သတင်း

ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင်နေသည့် အရပ်သားများ၏ နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံထားရကြောင်း သိရသည်။

ငွေတောင်ကျေးရွာသည် ဒီးမော့ဆိုမြို့နှင့် လွိုင်ကော်မြို့သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီး နံဘေးရှိ ကျေးရွာကြီးဖြစ်ပြီး အဆိုပါရွာအနီး၌ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၄၂၇ နှင့် ခြေလျင်တပ်ရင်း ခလရ ၁၀၂ တို့ အခြေစိုက် လှုပ်ရှား သည်။

မေ ၂၁ ရက်မှ ဇွန် ၁၂ ရက်အထိ ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီကြား တိုက်ပွဲများကြောင့် အရပ်သားများက စစ်ဘေးရှောင်နေကြရရာ ကျန်နေခဲ့သည့် နေအိမ်များနှင့် ဆိုင်ခန်းများ ထိုသို့ ဖောက်ထွင်းဖျက်ဆီးခံရခြင်း ဖြစ်သည်။

စစ်ဘေးရှောင်နေစဉ် နေအိမ်များနှင့် ဆိုင်များ ဖျက်ဆီးခံရသည့် ဒေသခံများသည် ၎င်းတို့ မျက်မြင်တွေ့လိုက်ခြင်း မရှိသဖြင့် ပစ္စည်းများအား မည်သူက ဖျက်ဆီးသွားခြင်းကို မသိကြောင်း ပြောဆိုကြသော်လည်း ဒေသခံအချို့က တိုက်ပွဲဖြစ်နေစဉ် ကာလအတွင်း စစ်ကောင်စီတပ်များက ငွေတောင်ကျေးရွာတွင် တပ်စွဲခဲ့သည်ဟု ဧရာဝတီကို ပြောသည်။

ငွေတောင်ကျေးရွာမှ အိမ်ဖောက်ထွင်းခံရသူ တဦးက “ကျမတို့က လမ်းမတန်းလည်း ဖြစ်တယ်ဆိုတော့ ပစ်ကြခတ်ကြနဲ့ ကိုယ့်အိမ်ထဲ ကျည်ကျရင် ထိခိုက်မယ်လေဆိုပြီး ဒီနားက အကုန်လုံး နီးစပ်ရာတွေနဲ့ လွိုင်ကော်မြို့ဘက်ကို ပြောင်းနေ ကြတာ။ ရှောင်နေကြတာပေါ့။ အခြေအနေတွေ ငြိမ်တော့ တနေ့က ပြန်လာကြည့်တာ အကုန်ဖောက်ထွင်း ရိုက်ခွဲခံထားရ တာ။ ဆိုင်တွေဆိုလည်း ဖုန်းအသစ်တွေ၊ လျှပ်စစ်ပစ္စည်းတွေ အကုန်ကို ပါသွားတာ။ အကုန်ကို ရစရာမရှိအောင် လုပ် သွားတာ” ဟု ပြောသည်။

ငွေတောင်ကျေးရွာ ဒေသခံများသည် နေအိမ်နှင့် ဆိုင်ခန်းများကို သော့ခတ်ပြီး ပိတ်ထားခဲ့ခြင်းသော်လည်း အခိုင်အမာ ကာရံထားသည့် အိမ်၊ ခြံဝင်းနှင့် ဆိုင်ခန်းများ၏ သံပန်းတံခါးများ၊ ဘာဂျာတံခါးများအား ဖျက်ဆီးကာ ပစ္စည်းများကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံများ၏ ပြောဆိုချက်အရ ငွေတောင်ကျေးရွာတွင် ထိုကဲ့သို့ မွှေနှောက်ဖျက်ဆီးခြင်း ခံထားရသည့် အိမ်ခြေ ၂၀ ခန့် ရှိသည်ဟု သိရသည်။

ဒေသခံတဦးကလည်း “အခြေအနေက ငြိမ်နေတာ ၃ ရက်လောက် ရှိပြီဆိုတော့ ကိုယ့်အိမ်ကိုယ် ပြန်လာကြတာ။ အဲဒီမှာ မွှေခံထားရတာ တွေ့တာပဲ။ ဆိုင်မဟုတ်တဲ့ အိမ်တွေလည်း အကုန်မွှေနှောက်ခံရတာ။ ကုန်ကုန်ပြောမယ်ဗျာ အဝတ်ဗီရို ထဲက အဝတ်၊ ပန်းကန်စင်ထဲက ပန်းကန်တောင် မချန် အကုန်ရိုက်ခွဲ ဆွဲချခဲ့တာ။ ရေခဲသေတ္တာတွေလည်း ဖျက်ဆီးခဲ့ တယ်။ ကျနော့်အစ်ကို အိမ်မှာဆို TV အလုံးလိုက် ပျောက်သွားတယ်” ဟု ပြောဆိုသည်။

ငွေတောင်ကျေးရွာအုပ်စုအတွင်း ဖုန်းဆိုင်ဖွင့်ထားသည့် ပိုင်ရှင်တဦးကလည်း ၎င်း၏ဆိုင် သံဘာဂျာတံခါးကို ဖျက်ဆီးကာ ဆိုင်အတွင်းရှိ ဖုန်းများကို ယူဆောင်သွားကြောင်းနှင့် ဆိုင်တွင်း ပျက်စီးသွားပုံများကို ဓါတ်ပုံများရိုက်ပြီး လူမှုကွန်ရက် စာ မျက်နှာပေါ် တင်ထားသည်။

အဆိုပါ ဖုန်းဆိုင်ပိုင်ရှင်၏ ဆိုင်အတွင်း အပျက်အစီးများတွင် မီးခံသေတ္တာကိုပါ ဖျက်ဆီးဖောက်ထွင်းထားသည့် ဓါတ်ပုံမှတ် တမ်းကို တွေ့ရသည်။

လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေစဉ်အတွင်း အရပ်သားများပိုင်ဆိုင်သည့် ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ယူဆောင်ခြင်းသည် စစ်သည်တော်ကျင့်ဝတ်ကို ချိုးဖောက်သည့်လုပ်ရပ် ဖြစ်သည်။

စစ်ကောင်စီ၏ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်မှုဆိုင်ရာ ထိတွေ့တိုက်ခိုက်ရေး စည်းမျဉ်းများ ထဲတွင် တိုက်ပွဲဖြစ်ပွားနေစဉ် ကာလအတွင်း အရပ်သားများ ပိုင်ဆိုင်သည့် ပစ္စည်းများကို ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ မပြုလုပ်ရန် ပါရှိသည်။

ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းခံရ (ခရက်ဒစ် – CJ)

ထို့အတူ KNDF နှင့် PDF ဘက်တို့တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ် ထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၌ အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရန်၊ အရပ်သားပြည်သူပိုင် ဥစ္စာပစ္စည်းများကို ထိပါးခြင်း မပြုလုပ်ရန် ပါရှိသည်။

KNDF ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက တိုက်ပွဲဖြစ်နေစဉ် ကာလအတွင်း ငွေတောင်ကျေးရွာတွင် တပ်စွဲထားသည် မှာ စစ်ကောင်စီတပ်များသာ ဖြစ်သည်ဟု ပြောဆိုသည်။

၎င်းက “ငွေတောင်မှာ စကစဘက်က တပ်စွဲတာပါ။ ငွေတောင်မှာ တိုက်ပွဲကြီးဖြစ်တုန်းက ဒီးမော့ဆိုမှာရှိတဲ့ စစ်ကောင်စီ တပ်ရင်းတွေက သူတို့ စားစရာ မရှိတော့လို့ တချို့ဖောက်တယ်။ တချို့က ဖောက်ပြီး မီးရှို့ဖျက်ဆီးတယ်။ ဒါက ကျနော်တို့ ဟိုးအရင်တည်းက မြင်တွေ့ခဲ့ပါတယ်။ ကြားသိခဲ့ပါတယ်။ နယ်ခံတွေ အသိဆုံးပါ” ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း KNDF၊ PDF နှင့် စစ်ကောင်စီတပ်များကြား တိုက်ခိုက်မှုများ ဖြစ်နေစဉ် KNDF နှင့် PDF တို့ သည် ဒေါ့ငံခါးရပ်ကွက် အပါအဝင် မြို့၏အနောက်ခြမ်းတွင် လှုပ်ရှားခဲ့သည်။

စစ်ကောင်စီတပ်များက ဒေါ့ငံခါးရပ်ကွက်၊ မြို့၏အရှေ့ဘက်ခြမ်း အပါအဝင် ဒီးမော့ဆိုမြို့မှ လွိုင်ကော်မြို့သို့ ဆက်သွယ်ထား သည့် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ငွေတောင်ကျေးရွာအုပ်စု၊ စံပြ ၆ မိုင်ကျေးရွာအုပ်စုတို့တွင် တပ်စွဲခဲ့သလို ယခုအချိန် ထိလည်း ငွေတောင်ကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့များ ရှိနေဆဲ ဖြစ်သည်။

