စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ချို့ယွင်းခဲ့ရပြီး မျက်လုံးခွဲစိတ်ကုသရန် အရေးပေါ် လိုအပ်နေသော ကိုလျှံဖြိုးအောင်အား ဆေးကုသခွင့်ရရေး အာမခံလျှောက်ရန် မိသားစုက ကြိုးပမ်းနေကြောင်း သိရ သည်။
ယနေ့ (ဇွန် ၁၇) ထောင်တွင်းတရားရုံး၌ စစ်ဆေးရန် ချိန်းဆိုထားသည့် ကိုလျှံဖြိုးအောင်၏ ရုံးချိန်းတွင် မိသားစုက အာမခံ ရရှိရေး လျှောက်လွှာတင်သွင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
သို့သော် အမှုစစ်မည့် တရားသူကြီး ခွင့်ယူထားသည်ဟုဆိုကာ အာမခံလျှောက်လွှာ တင်သွင်းခွင့် မရခဲ့ကြောင်း ကိုလျှံ ဖြိုးအောင်၏ အစ်ကိုဖြစ်သူက ပြောသည်။
၎င်းက “သိန်း ၁၀၀ အာမခံ လူ ၂ ယောက်ရော၊ စစ်ဆေးရုံကနေ ဆေးကုသဖို့ လိုပါတယ်ဆိုတဲ့ ဆေးစာရော၊ ပြီးတော့ စစ်ကောင်စီကို အသနားခံစာ တင်ထားတဲ့ စာရွက်နဲ့ရော ကျနော်တို့က ပူးတွဲပြီးတော့ ဆေးကုသခွင့် တောင်းဆိုဖို့လုပ်တဲ့ အချိန်မှာ တရားသူကြီးက ခွင့်ယူထားတယ်ဆိုတော့ တင်ခွင့်မရဘူးပေါ့” ဟု ရှင်းပြသည်။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ (၁) အရ ဖမ်းဆီးချုပ်နှောင် စွပ်စွဲခံရသူသည် သေဒဏ်ဖြစ်စေ၊ တသက်တကျွန်းဖြစ်စေ၊ စီရင်ထိုက်သော ပြစ်မှုတခုကို ကျူးလွန်ခဲ့ခြင်း မဟုတ်လျှင် ထိုသူကို အာမခံဖြင့် လွှတ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ကိုလျှံဖြိုးအောင်၏ အစ်ကိုက “အာမခံရဖို့ ကြိုးစားပြီးတော့ လုပ်မှာပါ။ ကလေးရဲ့ ကျန်းမာရေး အခြေအနေက သူတို့ကသာ ဖမ်းဆီးချုပ်နှောင်သွားတာ။ အစကတည်းက နေမကောင်းပါဘူးဆိုတာ စစ်ဆေးရုံကမှအစ တရားဝင်ရေးထားတဲ့စာ။ တကယ်လည်း ကလေးက အခက်အခဲ ဖြစ်နေတဲ့အတွက်ကြောင့် လိုအပ်နေတာပေါ့နော်” ဟု ဆက်လက် ပြောဆိုသည်။
အသက် ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင်သည် မကွေးနည်းပညာတက္ကသိုလ်၊ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ ဒုတိယနှစ် ကျောင်းသားတဦးဖြစ်ပြီး မကွေးမြို့တွင် မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွင်းခဲ့မှုကြောင့် ကိုလျှံဖြိုးအောင်သည် မျက်လုံးတဖက် ဆုံးရှုံးခဲ့ရသလို ညာဘက်လက်ပြတ်၊ ဘယ်ဘက်လက်မှာလည်း ကျိုးခဲ့ရုံသာမက ခြေထောက် ၂ ဖက်ကိုလည်း ရာဘာကျည်ဖြင့် အချက်များစွာ ပစ်ခတ်ခံရမှု ကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့သည့် အခြေအနေတွင် တပ်မတော်ဆေးရုံ၌ အကျယ်ချုပ်ဖြင့် ဆေးကုသ ခဲ့ရသည်။
ထိုကဲ့သို့ ကုသနေစဉ် စစ်ကောင်စီက ကိုလျှံဖြိုးအောင်ကို ဧပြီလအတွင်းက ပုဒ်မ ၅၀၅ (က) ဖြင့် စတင် တရားစွဲခဲ့ပြီး မျက်လုံးမှအပ တခြားဒဏ်ရာများ သက်သာပြီဟုဆိုကာ စစ်ဆေးရုံမှ ဇွန် ၇ ရက်နေ့တွင် ဆေးစာ ထွက်ရှိလာပြီးနောက် မကွေးအကျဉ်းထောင်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။
