ချင်းပြည်နယ်၊ မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အတွင်း အခြေခံကျောင်းများကို ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ရာ ကိုဗစ်ရော ဂါ ကူးစက်မှု ဆက်လက်ရှိ မရှိကို စောင့်ကြည့်ပြီးသာ ကျောင်းပြန်ဖွင့်ပေးမည် ဖြစ်ကြောင့် ပညာရေး ဝန်ထမ်းများထံက သိရ သည်။
အဆိုပါ ပလက်ဝမြို့နယ်အတွင်း ကိုဗစ်ကြောင့် စာသင်ကျောင်းများကို ယာယီပိတ်ထားရသည့် ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ( ဇွန်လ ၁၅ရက် ) မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် ဆရာ/ဆရာမ များကို ခေါ်ယူပြီး အစည်းအဝေး တရပ် ကျင်းပ ခဲ့သည်။
ထိုအစည်းအဝေးတွင် မြို့နယ်အတွင်း ကိုဗစ် ကူးစက်ပြန့်ပွားမှု ဆက်လက် ရှိ မရှိ ဆိုသည်ကို လာမည့် ဇွန်လ ၁၉ ရက်အထိ စောင့်ကြည့်ကာ စာသင်ကျောင်းများ ပြန်ဖွင့် ၊ မဖွင့်ကို ဆုံးဖြတ် ဆောင်ရွက်မည်ဟု မြို့နယ် ပညာရေးမှူးက ပြောကြားခဲ့ ကြောင်းလည်း ယင်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ကျောင်းဆရာ ဦးကျော် ဝင်းနိုင်က ပြောသည်။
ဆရာ ဦးကျော်ဝင်းနိုင်က “ဒီနေ့ အစည်းအဝေးမှာတော့ ကိုဗစ်ဖြစ်တဲ့နေ့က စပြီးတော့ နှစ်ပတ်လောက်အထိ စောင့်ကြည့် ပြီးမှ သက်ဆိုင်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အရပ်ဘက်အဖွဲ့တွေနဲ့ ညှိနှိုင်းပြီးမှ ကျောင်းဖွင့် မဖွင့်ကို ဆောင်ရွက်မယ်လို့ ပြောတယ်။ ကျနော်တို့ ဆရာ/ ဆရာမတွေကိုလည်း ကိုယ့်မိသားစု၊ ကျောင်းပတ်ဝန်းကျင်နဲ့ ကျောင်းသူ / ကျောင်းသား တွေရဲ့ အခြေအနေကို အမြဲတမ်း စောင့်ကြည့်နေမယ်လို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၈ ရက်က ပလက်ဝမြို့နယ် မြစ်ဝကျေးရွာမှ လူနာတဦးမှာ စက်လှေဖြင့် ယင်း မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု ခံယူရန် လာရောက်စဉ် လူနာအပါအဝင် ဆက်စပ်လူ ၇ ဦးထံတွင် ထိုသို့ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း ပလက်ဝဒေသခံများက ပြောသည်။
ထိုသို့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို စစ်ဆေးတွေ့ရှိသည့်အတွက် ပလက်ဝ မြို့နယ်အတွင်းက အခြေခံပညာ စာသင် ကျောင်းအား လုံးကို ဇွန်လ ၉ ရက်မှ စတင်ကာ ယာ ယီ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အိန္ဒိယနယ်စပ် မြစ်ဝ ကျေးရွာမှ ဆင်းလာသော စက်လှေပေါ်တွင် လိုက်ပါလာသော ကိုဗစ်ပိုးတွေ့ရှိသည့် ၇ ဦးတွင် ယင်းမြို့နယ်အတွင်း တာဝန်ကျနေသော ကျောင်းဆရာတဦး၊ ကျောင်းဆရာမ တဦး၊ ကျောင်းသူတဦးတို့ ပါဝင်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် အဆိုပါ ပိုးတွေ့လူနာ ၇ ဦးကို ပလက်ဝမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုများ ပြုလုပ်နေပြီး ကျန်း မာရေး ကောင်းမွန်ကြောင်းလည်း သိရသည်။
ထိုသို့ ပလက်ဝမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသည့် ကုလားတန်မြစ်ကြောင်းနှင့် ပလက်ဝ-ဆမီးမြို့ ကားလမ်းကိုလည်း ယာယီပိတ်ထားကြောင်း ဆမီးမြို့တွင်နေထိုင်သူ ကိုဘုထန်ပိုင်က ပြောသည်။
ကိုဘုထန်ပိုင်က “ ကျနော်တို့ ဆမီးမြို့ပေါ်မှာတော့ ပိုးတွေ့တာ မရှိဘူး။ ဒါပေမယ့် တမြို့နယ်လုံးအတိုင်းအတာနဲ့ စာသင် ကျောင်းတွေ ပိတ်ထားတာရှိတယ်။ ပလက်ဝ- ဆမီး လမ်းတွေကိုလည်း ပိတ်ပြီးတော့ ဂိတ်တွေထားတယ်။ အပူချိန်တိုင်း တာတို့ ၊ Mask တပ်တာတွေဘာတွေ စစ်ဆေးတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပလက်ဝမြို့နယ်အတွင်း ထိုသို့ တရက်တည်းတွင် ကိုဗစ်ပိုး ၇ ဦး တွေ့ ရှိရသည့်အတွက် စာသင်ကျောင်းများတွင် ကိုဗစ်ပိုး ကူးစက် ပြန့်ပွားမှု မရှိစေရန် ကျောင်းများအားလုံးကို ယာယီ လုံးဝ ပိတ်ထားရန်နှင့် ပညာရေး ဝန်ထမ်းများအနေဖြင့်လည်း ယခု ကာလအတွင်း ခရီးသွားခြင်း လုံးဝ မပြုလုပ်ဘဲ တာဝန်ကျရာ ကျေးရွာများတွင် နေထိုင်ကြရန် မြို့နယ် ပညာရေးမှူး ဦးကီးလောဟာက ညွှန်ကြားထားသည်။
You may also like these stories:
ပလက်ဝမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့သဖြင့် စာသင်ကျောင်းများ ပြန်ပိတ်
လှည်းကူးတွင် လူ ၂၀၀ ကျော် အစုလိုက် ကိုဗစ် ကူးစက်