ကရင်နီအမျိုးသားများကာကွယ်ရေး တပ်ဖွဲ့ (KNDF) က အာဏာသိမ်းစစ်တပ်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲအား ယာယီ အပစ်ရပ်ပေးကြောင်း ကြေညာချက် သည် ကယားပြည်နယ်တွင်း လက်နက်ကိုင်တိုက်ခိုက်နေသည့် ကရင်နီလူငယ် အင်အားစု အားလုံးကို ကိုယ်စားပြုခြင်း မရှိကြောင်း သတင်းရရှိသည်။
KNDF ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ တဦးက “ဒီစာသည် တစုတဖွဲ့က ထုတ်လိုက်တာပါ။ ကျနော်တို့လည်း ဘာမှ မသိလိုက်ရပါဘူး။ ဒါက ကျနော်ထင်တာ လူတဦးတယောက် တစုတဖွဲ့က လုပ်သွားတာပါ။ ဒါ့ကြောင့် ကယားလီဖု လူငယ်တွေ ဆိုလည်း လက်မခံဘူးလို့ ထုတ်ပြန်ထားပါတယ်။ ကျနော်တို့တော့ အပစ် မရပ်ပါဘူး”ဟု ပြောသည်။
KNDF သည် ကယားပြည်နယ်တွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၊ ကရင်နီလူမျိုးစုအဖွဲ့အစည်းများ၊ လူငယ်အင်အားစုများ၊ ကယားပြည်နယ်တွင်း လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင် နေသည့် အဖွဲ့အစည်းများ၏ တပ်ဖွဲ့များ ပါဝင်စုဖွဲ့ထားသည့် တပ်ဖွဲ့ဖြစ်သည်။
KNDF အောက်တွင် ပါဝင်သည့် လက်နက်ကိုင်အင်အားစုများသည် မေ ၂၁ ရက်မှ ဇွန် ၁၂ ရက်အထိ ဒီးမော့ဆို၊ လွိုင်ကော် နှင့် ဖရူဆိုမြို့နယ်တို့အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားထားသည်။
တိုက်ပွဲဖြစ်သည့် ကာလအတွင်း မြို့ရွာများ ထိခိုက်ပျက်စီးခြင်း၊ လူထု ၁ သိန်းကျော် စစ်ဘေးရှောင် ဖြစ်နေခြင်း တို့ကြောင့် KNDF အနေဖြင့် တိုက်ပွဲများကို ယာယီရပ်ဆိုင်းပြီး ထိုးစစ်ဆင်မှုများကိုလည်း ယာယီရပ်ဆိုင်း ထားမည်ဟု ဇွန် ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
အပစ်ရပ်ဆိုင်းထားရန်အတွက် ဒေသတွင်း ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များက ပြောဆိုခြင်း ကြောင့် KNDF က လက်သင့်ခံလိုက်ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ဖော်ပြထားသည်။
ထိုထုတ်ပြန်ချက်အပေါ်တွင် KNDF အောက်မှ လက်နက်ကိုင်တော်လှန်နေသည့် လူငယ်အင်အားစုများက လက်မခံ နိုင်ကြောင်း၊ အပစ်မရပ်ကြောင်း၊ အပစ်ရပ်စာသည် ၎င်းတို့ကို ကိုယ်စားမပြုကြောင်း ပြောဆိုလာကြခြင်း ဖြစ်သည်။
စစ်ကောင်စီနှင့် KNDF ကြား အပစ်ရပ်ရန် ကြားဝင်ဆွေးနွေးသူများမှာ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (ကလလတ )၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ- ကယောနီအဖွဲ့ (KNPDP)၊ ကယန်းပြည် သစ်ပါတီ တို့ ဖြစ်သည်ဟု KNDF အဖွဲ့ဝင် တဦးက ပြောသည်။
