ရက္ခိုင့်စစ်တပ် (AA) က ဖမ်းဆီးထားသော ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ရဲတပ်ဖွဲ့ဝင်နှင့် လဝက ဝန်ထမ်း ၁၇ ဦးကို ယနေ့ (ဇွန် ၁၆ ရက်) ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ယနေ့ ပြန်လွတ်လာသည့် ၁၇ ဦးကို AA က ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အစပ် တနေရာတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ရသေ့တောင်မြို့နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းတခုမှ အမည်မဖော်လိုသူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ဒီနေ့ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် ရေစိုးချောင်းကျေးရွာ အနီးဝန်းကျင်က နေရာတခုမှာ ရွှေနဒီရေယာဉ် ပေါ်က ဖမ်းဆီးထားတဲ့ ရဲနဲ့လဝက ဝန်ထမ်းတွေကို ပြန်လွှတ်ပေးလိုက်တယ်။ အားလုံး ၁၇ ဦးလို့ သိရတယ်။ အသေးစိတ် အခြေအနေကိုတော့ ကျနော်တို့လည်း မသိဘူး” ဟု ဆိုသည်။
ထိုကဲ့သို့ ၁၇ ဦး ပြန်လွတ်လာသည် ဆိုသော်လည်း ရဲတပ်ဖွဲ့ဝင် မည်မျှ၊ လဝက မည်မျှ ဆိုသည့် စာရင်း အတိအကျကို မ သိရှိရသလို ပြန်လွတ်လာပုံ အသေးစိတ်ကိုလည်း မသိရှိကြောင်း ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း ရွှေနဒီရေယာဉ်ပေါ်မှ ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင် တချို့ကို AA က ပြန်လွှတ်ပေး မှုများ ရှိခဲ့သော်လည်း အရေအတွက် အတိကျကို မသိရှိရပါ။
ယနေ့ ရွှေနဒီရေယာဉ်ပေါ်မှ ဖမ်းဆီးခံတချို့ ပြန်လွတ်လာသည့် ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေအရာရှိ ဦးလှသိန်းအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် မသိ ရှိသေးကြောင်း၊ တပ်ပိုင်းဆိုင်ရာနှင့် ရဲတပ်ဖွဲ့ကိုသာ ဆက်သွယ်မေးမြန်းရန် ပြောဆိုခဲ့သည်။
ထို့အတူ ပြန်လွတ်ပေးသည့် ကိစ္စနှင့်ပတ်သက်၍ AA ဘက်ကရော၊ စစ်တပ်ဘက်ကပါ တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသလို ဆက်သွယ်မေးမြန်း၍လည်း မရခဲ့ပါ။
ပြီးခဲ့သည့် ၂၀၁၉ အောက်တိုဘာ ၂၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဘူးသီးတောင်သို့ မေယုမြစ်အတိုင်း ပြေးဆွဲနေ သည့် ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်အလွန် ရေမျက်ကျေးရွာအနီးတွင် AA တပ်ဖွဲ့ဝင်များက ဟန့်တားပြီး ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖမ်းဆီးခံရမှု ဖြစ်စဉ်တွင် စစ်တပ်အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လဝကဝန်ထမ်းနှင့် အရပ်သား အပါအဝင် လူပေါင်း ၅၈ ဦး ဖမ်းဆီးခံရပြီး ထိုအထဲမှ တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ကို ပြန်လည် ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုစဉ်က စစ်တပ်ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။
AA ဘက်ကလည်း ထိုသို့ ဖမ်းဆီးခဲ့ပြီး ၁၀ ရက်အကြာ ၂၀၁၉ နိုဝင်ဘာ ၅ ရက်တွင် အရပ်သား ၂၅ ဦးကို ဘူးသီးတောင်မြို့ နယ်၊ ငွေတောင်ကျေးရွာ၏ ရပ်မိရပ်ဖများထံ လွှဲပြောင်းပြီး ပြန်လွှတ်ပေးခဲ့သည်။
အဆိုပါ ဖမ်းဆီးမှု ဖြစ်စဉ်ကာလအတွင်း စစ်တပ်က ရဟတ်ယာဉ်များ အသုံးပြုပြီး ပြန်လည် ကယ်တင်မှု ပြုလုပ်ခဲ့သဖြင့် တ ချို့ ပြန်လွတ်မြောက်သွားသလို စက်လှေဖြင့် မြစ်ကူးပြီး ဖမ်းဆီးခံ တပ်ဖွဲ့ဝင်များကို ခေါ်ဆောင်ရာ၌ စစ်ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်သည့်အတွက် AA တပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးခံရသူတချို့ သေဆုံးမှု ရှိခဲ့ကြောင်းလည်း AA က သတင်းထုတ်ပြန်ခဲ့သည်။
စစ်တပ်နှင့် AA ကြား ၂၀၁၈ နိုဝင်ဘာမှ ၂၀၂၀ နှစ်လယ်ပိုင်းအထိ စစ်ရေးပဋိပက္ခများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ ပြီးနောက် ၂၀၂၀ နိုဝင်ဘာတွင် တိုက်ခိုက်မှုများ လုံးဝရပ်ဆိုင်းသွားခဲ့ကာ နှစ်ဖက်ခေါင်းဆောင်များကြား မျက်နှာချင်း ဆိုင် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။
ထို့နောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မတ်လ ၁၁ ရက်တွင် AA ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားခြင်းမှ ပြန်ရုပ်သိမ်းပေးခဲ့သည်။
ထို့ပြင် စစ်ကောင်စီသည် AA နှင့် ပတ်သက်ဆက်နွယ်ခြင်း၊ သံသယရှိခြင်းတို့ကြောင့် အကြမ်းဖက် ဥပဒေပုဒ်မ များဖြင့် တရားရင်ဆိုင်နေရသည့် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ၊ ညီမ၊ ယောက်ဖဖြစ်သူ အပါအဝင် ၁၀ ဦး ကိုလည်း ဇွန်လ ၉ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည်။
You may also like these stories:
AA နဲ့ စစ်တပ်တို့ရဲ့ တခြမ်းပဲ့ ငြိမ်းချမ်းရေး
AA စစ်ဦးစီးချုပ်၏ ညီနှင့်ညီမ အပါအဝင် တရားစွဲခံထားရသူ ၁၀ ဦး ပြန်လွတ်
NUG ရိုဟင်ဂျာမူဝါဒ ရခိုင်တိုင်းရင်းသားများကို ကိုယ်စားမပြုဟု တုံ့ပြန်