုထားမှုများ ရုပ်သိမ်းလွှာတင်ထား
မြန်မာ – ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ၂ လတာအတွင်း ကန်ဒေါ်လာ ၄ သန်းကျော် ရှိ