KNDF ထဲတွင် ကလလတ၊ ကယန်းပြည်သစ် နှင့် ကယောနီအဖွဲ့တို့မှ အောက်ခြေတပ်ဖွဲ့ဝင်အချို့က စစ်ကောင်စီကို အတူ တိုက်ခိုက်ပေးသည့်ထဲတွင် ပါဝင်နေပြီး ယခုအခါ စစ်ကောင်စီနှင့် အပစ်ရပ်ရန် ညှိနှိုင်းသူများသည် ထိုအဖွဲ့များ၏ ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သည်ဟု သိရသည်။
KNDF အဖွဲ့ဝင်တဦးက “သွားညှိတဲ့ အဖွဲ့က ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး ဆိုတဲ့ ကလလတ ၊ သူက နယ်ခြားစောင့်တပ် (BGF) ဖြစ်တယ်။ ဒုတိယတဖွဲ့က ကယန်းပြည်သစ်ပါတီ ၊ တတိယအဖွဲ့က ကယောနီအဖွဲ့ (KNPDP) ။ သူလည်း BGF ပဲ။ သူတို့ ၃ ဖွဲ့ သွားတွေ့တာ။ လူတစုနဲ့ပေါ့။ သူတို့ သွားတွေ့တာကို သူတို့ နာမည် မသုံးပဲ KNDF နာမည်ကို အလွဲသုံးစားလုပ်လိုက်တာ။ ကျနော်တို့ KNDF ကို ကိုယ်စားမပြုဘူး။ ကျနော်တို့ လူငယ်တွေ ဘာမှ မသိရဘူး” ဟု ပြောသည်။
ကလလတ၊ ကယန်းပြည်သစ်ပါတီ နှင့် ကယောနီအဖွဲ့တို့သည် ၁၉၉၀ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်ကြားတွင် စစ်အစိုးရနှင့် အပစ်ရပ်ဆိုင်းထားသည့် တပ်ဖွဲ့များ ဖြစ်ပြီး စစ်အာဏာသိမ်းခြင်းကြောင့် ကယားပြည်နယ်တွင်း လူငယ်များက လက်နက်ကိုင် တော်လှန်ရာတွင်လည်း ထိုအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များက ပါဝင်ခြင်း မရှိဘဲ စစ်ကောင်စီဘက်က စစ်ရေးအရ ကူညီပေးမှုများ ရှိခဲ့သည်။
ကယားပြည်နယ်တွင်း လက်နက်ကိုင်တိုက်ခိုက်နေသည့် လူငယ်များကို တန်ပြန်တိုက်ခိုက်ရန် စစ်ကောင်စီတပ်၏ စစ်ကူများ ရှမ်းပြည်နယ်တောင်ပိုင်း ဘက်မှ ဝင်လာရာတွင်လည်း ကလလတ၊ ကယန်းပြည်သစ်ပါတီ တို့က ကူညီပေး ခဲ့သည်။
ယခုအခါ KNDF အမည်ဖြင့် အပစ်ရပ်ထုတ်ပြန်လိုက်သည့်အပေါ် KNDF အောက်တွင် စုဖွဲ့ ပါဝင်နေသည့် လူငယ် အင်အားစု အားလုံးကို အသိမပေးသဖြင့် ကရင်နီအင်အားစုများ အချင်းချင်းကြားတွင် ပြန်လည် ဆွေးနွေးခြင်းများ ပြုလုပ်ရမည်ဟုလည်း KNDF အဖွဲ့ဝင်တဦးက ပြောသည်။
ဘိုးဖိုဒူဒေသ၊ ကေးဖိုးဒူဒေသ၊ ကေးကျိထျာဒေသ၊ မောဒူကလားမေး ဒေသနှင့် ဖေးစိုးလေးဒေသတို့မှ ကယားလီဖူ လူငယ် များ စုဖွဲ့ထားသည့် ကယားလီဖုလူငယ် ဗဟိုကော်မတီက KNDF ၏ ထုတ်ပြန်ချက်မှာ ၎င်းတို့နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပါဟု ထုတ်ပြန်ချက်တစောင် ထုတ်ကာ တုန့်ပြန်ထားသည်။
ကယားလီဖုလူငယ် ဗဟိုကော်မတီ၏ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ လူငယ်အဖွဲ့တွေက အားလုံးစုစည်းထားတော့ KNDF မှာ ပါကြတယ်။ အခု သဘောမတူတာက ဒီတခုထုတ်ပြန်ချက်က အားလုံးကို ကိုယ်စားမပြုဘူးလို့ ကျနော်တို့ ပြောချင်တယ်။ ဒီမှာ ဖြစ်နေတာတွေက တနေရာနဲ့ တနေရာမတူဘူး။ ဒါကို အခြေအနေတခုပေါ်မှာပဲ ထုတ်ပြန် တာ ဆိုတော့ အားလုံးကို မလွှမ်းခြုံနိုင်ဘူး။ ဒါ့ကြောင့် ကျနော်တို့နဲ့ မဆိုင်ဘူးလို့ ပြောတာပါ” ဟု ပြောသည်။
ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ ဒီးမော့ဆိုအတွင်း လှုပ်ရှားသည့် PDF အနေဖြင့် KNDF အပစ်ရပ်ထုတ်ပြန်ချက်ကို လက်ခံပြီး အပစ်ရပ်ဆိုင်းထားလိုက်ပြီဟု ပြောသည်။
ဒီးမော့ဆို PDF ၏ ပြောရေးဆိုခွင့်ရှိသူက “နောက်ပြန်တိုက်ရင်တောင် မြို့တွေ ရွာတွေ ထဲမှာတော့ တိုက်လို့ မရဘူး။ မြို့ထဲကျ သူတို့ မီးရှို့တာ တော်တော်များတယ်ဗျာ။ မိသားစုတွေ နေစရာ အိမ်မရှိကြတော့ဘူး။ PDF နဲ့ ဖြစ်ပေမယ့် သူတို့က ပြည်သူတွေအိမ်တွေကို ဖျက်ဆီးတော့ ကျနော်တို့ဆက်လုပ်ရင် အိုးအိမ်တွေ ထပ်ဖျက်ဆီးခံရမှာပဲ။ အဲ့တာကြောင့် အပစ်အခတ်ရပ်ပေးလိုက်တယ်” ဟု ပြောသည်။
အပစ်ရပ်ညှိနှိုင်းရာတွင် PDF နှင့် Generation-Z တို့မှ လက်နက်ကိုင်တော်လှန်နေသည့် လူငယ်များ ပါဝင်ခြင်း မရှိဘဲ ကလလတ၊ ကယန်းပြည်သစ်နှင့် ကယောနီအဖွဲ့တို့မှ ထိပ်ပိုင်းခေါင်းဆောင်များက တဆင့် ညှိနှိုင်းပေးခြင်း ဖြစ်သည်ဟု ဒီးမော့ဆို PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီနှင့် အပစ်ရပ်ရာတွင် တဖက်နှင့်တဖက် ပစ်ခတ်ခြင်း မပြုရန်၊ အပစ်ရပ်ထားချိန်တွင် လက်နက်ကိုင်ဆောင် ထားသည့် ကရင်နီလူငယ်များကို ဝင်ဖမ်းခြင်း မလုပ်ရန် ဟူသည့် အချက်များလည်း ပါဝင်သည်ဟု ကြားသိရကြောင်း ဒီးမော့ဆို PDF တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဆက်လက်ပြီး ၎င်းက “သူတို့ဘက်က ထိုးစစ်ဆင်ရင် ကျနော်တို့ ပြန်တွယ်မယ်။ နောက် ကျနော်တို့ တနိုင်ငံလုံး တိုက်ဖို့ ခေါ်တာကို စောင့်မယ်။ မဟုတ်ရင် ကျနော်တို့ပဲ တီးခံနေရတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောတာကို စောင့်နေပါမယ်။ တနိုင်ငံလုံး ချပြီဆိုရင် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တာကိုတောင် မစောင့်ဘူး။ ကျနော်တို့ ပြန်ချမှာပါ။ အခုက ကျနော်တို့ ကယားလူထုပဲ ခံနေရတယ်” ဟု ပြောသည်။
ဒီးမော့ဆို PDF အနေဖြင့် အပစ်ရပ်ဆိုင်းသော်လည်း မြို့ပေါ်လှုပ်ရှားမှုများကို ရပ်ဆိုင်းမည်မဟုတ်ဘဲ မူလ လှုပ်ရှားနေ သည့် မြို့အနောက်ဘက်ခြမ်းနှင့် ဒေါ့ငံခါး ရပ်ကွက် ပတ်ဝန်းကျင်တွင် ဆက်လက် လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
စစ်ကောင်စီသည် ကယားပြည်နယ်တွင်း အပစ်ရပ်ဆိုင်းရန် လျှို့ဝှက်ညှိနှိုင်းနေသည်မှာ ရက်သတ္တပတ်ခန့် ရှိပြီ ဖြစ်သည်။
အပစ်ရပ်ဆိုင်းရန် ညှိနှိုင်းနေသည့် ကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေသည့် စစ်ဘေးရှောင် ဒုက္ခသည်များ ကိုလည်း မိမိမြို့၊ ကျေးရွာများသို့ ပြန်လာကြရန် လိုက်လံခေါ်ဆောင်နေကြောင်း သိရသည်။
ကရင်နီအမျိုးသားရေး တတ်ကြွလှုပ်ရှားသူ တဦးက “သူတို့က ကယားပြည်နယ်တွင်းမှာ စစ်ဘေးရှောင်စခန်းတွေ မဆောက်စေချင်ဘူးလို့ ကျနော် မြင်တယ်။ သူတို့ ဖျက်ဆီးထားတဲ့ အရပ်သားအိမ်တွေ ပျက်စီးနေတာတွေကိုလည်း ဒီတိုင်းမထားဘဲ အကုန် ဖုံးပစ် ချင်နေတယ်။ ဒါ့ကြောင့် အပစ်ရပ်ပြီး လူတွေကို အကုန်ပြန်လာပေါ့။ လူတွေ ကတော့ ပြန်လာရင် ကိုယ့်အိမ်ကိုယ်ပြန်ပြင် ဆောက်ကြမှာပဲလေ။ အကုန်လုံးကို ဘာမှမဖြစ်ခဲ့သလို လုပ်ချင်နေတယ်လို့ ကျနော်က မြင်တယ်” ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ အတွင်းမှ စစ်ဘေးရှောင်နေကြသည့် အရပ်သား များကို ဇွန် ၁၄ ရက်နှင့် ၁၅ ရက်တွင် မိမိနေရပ်ရင်းသို့ ပြန်လာကြရန် စစ်ကောင်စီဘက်က ခေါ်ခဲ့သည်။
ဒေသခံများ ပြန်လာရာတွင် ငွေတောင်ကျေးရွာအတွင်းရှိ နေအိမ်နှင့် ဆိုင်ခန်း စုစုပေါင်း အဆောက်အဦး ၂၀ ထက် မနည်း ဖောက်ထွင်းခံရကာ ပစ္စည်းများ အားလုံး ဖျက်ဆီးခံထားရသည်။
ယခုအခါ မိမိအိမ်တွင် ပြန်နေထိုင်မည့် အရပ်သားများသည် အပျက်အစီးများကို ရှင်းလင်းနေကြပြီ ဖြစ်သည်။
ကယားပြည်နယ်တွင်း မြို့တွင်းတိုက်ပွဲများတွင် အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုမြို့ပေါ် ဒေါ့ငံခါး ရပ်ကွက် တွင်လည်း အရပ်သားများက ပြန်လာကြပြီး ၎င်းတို့ နေအိမ်များကို ရှင်းလင်းခြင်းများ စတင်ပြုလုပ်နေကြပြီ ဖြစ်သည်။
မြေပြင်တွင် အရပ်သားများကို နေရပ်ပြန်ရန် ခေါ်ယူခြင်း၊ အပစ်ရပ်ရန် ညှိနှိုင်းခြင်းများ ပြုလုပ်ထားသော်လည်း စစ်ကောင်စီသည် တစုံတရာ တရားဝင် ထုတ်ပြန်ခြင်း မရှိပါ။
စစ်ကောင်စီသည် မတ် ၂၁ ရက်မှ ဇွန် ၁၂ ရက်အထိ ဖြစ်ပွားသည့် တိုက်ပွဲကာလတွင် ဒီးမော့ဆိုမြို့တွင်းရှိ ဘာသာရေး အဆောက်အဦးများ နှင့် လူနေအိမ်များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်သဖြင့် အဆောက်အဦး ပေါင်း ၃၀ နှင့်အထက် ပြိုကျပျက်စီး ထားသည်။
လွိုင်ကော်မြို့၊ ကယန်းသာယာ (တောင်)ကျေးရွာအတွင်းရှိ ဘုရားကျောင်းကိုလည်း စစ်တပ်က ပစ်ခတ်ခဲ့ခြင်းကြောင့် ဘုရားကျောင်းတွင်း စစ်ဘေးရှောင်နေသည့် အရပ်သား ၄ ဦး ထိခိုက်သေဆုံးခဲ့သည်။
ကယားပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် မြို့ပေါ်နှင့် ကျေးရွာပေါင်း ၁၅၀ ကျော်မှ အရပ်သား ၁ သိန်းကျော် သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
You may also like these stories:
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး