သတင်း

ILO ၏ အုပ်ချုပ်ရေးအဖွဲ့တွင် အလုပ်သမားအစုအဖွဲ့အတွက် မြန်မာနိုင်ငံမှ ရွေးချယ်ခံရ

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body) ၂၀၂၁-၂၀၂၄ ခုနှစ် သက်တမ်းအတွက် အလုပ်သမား အစုအဖွဲ့ ကိုယ်စားပြု၍ Deputy Member အဖြစ် မြန်မာနိုင်ငံမှ အရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ILO အုပ်ချုပ်ရေးအဖွဲ့၏ သုံးနှစ် သက်တမ်းအတွက် အလုပ်သမား ကိုယ်စားလှယ် အစုအဖွဲ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး အရွေးခံရခြင်း ဖြစ်သည်။

ဒေါ်ဖြိုးစန္ဒာစိုးက “သာမန်အားဖြင့် နားလည်ရမယ်ဆိုရင် အလုပ်အမှုဆောင်အဖွဲ့ သဘောမျိုးပါပဲ။ အဲဒီ အလုပ်အမှုဆောင်အဖွဲ့မှာ Deputy Member ဒုတိယ ကိုယ်စားလှယ်အနေနဲ့ အရွေးချယ်ခံရပါတယ်ပေါ့နော်။ အဲဒီမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့် ဆိုင်ရှိပါတယ်။ ဒီအုပ်ချုပ်မှုအဖွဲ့ Governing Body မှာ သုံးပွင့်ဆိုင် ရှိတဲ့အထဲမှာ အလုပ်သမား ကိုယ်စားလှယ်အဖြစ် ရွေး ချယ်ခံရတာပါ” ဟု ပြောသည်။

ILO ၏ အုပ်ချုပ်ရေးအဖွဲ့တွင် အလုပ်သမား ကိုယ်စားလှယ် ၁၄ ဦး အပါအဝင် ကိုယ်စားလှယ် ၅၆ ဦး၊ အလုပ်သမား ကိုယ် စားလှယ် ၁၉ ဦး အပါအဝင် ဒုတိယ ကိုယ်စားလှယ် ၆၆ ဦး ပါဝင်ကြောင်း သိရသည်။

ILO ၏ အုပ်ချုပ်ရေးအဖွဲ့သည် အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ပြီး ILO ၏ စံနှုန်း၊ မူဝါဒများကို အဖွဲ့ဝင်နိုင်ငံအသီးသီးက လေးစားလိုက်နာရန်အတွက် လိုအပ်သည့် အရေးယူခြင်းနှင့် ဆုံး ဖြတ်ချက်များကို ချမှတ်ပေးခြင်းများကို တာဝန်ယူရကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးအဖွဲ့တွင် ကိုယ်စားလှယ်တဦးအနေဖြင့် ပါဝင်ခြင်းနှင့်ပတ်သက်ပြီး စစ်အာဏာသိမ်းခံရမှုနှင့် ရင်ဆိုင် နေရသော မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ပိုမိုထိထိရောက်ရောက် လုပ်ကိုင်နိုင်မည်ဟု ယူဆကြောင်း ဒေါ်ဖြိုးစန္ဒာ စိုးက ပြောသည်။

“ပါဝင်ခွင့်ရခြင်းအားဖြင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ အလုပ်သမားရေးရာ ကိစ္စတွေကို ကျမတို့သည် ထဲထဲဝင်ဝင် စကားပိုပြီးတော့ ပြောနိုင်တယ်။ သို့သော် ကိုယ်ကိုယ်တိုင် ပါဝင်ခြင်းအားဖြင့် အစည်းအဝေးထဲမှာ ကိုယ်သည် ပိုပြောနိုင် မယ်၊ ပါဝင်နိုင်မယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီကို နောက်ကြောင်းပြန်တဲ့ ကိစ္စဖြစ်နေတယ်။ ILO ကနေပြီးတော့ ပိုပြီးတော့ ပြင်းထန်တဲ့၊ ဆုံးဖြတ်ချက်တွေ၊ Action တွေ အရေးယူမှုတွေ လုပ်ဖို့ ပိုကြိုးစားရပါမယ်” ဟု ၎င်းကဆိုသည်။

ယခု တကြိမ်ရွေးချယ်ခံရမှုတွင် မြန်မာနိုင်ငံမှ အစိုးရနှင့် အလုပ်ရှင် အစုအဖွဲ့များ ရွေးချယ်ခံရခြင်း မရှိဘဲ အလုပ်သမား ကိုယ်စားလှယ် အစုအဖွဲ့ကသာ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်မှုအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် IUTC က အမည်စာရင်း တင်သွင်းပြီး ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ ILC တွင် မဲခွဲဆုံးဖြတ် အတည်ပြုကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညီလာခံကို ၂၀၂၁ ခုနှစ် မေလ၂၈ ရက်မှ ဇွန်လ ၁၉ ရက်အထိ ပြုလုပ်နေခြင်းဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီ ရော အမျိုးသား ညီညွတ်ရေးအစိုးရတို့ကပါ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ရရန် တင်သွင်းခဲ့သော်လည်း ILC အရည်အသွေး စိစစ်ရေး ကော်မတီက နှစ်ဖက်စလုံးကို တက်ရောက်ခွင့်မပြုခဲ့ပေ။

၂၀၁၄ ခုနှစ်ကလည်း CTUM ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမောင်မောင်သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ၏ အုပ်ချုပ်ရေးအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ဖူးသည်။

You may also like these stories:

NUG ရော စစ်ကောင်စီပါ အလုပ်သမားညီလာခံ တက်ခွင့်မရ

ကုလသမဂ္ဂ ဘက်လိုက်ကြောင်း စစ်ကောင်စီ စွပ်စွဲ

ဆောက်လုပ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်၍ လုပ်သား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်

Loading