သတင်း

ဒီပဲယင်းမြို့နယ်ရှိ ရွာပေါင်း ၂၀ နီးပါး စစ်ကောင်စီတပ်များ ဝင်ရောက် စီးနင်း

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြကာ ရွာများအတွင်းသို့ စစ်ကောင်စီက ၂ ရက် ဆက်တိုက် ဝင်ရောက် စီးနင်းမှုများရှိပြီး ဒေသခံပြည်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

ဇွန်လ ၁၄ ရက်တွင် ကြည်၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ အစရှိသည့် ရွာများအနီးတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့ပြီး PDF အဖွဲ့ဝင်တဦး ဝမ်းဗိုက် ကျည်ထိမှန်ခဲ့ကာ နဂါးဘို၊ အင်ပင်၊ ကိုင်းကန်ရွာအနီးတွင် လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုတွင် ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ အဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ ကာ ဖမ်းဆီးခံရသူ ၃ ဦး ရှိကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က သိရသည်။ ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ ဝင်၂ ဦး သေဆုံးပြီး ၅ ဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရွာအတွင်းသို့ ဝင်ရောက် ပစ်ခတ်မှုများ ရှိသည့်အတွက် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဆပ်ပြာကျင်း ဒေသခံတဦးက “ဆပ်ပြာကျင်း ကျေးရွာ မနေ့ကတည်းက ရှောင်နေတာ မပြန်ရသေးဘူး။ ကျနော်တို့ဘက် ဆို လျှပ်စစ်မီးတွေလည်း အကုန်ဖြတ်ထားပါတယ်။ သူတို့က ရှေ့တန်း မထွက်ချင်လို့ ဒီဘက်တွေကို လျှောက်မွှေပြီးတော့ ဒလန်တွေကလည်း ခေါ်ပြီးတော့ မွှေတာမျိုးတွေပေါ့။ ဒလန်ရဲ့ သမီး ၂ ယောက်သေတာနဲ့လည်း ရောပြီးတော့ ခေါ်လာတယ်လို့လည်း သိရတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်များ ရွာများအတွင်းသို့ ဝင်ရောက်စီးနင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ / CJ

ဇွန်လ ၁၃ ရက်က ဒီပဲယင်းမြို့နယ်၊ အင်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အကိုဖြစ်သူသည် ဦးခေါင်းသေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ပြီး ကြည်ရွာ အုပ်ချုပ်ရေးမှူး၏ သမီး ၂ ဦးသည်လည်း ဓားခုတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ၂ ဦးအနက်မှ ၁ ဦးသည် Non-CDM ကျောင်းဆရာမတဦး ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီက ဝင်ရောက် စီးနင်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် ဇွန် ၁၅ ရက် မနက်ပိုင်းတွင်လည်း ဒီပဲယင်းမြို့နယ်ရှိ ညောင်လှစံပြ ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရွာအတွင်း ဝင်ရောက်ရှာဖွေကာ ပြည်သူပိုင်ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်များ ရွာများအတွင်းသို့ ဝင်ရောက်စီးနင်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ / CJ

ညောင်လှရွာ ဒေသခံ တဦးက “ညောင်လှကို ဝင်တာ။ ဖမ်းတာ စတိုးဆိုင်က တယောက်ပါသွားတယ်။ သူတို့လာမယ်လို့ သတင်းကြားတယ်။ ဒီတိုင်းဝင်လာပြီးတော့ ပစ္စည်းတွေ အကုန်လုံးဖျက် အတိအကျနဲ့ လာပြီး ရှာသွားတာ။ ဒလန်ကြောင့် အိမ်တွေအတိအကျကို စာရင်းနဲ့ လာတာ။ ဆိုင်တွေက သော့တွေ ဖျက်သွားပြီး ဆိုင်တွေမှာရှိတဲ့ ပစ္စည်းတွေ ဘာတွေ ယူ သွားတယ်” ဟု ပြောသည်။

အဆိုပါ ရွာများအပြင် ဒီပဲယင်းမြို့နယ်အတွင်းရှိ လျှော်ဖြူ၊ မာန်ကြီးအုပ်၊ ထန်းတပင်၊ မူးခတွင်း၊ လက်ယက်ကုန်း၊ ညောင် ကြီးကုန်း၊ မဲအိုး၊ မရကန်၊ ကုန်းတဲ၊ မြင်းတန့်ကျေး၊ တိုင်နက် အစရှိသည့် ရွာများမှ ပြည်သူများလည်း ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

You may also like these stories:

မင်းကင်းတွင် ပျူစောထီးအဖွဲ့က အာဏာသိမ်းတပ်ကို စစ်ကူပေးနေဟုဆို

ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ

တောင်သာတွင် ဖမ်းဆီးခံရသည့် အမျိုးသား ၁ ဦး စစ်ကြောရေးတွင် သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading