စစ်ကိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ပင်တင်းရွာတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဖြစ်ပွားသည့် တိုက်ပွဲတွင် ပျူစောထီး အမည်ခံ အဖွဲ့များက အာဏာသိမ်းတပ်ဘက်က စစ်ကူပေးခဲ့ကြောင်း PDF ဘက်က ပြောသည်။
မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “စစ်တပ်အပြင်ပျူစောထီးအဖွဲ့တွေပါ ရောက်နေတယ်။ ၇၀ လောက်ရောက်နေတယ်။ ၇၀ မှာ ၃၀ လောက်က တပ်က ယူနီဖောင်းတွေပေးထားတာပေါ့။ လက်နက်ပေးထားတယ်။ ပျူစောထီးဆိုပြီး မင်းကင်းက ဒေသခံတွေပဲ သူတို့နဲ့ ပူးပေါင်းတဲ့ လူတွေရှိတယ်။ ကြံ့ခိုင်ရေး ပါတီဝင်တွေ မနက်ကတိုက်ပွဲထဲမှာတော့ သူတို့မပါသေးဘူး။ ဒီညနေကတော့ သူတို့ရှိနေတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ပင်တင်းရွာသို့ မင်းကင်း နှင့် ကနီ PDF အဖွဲ့တို့ ပူးပေါင်းကာ သွားရောက် တိုက်ခိုက်စဉ် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
PDF အဖွဲ့ဝင် တဦးက “ကျနော်တို့ နေရာမရခင် သတင်းပေါက်သွားပုံရတယ် ကြိုပစ်ခံလိုက်ရတာ။ ကျနော်တို့ဘက်က နေရာယူတာ နောက်ကျ သွားတာ။ ကျနော်တို့ယူမယ့် နေရာမရောက်ခင်ကို ပစ်ခံလိုက်ရတာ။ မင်းကင်းမြို့ပေါ် တပ်စွဲထားတာက နေပြီးတော့ ပင်တင်းရွာကို တပ်စွဲတယ်။ ပျူစောထီးအဖွဲ့နဲ့ သူတို့ပေါင်းပြီးတော့ အဲဒီမှာ ရွာကို အနိုင်ကျင့် နေတယ်ဆိုလို့ မင်းကင်း PDF အဖွဲ့တွေက ဝိုင်းပြီးတော့ အဲဒီရွာကို သွားတာ။ သူတို့ရွာနား မရောက်ခင်ကို ပစ်ခံလိုက်ရတာ” ဟု ပြောသည်။
ယနေ့ (ဇွန် ၁၅) ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်တွင် ပင်တင်းရွာအနီး ဖက်ခတ်ချောင်း တစ်ဖက်တစ်ချက်စီမှ နေရာယူကာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၂ ဦး၂ ဖက် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။
ဆက်လက်ပြီး PDF တပ်ဖွဲ့ဝင် တဦးက “သူတို့က စနိုက်ပါ ပါတယ်။ လက်နက်ကြီးနဲ့ပဲ တောက်လျှောက်ပစ်တာ။ ကျနော်တို့ တူမီးနဲ့ ကပ်မရဘူး။ စနိုက်ပါနဲ့ ပစ်တယ် ကံကောင်းလို့ မထိတာ” ဟု ဆိုသည်။
ယနေ့ ညနေပိုင်းတွင် ပစ်ခတ်မှု မဖြစ်သော်လည်း စစ်ကောင်စီမှ တပ်ကူများ ထပ်မံပေးပို့ နေကြောင်းလည်း သိရသည်။
ဇွန်လ ၁၂ ရက်နေ့တွင် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသရှိ ယင်းမာ၊ တောင်စာရေး၊ ကြာပင်၊ ပိက္ခရား၊ မြေနီရွာများအတွင်းသို့ စစ်ကောင်စီက ဝင်ရောက်စီးနှင်းမှုတွင် ကြံ့ခိုင်ရေးပါတီဝင်များသည် စစ်ဝတ်စုံ ဝတ်ဆင်လျက် ပါဝင်ခဲ့သည်ဟု မင်းကင်းမြို့နယ် PDF အဖွဲ့က ထုတ်ပြန်ထားသည်။
ကြံ့ခိုင်ရေး ပါတီဝင်များက စစ်ဝတ်စုံများ ဝတ်ဆင်ပြီး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ပြောင်ကျကျ ပါဝင်လာပြီ ဖြစ်သဖြင့် အဆိုပါ ပါတီဝင်များကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ကာ ပစ်မှတ်ထားတိုက်ခိုက်မည်ကြောင်းလည်း မင်းကင်း PDF က ကြေညာထားသည်။
စစ်ကိုင်းတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူးက “ကျနော်တို့မှာ ညွှန်ကြားချက်လည်း မရှိသလို အဲဒါတွေက မဟုတ်ဘူး။ ကောလဟာလတွေ ဖြစ်တယ်။ ဘယ်ပျူစောထီးမှလည်း ကျနော်တို့ မသိဘူး။ တရားဝင်ပါတီအနေနဲ့ပဲ ရပ်တည်နေတာ။ ပါတီလုပ်ငန်းပဲ လုပ်တယ်။ ကျန်တဲ့အလုပ် ကျနော်တို့မှာ ဘာမှ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဥပဒေ အကာအကွယ်ကို အပြည့်အဝ အားကိုးအားထား မပြုနိုင်ပါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝကျင့်သုံးခြင်းသည် တဦးချင်းလုံခြုံရေးအတွက် ရှောင်လွှဲမရသော ရွေးချယ်ရန်နည်းလမ်း ဖြစ်ကြောင်း မေ ၂၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထုတ်ပြန်ထားသည်။
မင်းကင်းအပြင် စစ်ကိုင်းမြို့ နှင့် ဘုတလင်မြို့တွင်းတော်ရွာ တွင်လည်း ကြံ့ခိုင်ရေးပါတီဝင်များက ပျူစောထီးအဖွဲ့ အမည်ခံကာ သင်တန်းပေးပြီး လက်နက်ကိုင်ကာ လေ့ကျင့်နေမှုများရှိကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPDF) က ဧရာဝတီကို ပြောသည်။
စစ်ကိုင်းတိုင်း PDF အဖွဲ့ဝင် တဦးက “နောက်က စစ်တပ် တွဲပါလာတယ်ဗျ။ လက်နက်က စစ်ကောင်စီ ထုတ်တွေ ကိုင်ထားပါတယ်။ ကျနော်တို့မှာ အဲဒီလို သေနတ်တွေ မရှိပါ။ ကျနော်တို့ ဒါကို ပြည်သူ့ဘက်က ကာကွယ်ဖို့ ပြင်ဆင်နေပါတယ်။ နိုင်ငံရေး အရတော့ ကြံ့ဖွံ့က အကြမ်းဖက်နေတယ် ဆိုတာကို ပြည်သူတွေ သိအောင် ပြောပြရမယ်။ စစ်ရေးအရကတော့ ထိရောက်စွာ အရေးယူရမယ်။ ကြံ့ခိုင်ရေးပါတီဝင်တေက ပျူစောထီးဆိုပြီး အကြမ်းဖက်တာတွေ လုပ်လာတာဟာ ဥပဒေတေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေတာပဲ” ဟုဆိုသည်။
You may also like these stories:
အာဏာသိမ်း စစ်ကောင်စီ၏ နေဝင်ချိန်
AA နဲ့ စစ်တပ်တို့ရဲ့ တခြမ်းပဲ့ ငြိမ်းချမ်းရေး
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို
ဒီးမော့ဆိုမြို့ကို ထိန်းချုပ်နိုင်ရေး အာဏာသိမ်းတပ် ကြိုးပမ်း