အာဏာသိမ်း စစ်ကောင်စီ လက်အောက် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် လိုအပ်သည့် ငွေကြေးပေးခွင့်မရဘဲ ရဲတပ်ဖွဲ့က ပြန်ပေးခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြည် ဝင်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် ဇွန် ၇ ရက်နေ့ ရုံးထုတ်တွင် အကျယ်ချုပ် ထားရှိသည့် နေအိမ်မှ အတူနေသူများ အတွက် အရေးပေါ်သုံး ငွေနှင့် ရိက္ခာ၊ ဆေးဝါးတချို့ ရှေ့နေများထံ အကူညီတောင်းခံခဲ့မှုကြောင့် ကျပ်သိန်း ၅၀ အား ရဲတပ် ဖွဲ့မှတဆင့် ပေးပို့ခဲ့ရာ ယခုတပတ် ရုံးချိန်းတွင် ပေးပို့ခွင့်မရဟုဆိုကာ ရဲတပ်ဖွဲ့က ရှေ့နေကို ပြန်ပေးခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ အကူညီတောင်းခံခဲ့သော်လည်း စစ်ကောင်စီက ထောက်ပံ့ပေးမည့် ပစ္စည်းများကိုမူ လက်မခံလိုကြောင်း အတိအလင်း ပြောဆိုထားသည်။
ရှေ့နေ ဦးကြည်ဝင်းက “ပိုက်ဆံထည့်ပေးတာကိုတော့ ရဲက ပြန်ပေးတယ်။ တကယ်ဆို ဒေါ်အောင်ဆန်းစုကြည်က စွပ်စွဲခံရ သူပဲ။ အကျဉ်းသား မဟုတ်ဘူး။ ဘာအမှုနဲ့မှ အပြစ်ပေးထားတာလည်း မရှိဘူး။ သာမန်ပြည်သူတွေနဲ့ အတူတူပဲ။ ဒီကိစ္စကို သူ စာနဲ့ရေးတင်မယ်လို့တော့ ပြောခဲ့တယ်” ဟု ပြောဆိုသည်။
လတ်တလော အရေးပေါ် သုံးစွဲရန် ငွေကြေးပေးပို့၍ မရသေးသော်လည်း ပြီးခဲ့သည့်အပတ်က ရှေ့နေများ ပေးပို့ခဲ့ သည့် စားသောက်စရာများအား လက်ခံရရှိဖွယ်ရှိကြောင်း၊ ကြားတွင် ရက်ကြာသွားဖွယ်ရှိသဖြင့် ပေါင်မုန့်ကဲ့သို့ ရက်ကြာ ရှည်မခံသည့် အစားအသောက် တချို့မှာ မှိုတက်နေသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို ယနေ့ ပြော ဆိုခဲ့ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားသည့် အမှုများနှင့် ပတ်သက်ပြီး တရားခွင်အတွင်း ကြားနာချိန်တွင် ဒေါ်အောင် ဆန်းစုကြည် အနေဖြင့် စိတ်ဆိုးသည့် အမူအရာမရှိဘဲ တက်တက်ကြွကြွ စိတ်ပါဝင်စားမှုရှိပြီး အမှုစွပ်စွဲချက်များ မမှန်ကန် ကြောင်း ခိုင်ခိုင်လုံလုံ ချေပရန်နှင့် စိတ်ရှည်ရှည်ထားရန်လည်း ရှေ့နေများအား ပြောခဲ့သည်ဟု ဆိုသည်။
ယနေ့ရုံးချိန်း တရားခွင် မစတင်မီ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့ အနေဖြင့် ရှေ့နေအဖွဲ့ နှင့် တပြိုင်တည်း အတူတကွ တွေ့ဆုံခွင့်ရခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် သမ္မတဦးဝင်းမြင့်ကလည်း အမှုများအား ရိုးရိုးရှင်းရှင်းသာ ခုခံချေပကြရန်၊ ၎င်းအနေဖြင့် သမ္မတ တာဝန် စတင်ထမ်းဆောင်ချိန်ကတည်းက ပါတီတာဝန်များအား ထမ်းဆောင်ခဲ့ခြင်း မရှိကြောင်း ရှေ့နေများကို ပြောဆိုခဲ့သည်ဟု သိရသည်။
ယနေ့ တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၅ အမှု မှ တရားလိုဖြစ်သူ ဦးထွန်းမြင့်အောင် (ခ) ညီညီဆိုသူအား စစ်ဆေးခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အပါ ၃ ဦးအား စွဲဆို ထားသည့် ပုဒ်မ ၅၀၅ (ခ) အမှုမှ တရားလိုဖြစ်သူ ဒက္ခိဏခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေကိုလည်း စစ်ဆေးခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ ၃ ဦးအား ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ကာ ဖမ်း ဆီးထိန်းသိမ်းခံထားရချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အမည်ဖြင့် ထုတ် ပြန်ခဲ့သည့် ကြေညာချက် ၂ စောင်ကြောင့် ၎င်းတို့တွင်လည်း တာဝန်ရှိသည်ဟုဆိုကာ အာဏာသိမ်း စစ်ကောင်စီက ရာဇ သတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
ရှေ့နေတဦးက “သူတို့က ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက ဖမ်းခံထားရတဲ့သူတွေက ဘယ်လိုထုတ်မလဲ ဒီစာတွေကို။ ဒီလို ထုတ်ရင်လည်း CEC အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ထုတ်ရမှာပေါ့။ ဘယ်သူတွေ ထုတ်လဲဆိုတာလည်း မသိဘူး။ ဒီအမှု မှာတော့ တရားလိုဘက်က သက်သေပြဖို့ အားနည်းပါတယ်” ဟု ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး ၆ လအတွင်း အပြီးစစ်ဆေးရန်နှင့် အပတ်စဉ် တနင်္လာ နှင့် အင်္ဂါနေ့တို့တွင် ရုံးထုတ်စစ်ဆေးရန် တရားရုံးက ဆုံးဖြတ်ထားသည်။
လာမည့် ဇွန်လ ၂၃ ရက်တွင်လည်း ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါ ၅ ဦးအား စွဲဆိုထားမှုအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ကြားနာ စစ်ဆေးမည် ဖြစ်သည်။
You may also like these stories:
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့အမှု တရားလို စစ်ဆေးမှုများ စတင်
ရပ်တည်ချက် မယိမ်းယိုင်ကြောင်း ပြလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်
ရိက္ခာနှင့်ဆေးဝါး အကူအညီတောင်းသည့် ဒေါ်အောင်ဆန်းစုကြည် အဂတိမှုဖြင့် ထပ်မံ အမှုဖွင့်ခံရ