စံပြ ၆ မိုင်ကျေးရွာအုပ်စု အတွင်းရှိ ဆောက်လက်စ ကက်သလစ်ဘုရားကျောင်းဝန်း အတွင်း၌လည်း စစ်ကောင်စီတပ်များ က တပ်စွဲထားသည်။

PDF တပ်ဖွဲ့ဝင်များ ရှိနေသည့် ဒီးမော့ဆိုမြို့နယ်၊ ဒေါ့ငံခါးရပ်ကွက်အတွင်း စစ်ကောင်စီတပ်များက ဝင်ရောက်ရန်၊ အရပ် သားအချို့ကို ဖမ်းဆီးရန် ကြိုးစားရာမှ နှစ်ဖက်တင်းမာပြီး မေ ၂၁ ရက်မှ စတင်ကာ မြို့တွင်းပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ထိုကဲ့သို့ ပစ်ခတ်မှုများကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးခဲ့ရပြီး စစ်ကောင်စီဘက်က KNDF၊ PDF တို့ လှုပ်ရှား နေ သည်ဟု ယူဆသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ဒေါ့ငံခါးရပ်ကွက်အတွင်းမှ နေအိမ် ၂၀ ထက်မနည်း ပြိုကျပျက်ဆီးခဲ့ရုံသာမက ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နေအိမ်တချို့ကိုလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ အပျက်အစီးများနှင့် ပတ်သက်၍ ဒေသခံများက ၎င်းတို့ ကိုယ်တိုင်မြင်တွေ့ခြင်း၊ စစ်ကောင်စီဘက်က ပစ်ခတ် မီးရှို့သွားသည်ကို ဓါတ်ပုံမှတ်တမ်းများ ရရှိခြင်းတို့အရ ဧရာဝတီက အတည်ပြုထားခြင်း ဖြစ်သည်။

ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းခံရ (ခရက်ဒစ် – CJ)

ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့ကလည်း ချင်းပြည်နယ်၊ မင်းတပ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီကြား တိုက် ပွဲများ ပြင်းထန်နေသောကြောင့် စစ်ဘေးရှောင်နေရသည့် အရပ်သားများ၏ နေအိမ်များအား စစ်ကောင်စီတပ်က ဖောက် ထွင်းဖျက်ဆီးပြီး ပစ္စည်းများ ယူဆောင်သွားခဲ့သည့် ဖြစ်ရပ်များလည်း ရှိသည်။

ဒီးမော့ဆိုတွင် ဇွန် ၁၃ ရက်မှစ၍ ယနေ့အချိန်ထိ ပစ်ခတ်မှုများမရှိဘဲ အခြေအနေ တည်ငြိမ်နေသဖြင့် စစ်ဘေးရှောင်နေ သည့် အရပ်သားတချို့က မိမိနေရပ်သို့ ပြန်လာကာ နေအိမ်များကို ပြန်လာစစ်ဆေးခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

တိုက်ခိုက်မှုများ ငြိမ်သက်နေသော်လည်း နှစ်ဖက်တပ်များကြား စစ်ရေးလှုပ်ရှားမှုများက ရှိနေဆဲဖြစ်ရာ အချိန်မရွေး မြို့ တွင်းတိုက်ခိုက်မှုများ ပြန်ဖြစ်နိုင်သည်ဟု KNDF က သတိပေး ပြောဆိုသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေပြီး ကယားပြည်နယ်တွင်းသို့ ရှမ်းပြည် နယ် တောင်ပိုင်းနှင့် တောင်ငူမြို့ဘက်မှ စစ်ကူပို့လွှတ်လိုက်သည့် စစ်အင်အား ၂၀၀ နှင့် အထက်သည် ဒီးမော့ဆိုမြို့နယ် သို့ ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိတွင် ဆင်မတောင်၌ တပ်စွဲထားသည်။

You may also like these stories:

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ဒီးမော့ဆိုမြို့ကို ထိန်းချုပ်နိုင်ရေး အာဏာသိမ်းတပ် ကြိုးပမ်း

အလောင်း မကောက်နိုင်တော့သည်အထိ စစ်တပ် အခြေအနေဆိုး

ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading