မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိ ယွန်းလျှပ်စစ်ပစ္စည်းဆိုင်မှ စစ်တပ်သတင်းပေး ဒလန်အမျိုးသမီး ဆိုသူ အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရသည့် အသက် ၃၇ နှစ်အရွယ် အမျိုးသား ၁ ဦး စစ် ကြောရေးတွင် ညတွင်းချင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယွန်းလျှပ်စစ်ပစ္စည်းဆိုင်အတွင်း ဆိုင်ပိုင်ရှင် မနှင်းဆိုသူအား ဇွန် ၁၃ ရက်၊ နေ့လယ်ပိုင်းတွင် ဆိုင်ကယ် ဦးထုပ်ဆောင်း ထားသည့် လူငယ် ၂ ဦးက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယင်းနေ့ ည ၈ နာရီခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တောင်သာမြို့အနီးရှိ ရွာများအား ဝင်ရောက်ရှာဖွေခဲ့ပြီး အင်းတဲကျေးရွာမှ ဒေသခံ ၄ ဦးကို ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။
ထို့နောက် ဇွန် ၁၄ ရက် နေ့လယ်ပိုင်းတွင် အဆိုပါ ဖမ်းဆီးခံရသူများထဲမှ တဦးဖြစ်သည့် အသက် ၃၇ နှစ်အရွယ် ဦးမျိုးမြင့် သန်း သေဆုံးသွားပြီ ဖြစ်ကြောင်း အင်းတဲရွာရှိ ဆရာတော် ၁ ပါးနှင့် ၎င်း၏ မိသားစုထံ အလောင်းလာယူရန် စစ်တပ်က အကြောင်းကြားခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။
၎င်းက “အင်းတဲရွာဘက်က အမျိုးသား ၁ ဦးကို ဖမ်းဆီးလာတယ်။ စစ်ကြောရေးမှာ မေးရင်းနဲ့ ဒီအမျိုးသားက ဒလန်ကို လုပ်ကြံတဲ့ထဲမှာ ပါတယ်ဆိုပြီး ဝန်ခံသွားတယ်လို့ ပြောတယ်။ မနက်ကျတော့ ဆရာတော်တပါးရယ် သူ့ရဲ့မိဘတွေရယ်ကို လာပြီးတော့ ပြောတယ်။ စစ်ကြောရေးမှာတင် အသက်ဆုံရှုံးသွားတယ်။ အလောင်းလာယူဖို့ ကိစ္စကို ပြောတယ်” ဟု ဆို သည်။
သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအား တောင်သာဆေးရုံရှိ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပြီးနောက် ဇွန် ၁၄ ရက်၊ ညနေပိုင်း တွင် တောင်သာမြို့သုဿန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် အပစ်ခံရသူ ယွန်းလျှပ်စစ်ပစ္စည်းဆိုင်မှ စစ်တပ်သတင်းပေးဆိုသည့် အမျိုးသမီးမှာ ဝမ်းဗိုက်ရှပ်ထိမှန်သည့် ဒဏ်ရာ ရရှိခဲ့ပြီး တောင်သာဆေးရုံမှတဆင့် မိတ္ထီလာဆေးရုံ၊ ထို့နောက် နေပြည်တော်ဆေးရုံသို့ ရောက်ရှိ ဆေးကုသမှု ခံယူလျက် ရှိကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်ထိ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ပြင်းထန် သည့် ညှဉ်းပန်းနှိပ်စက်မှုများကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသူ ၂၂ ဦး ရှိကာ ထိုအထဲမှ ၃ ဦးမှာ မိသားစုက အလောင်း ပြန် ယူခွင့် မရခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
အဆိုပါ သေဆုံးသူ ၂၂ ဦးတွင် ၁၃ ဦးမှာ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူများဖြစ်ပြီး ၄ ဦးမှာ ၂ ရက်အတွင်း၊ ကျန် ၄ ဦးမှာ ရက်သတ္တပတ်အတွင်းနှင့် ကျန် ၁ ဦးမှာ ရက်သတ္တနှစ်ပတ်အတွင်း သေဆုံးခဲ့ရသည်ဟု ဆိုသည်။
ထိုကဲ့သို့ အသက်သေသည်အထိ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခြင်းသည် အကြမ်းဖက် လုပ်ရပ်မျှသာ မဟုတ်ဘဲ လူမဆန် စွာ ပြုမူခြင်း၏ အထွတ်အထိပ်ပင် ဖြစ်ကြောင်း၊ ထို့ပြင် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုနှင့် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများ၏ လုပ်ဆောင်လေ့ရှိသော နည်းနာတခုပင် ဖြစ်ကြောင်း AAPP က ပြောဆိုထားသည်။
You may also like these stories:
ဝေါလေဒေသမှ ဖမ်းဆီးထားသူများထဲက တချို့ကို ပစ်သတ်ခဲ့ကြောင်း KNDO ပြော
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
လူထုကို ထိတာ ကျနော်တို့ကို ထိတာနဲ့ အတူတူပါပဲ