သတင်း

သရုပ်ဆောင် ရဲတိုက်အမှုတွင် ဥပဒေနှင့် မညီသည့် ဆောင်ရွက်မှုများ ကြုံနေရဟုဆို

သရုပ်ဆောင်ရဲတိုက်၏ ယနေ့ရုံးချိန်းတွင် တရားလို လသာမြို့နယ် စခန်းမှူး ဒုရဲမှူး အေးလွင်မှ ရဲတိုက် ဖြေဆိုထားသည်ဆိုသည့် အင်တာဗျူးအား VCD ချပ်ဖြင့်ကူး၍ သက်သေခံအဖြစ်တင်သွင်းခဲ့ကြောင်း သိရသည်။
အဆိုပါ သက်သေခံ VCD ချပ် တင်သွင်းလာမှုအား ရဲတိုက်၏ရှေ့နေဖြစ်သူမှ ဥပဒေနှင့် မညီသည့်အတွက် ကန့်ကွက်ခဲ့သည်။

ရဲတိုက်၏ရှေ့နေ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က “ကန့်ကွက်ရခြင်းအကြောင်းကလည်း ဥပဒေအရဆိုရင် ကိုရဲတိုက်ဆီကနေ ဖုန်းသိမ်းထားရမယ်။ ဒီအမှုမှာဆိုရင် သူ့ဆီကနေ ဖုန်းသိမ်းထားတာမရှိဘူး။ အဲဒီဖုန်းထဲကနေပဲ ကိုရဲတိုက်ရဲ့ဖုန်းထဲကနေ လွှင့်တင်ခဲ့တာကို တရားသူကြီးလည်းပြရမယ်။ ကိုရဲတိုက်ကိုလည်းပြရမယ်။ ကျနော်တို့ကိုလည်းပြရမယ်။ အဲဒါကိုပြပြီးတော့ မူရင်းမှန်ကန်တယ်ဆိုတဲ့ အခါကျမှ သူတင်လာတဲ့ VCD ချပ်ကို ရုံးရှေ့မှာ ကျနော် လက်တော့နဲ့ဖွင့်ကြည့်မယ်။ ဖွင့်ကြည့်လိုက်လို့ ကိုရဲတိုက်ရဲ့ ဖုန်းထဲက သူ့ရဲ့ Facebook အကောင့်ကနေ လွှင့်ထားတာနဲ့ VCD ချပ်ထဲမှာပါနေတာနဲ့က မှန်နေတယ်ဆိုရင် ကျနော်တို့က တရားရုံးကနေ သက်သေခံအဖြစ် တင်သွင်းတာကို လက်ခံပေးမှာပေါ့” ဟု ပြောသည်။

သက်သေခံအဖြစ် တရားလိုတင်သွင်းခဲ့သည့် VCD ချပ်မှာ ရဲတိုက်၏ Facebook အကောင့်မှ တင်ခဲ့သည်ဟူသည့် သက်သေပြနိုင်ခြင်းမရှိသည့်အတွက် ကန့်ကွက်ကာ လျှောက်လဲတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ VCD ချပ်ထဲတွင်ရှိသည့် အကြောင်းအရာများအား သိရှိစေရန် တရားသူကြီးမှ တရားရုံးတွင်ရှိသည့် Laptop ဖြင့် ဖွင့်ကြည့်ခဲ့ရာ VCD ချပ်မှာ အသံပါမလာသည့်အတွက် နောက်တကြိမ်ရုံးချိန်းတွင် သက်သေခံအဖြစ် တင်သွင်းသင့် မသင့်အား ဆုံးဖြတ်မည်ဖြစ်ကြောင်း ဥပဒေအကြံပေး ဦးခင်မောင်မြင့် ကပြောသည်။

နောက်တကြိမ်ရုံးချိန်းကို ဇွန်လ ၂၂ ရက်နေ့ တွင် ချိန်းဆိုထားပြီး တရားလိုပြသက်သေအား လက်ခံသင့် မသင့်နှင့် တရားလိုအား အပြန်အလှန်စစ်မေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သရုပ်ဆောင်ရဲတိုက်ကို လသာမြို့မရဲစခန်းတွင် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားပြီး မရမ်းကုန်းမြို့မ ရဲစခန်းတွင် မူးယစ်ပုဒ်မ ၁၆(ဂ) ဖြင့် တရားစွဲဆိုထားပြီး အဆိုပါအမှုများအတွက် အင်းစိန်ထောင်တွင်းတွင် ဖွင့်လှစ်သော လသာမြို့နယ် အထူးတရားရုံး နှင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

 

You may also like these stories:

NUG ရော စစ်ကောင်စီပါ အလုပ်သမားညီလာခံ တက်ခွင့်မရ

အာဏာပြန်မလွှဲသရွေ့ တိုက်ပွဲဆက်ဖြစ်လိမ့်မယ်ဆိုတဲ့ ဗိုလ်မှူးချုပ် စောကျော်သက်နဲ့ မေးမြန်းခြင်း

လူထုကို ထိတာ ကျနော်တို့ကို ထိတာနဲ့ အတူတူပါပဲ

Loading