အကျဉ်းထောင် ရောက်ရှိသွားသည့် အချိန်မှစ၍ မိသားစုနှင့် အဆက်အသွယ် မရှိတော့သည့်အတွက် ကိုလျှံဖြိုးအောင်၏ ကျန်းမာရေး အခြေအနေကို စိုးရိမ်နေကြောင်း မိသားစုဝင်များက ဆိုသည်။
“ဖမ်းဆီးထားတဲ့ အချိန်ကတည်းက ဒီနေ့အချိန်ထိ တွေ့ဆုံခွင့် မရဘူး။ ထောင်ဝင်စာကတော့ ဒီနေ့ ပို့လိုက်ရပါတယ်။ မျက်လုံးက အရမ်းကိုက်နေတဲ့အတွက် သူခတ်နေကျ မျက်စဉ်းရယ်၊ သူသောက်နေကျဆေးရယ် ပေးပါဆိုတာတော့ သိရ တယ်။ သူ နေကောင်းလား၊ ဆိုးလားတော့ ကျနော်တို့ မသိရဘူး။ သူက သာမန် ကောင်းသားမွန်သားနဲ့ အဖမ်းခံရတာ မဟုတ်ဘူး။ နေမကောင်း မကျန်းမမာတဲ့ အခြေအနေ၊ ဒုက္ခိတဖြစ်တဲ့ အခြေအနေ ဖမ်းတော့ ကျနော်တို့ မိသားစု က တော်တော်ကို စိုးရိမ်နေပါတယ်။ ဘာဖြစ်လို့ဖြစ်မှန်း သိကိုမသိရတာ” ဟု ကိုလျှံဖြိုးအောင်၏ အစ်ကိုက ပြောသည်။
ကိုလျှံဖြိုးအောင်၏ တခြားဒဏ်ရာများ သက်သာသော်လည်း မျက်စိနှင့် ပတ်သက်၍ တပ်မတော်ဆေးရုံတွင် မျက်စိကုသ နိုင်ခြင်း မရှိသဖြင့် ရန်ကုန်မျက်စိဆေးရုံကြီး၌ ကုသရန် ဆေးစာတွင် ဖော်ပြထားသော်လည်း ဆက်လက်ကုသခွင့် မပေးဘဲ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခံရခြင်း ဖြစ်သည်။
ထို့ပြင် ကိုလျှံဖြိုးအောင်သည် ရာဘာကျည်ဖြင့် အနီးကပ် ပစ်ခတ်ခံရသည့် ဒဏ်ရာများကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်သေးရာ လိုအပ်သည့် လေ့ကျင့်ခန်းများကို ပြုလုပ်ရန် လိုအပ်သေးသည်ဟုလည်း စစ်ဆေးရုံ၏ ဆေးစာတွင် မှတ်ချက် ပြုထားသည်။
ကိုလျှံဖြိုးအောင်အပေါ် အကြမ်းဖက်မှုများကို အဆုံးသတ်ပြီး အရေးပေါ် ဆေးကုသခွင့် ချက်ချင်းပေးရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ၎င်း၏ တွစ်တာအကောင့်တွင် ဇွန်လ ၁၅ ရက်နေ့က ပြောဆိုထားသည်။
မသန်စွမ်းအဖွဲ့အစည်းများ၏ မှတ်တမ်းအရ စစ်ကောင်စီသည် တိုင်းနှင့်ပြည်နယ် တချို့မှ ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူ ၁၅ ဦးခန့်ကို ဖမ်းဆီးထားကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရက်ပေါင်း ၁၀၀ ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် ပြည်သူ ၈၆၅ ဦး သေ ဆုံးခဲ့ပြီး ကိုလျှံဖြိုးအောင် အပါအဝင် လူပေါင်း ၄,၉၆၂ ဖမ်းဆီးချုပ်နှောင်ထားခံရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကောင်စီကြောင့် ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသူ မျက်လုံးခွဲစိတ်ကုသရန် အရေးပေါ်လိုအပ်နေ
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး